Thursday, July 2, 2015

ပြည်ပခရီးသွား လိုအပ်ချက်ကို ဖြည့်ဆည်းရန် ရန်ကုန်ဟိုတယ်ဇုန် လုပ်ငန်းရှင်များ တိုးမြှင့်ဆောင်ရွက်

ရန်ကုန် ဇူလိုင် ၁
ဖွံ့ဖြိုးတိုးတက်လာသည့် ခေတ် စနစ်၏ လိုအပ်မှုကြောင့် ယနေ့ ရန်ကုန်တစ်ခွင်ရှိ ဟိုတယ်ဇုန်များ ၌ ဟိုတယ်အသစ်များ တိုးချဲ့ တည်ဆောက်ခြင်း၊ အခန်းသစ်များထပ်မံတိုးမြှင့်ခြင်း၊ ရှိပြီးသား ဟိုတယ်ခန်းများ ခေတ်မီသပ်ရပ်စွာ မွမ်းမံပြင်ဆင်မှုလုပ်ငန်းများ ထပ်မံ တိုးမြှင့်လုပ်ဆောင်နေသည်ကို တွေ့ရ သည်။

''ဖွံ့ဖြိုးလာတဲ့ ခရီးသွားလုပ် ငန်းဟာ ရန်ကုန်ဟိုတယ်ဇုန်ကို ကြည့်ရင် ပိုပြီးသိသာထင်ရှားလာ တာကို တွေ့ရမှာဖြစ်ပါတယ်။ အခု ဆိုရင် ရန်ကုန်မြို့ရဲ့ အထင်ကရ ဟိုတယ်တွေဟာ အသစ်ထပ်မံ တိုး မြှင့်တာတွေ၊ အခန်းသစ်တွေ ခေတ်မီ အောင် ပြုပြင်မွမ်းမံတာတွေ၊ ဟိုတယ် အသစ်တွေ ပြည်တွင်း၊ ပြည်ပထပ်မံ တိုးချဲ့ တည်ဆောက်တာတွေ ဒီနှစ်တွင်းမှာ ပိုပြီးတော့ များလာတာကို တွေ့ရပါတယ်။ ဒါကလည်း ပြုပြင် ပြောင်းလဲလာတဲ့ ခေတ်စနစ်ကြောင့် ကမ္ဘာလှည့် ခရီးသွားတွေဟာ မြန်မာနိုင်ငံကို မျက်စိ ကျလာတာနဲ့အမျှ တစ်နှစ် ထက်တစ်နှစ်ဟာ မြန်မာနိုင်ငံရဲ့ နိုင်ငံခြားသား ဝင်ရောက်မှုက ပိုများလာ တာပါ''ဟုရန်ကုန်မြို့ ဆမ်းမစ်ပတ်ခ်ဗျူး ဟိုတယ်မှ Human Resource Manager ဦးကိုကိုအောင်က သုံးသပ်ပြောကြားသည်။
ယခုအခါ မြန်မာနိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ပို့ဆောင် ဆက်သွယ်ရေး ကောင်းမှုနှင့် ကမ္ဘာ့အထင်ကရ ဖြစ်တဲ့ ရွှေတိဂုံစေတီမြတ် တည်ရှိရာ ရန်ကုန်မြို့ ရှိ ထပ်မံပြုပြင် တိုးချဲ့သည့် ဟိုတယ်များမှာ ဆီဒိုးနား ဟိုတယ်၊ ချက်ထရီယံ ဟိုတယ်၊ ဆမ်းမစ်ပတ်ခ်ဗျူး ဟိုတယ်နှင့် နာမည်ကြီး ဟိုတယ်အချို့တို့ သည် ပြည်တွင်း/ ပြည်ပ ဟိုတယ် ခရီးသွားလုပ်ငန်း ပိုမို ပွင့်လင်းလာမှုနှင့်အတူ လုပ်ငန်း တွင်ကျယ်လာ ခြင်းကြောင့် ပြုပြင်မွမ်းမံ တိုးချဲ့မှု လုပ်ငန်းများကို အားသွန်ခွန်စိုက် လုပ်ဆောင် နေသည်ကို တွေ့မြင်နေရသည်။
''တစ်နှစ်ထက်တစ်နှစ် မြန်မာနိုင်ငံရဲ့ ခရီးသွား ဝန်ဆောင်မှု လုပ်ငန်းက ပိုမိုတွင်ကျယ်လာတာကို တွေ့ရပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ဒီနှစ်လိုမိုးတွင်း မှာ ခါတိုင်းနှစ်တွေ ဆိုရင် ကျွန်မတို့ ဧည့်လမ်းညွှန်တွေအနေနဲ့ အိမ်မှာ နားရတာတွေ ရှိပါတယ်။ အခုဆိုရင် ပြီးခဲ့တဲ့ နှစ်ကရော အခုနှစ်ပါ ကျွန်မ အခုလို ဇွန်၊ ဇူလိုင်တောင် မနားရပါဘူး။ ပွင့်လင်းရာသီဆိုရင် ပိုပြီးတော့ ပြည်ပ ခရီးသွားလုပ်ငန်းက ပိုများပါတယ်''ဟု ပြည်တွင်း ဧည့်လမ်းညွှန် တစ်ဦးဖြစ်သည့် မမြယမင်းက ဆိုသည်။
ယခုအခါ မြန်မာနိုင်ငံအနေဖြင့် ရန်ကုန်ဟိုတယ်ဇုန်၌ ဟိုတယ်အလုံး ပေါင်း ၂၅၈ လုံး၊ မန္တလေးဟိုတယ်ဇုန်၌ ၁၉၉ လုံး၊ နေပြည်တော် ဟိုတယ်ဇုန်၌ ၅၆ လုံး၊ ပုဂံဟိုတယ်ဇုန်၌ ၁ဝ၂ လုံး၊ ငွေဆောင်ဟိုတယ်ဇုန်၌ ၂၃ သုံး၊ ပဲခူးဟိုတယ်ဇုန်၌ ၄၁လုံး၊ ချောင်းသာဟိုတယ်ဇုန်၌ ၃၂ လုံး၊ ရွှေတြိဂံဇုန်၌ အလုံး ၄ဝ၊ ရှမ်းပြည်နယ်ဇုန်၌ ၁၇၅ လုံး၊ မော်လမြိုင်ဇုန်၌ အလုံး ၆ဝ၊ ရခိုင်ပြည်နယ်ဇုန်၌ ၃၇ လုံးတို့က ပြည်တွင်း/ ပြည်ပခရီးသည်များကို ဝန်ဆောင်မှုပေးလျက် ရှိသည်။
''ကျွန်တော်တို့ ဟိုတယ်အနေနဲ့ကတော့ ဖွံ့ဖြိုးလာတဲ့ ခရီးသွားလုပ်ငန်းနဲ့ ဟန်ချက်ညီစေဖို့ လာမယ့်နှစ်မှာ အခုလက်ရှိဟိုတယ် အပြင်ဘက်ရှိ ကားပါ ကင်ကို ထပ်မံတိုးချဲ့သွားမှာပါ။ ခွင့်ပြုမိန့်လည်းကျပြီ ဖြစ်ပါတယ်။ အခု ဇူလိုင်လထဲမှာ စတင်အကောင်အထည်ဖော် တည်ဆောက်မှာပါ။ စင်ကာပူ နည်းပညာနဲ့ တည်ဆောက်မှာ ဖြစ်ပြီးတော့ လူဦးရေ ၈ဝဝ ဆံ့ခန်းမ၊ အားကစား ခန်းမ၊ ရေကူးကန်၊ Spa၊ အထူးပြုစားသောက်ဆိုင်၊ ဘားနဲ့ အခန်း ၁၈၁ ခန်း ပါဝင်တဲ့ ဟိုတယ်သစ်ကို လာမယ့်နှစ်မှာ အပြီး တည်ဆောက်ဖို့ အခုကတည်း က လုပ်ငန်းတွေ စတင် အကောင်အထည်ဖော် လုပ်ဆောင်နေပါပြီ''ဟု ရန်ကုန်မြို့ ဆမ်းမစ်ပတ်ခ်ဗျူး ဟိုတယ်မှHuman Resource Manager ဦးကိုကို အောင်က ထပ်မံရှင်းပြသည်။
သတင်းမြင်ကွင်း-မောင်စိန်လွင်(မြန်မာ့အလင်း)

ဓာတ်ပုံ-မင်းထက်

No comments:

Post a Comment