၂ဝ၁၄ ခုနှစ် ပြည်လုံးကျွတ်အဆင့် လူဦးရေနှင့်
အိမ်အကြောင်းအရာ သန်းခေါင်စာရင်း ကောက်ယူမှု ရလဒ်များအရ မြန်မာနိုင်ငံ၏ စုစုပေါင်းလူဦးရေမှာ
၅၁ ဒသမ ၄၉ သန်းအနက် အမျိုးသားဦးရေ ၂၄ ဒသမ ၈၂ သန်း၊ အမျိုးသမီးဦးရေ ၂၆ ဒသမ ၆၆ သန်းရှိကြောင်း
သိရှိရပါသည်။
အမျိုးသမီးဦးရေသည် အမျိုးသားဦးရေထက် ၁ ဒသမ ၈၃
သန်း ပို၍များပြီး အမျိုးသမီးဦးရေသည် စုစုပေါင်း လူဦးရေ၏ ၅၁ ဒသမ ၈ ရာခိုင်နှုန်းရှိသည်ဟု
တရားဝင်ကြေညာထားပါသည်။ မြန်မာနိုင်ငံ၏ လူဦးရေ ကျား/မ အချိုးမှာ ၉၃ ဖြစ်၍ အမျိုးသမီးဦးရေ
၁ဝဝ ရှိချိန်တွင် အမျိုးသားဦးရေ ၉၃ ဦး ဖြစ်ကြောင်း သိရ သည်။
မြန်မာနိုင်ငံရှိ ၂၆ ဒသမ ၆၆ သန်းရှိသော အမျိုး
သမီးဦးရေများတွင် အရွယ်ရောက်စနှင့် အရွယ်ရောက်ပြီး သူ မိန်းကလေးများသည် မိမိကိုးကွယ်ရာဘာသာ၏အဆုံးအမ၊
ယဉ်ကျေးမှုဓလေ့ထုံးစံ၊ မိမိကိုယ်မိမိထိန်းသိမ်း ကာကွယ်စောင့်ရှောက်နိုင်မှုများကို မည်မျှအတိုင်းအတာ
အထိ နားလည်သဘောပေါက်၊ လိုက်နာကျင့်သုံးမှုရှိသည် ကို မိမိကိုယ်မိမိ ပြန်လည်ဆန်းစစ် လိုက်နာပြုပြင်သင့်
လှပေသည်။
သမီးအရွယ်ဆိုပါလျှင် သားသမီးဝတ်မည်မျှကျေပွန်
ပါပြီလဲ၊ မိခင်အရွယ်တွင် မိဘဝတ်မည်မျှ ကျေပွန်ပါပြီလဲ၊ အိမ်ထောင်ရှင်အမျိုးသမီးများသည်လည်း
အိမ်ထောင် တာဝန်၊ မိသားစုတာဝန် ကျေပွန်ပါရဲ့လား၊ သမီးကောင်း လား၊ ဇနီးကောင်းလား၊ မိခင်ကောင်းလား၊
ကျောင်းသား ကောင်းလား၊ ဆရာကောင်းလား စသည်ဖြင့် မိမိရောက် ရှိနေသော ''အရွယ်'' ၊''နေရာ''
များတွင် မည်မျှတာဝန် ကျေပွန်သည်လဲ ဆိုတာကို လေ့လာဆန်းစစ်သင့်ပါသည်။
မိန်းမ(အမျိုးသမီး) ဖြစ်သူများအဖို့ ''မိန်းမ၊
မိန်းမ ဆိုတာ ဘာလဲဗျ'' ဆိုသောသီချင်းခေါင်းစဉ်ကို စဉ်းစား ဆင်ခြင်သင့်သည်ဟု ထင်မြင်မိပါသည်။
ထို့ကြောင့် မိန်းမ ဘဝရရှိထားသော အမျိုးသမီးများအနေဖြင့် ''မိန်းမဆိုတာ ဘာလဲ'' ဟူသော
မေးခွန်းကို မှတ်တမ်းတင်စာစုများမှ တစ်ဆင့် ထုတ်နုတ်တင်ပြလိုက်ပါသည်။
'ပုခက်လွှဲသော မိခင်၏ လက်သည် ကမ္ဘာကို လွှမ်းမိုး
နိုင်သည်' ဟုဆိုထားသည်မှာ မိန်းမတစ်ယောက်၏ တန်ဖိုး၊ စွမ်းဆောင်ရည်များကို ဖော်ညွှန်းထားခြင်းပင်
ဖြစ်ပေသည်။
လောက၌ အကြောင်းအကျိုး၊ အကောင်းအဆိုး ဒွန်တွဲလျက်ရှိပေရာ
ဣတ္ထိယခေါ် မိန်းမတို့နှင့်ပတ်သက်၍ ''ဣတ္ထိယခေါ် မိန်းမတို့သည် မရှိမကောင်း၊ ရှိမကောင်း၊
မပေါင်းလည်းခက် ၊ ပေါင်းလည်းခက်'' ဟု ဆိုရိုးစကား ရှိထားသည်။ 'မိန်းမဖျက်တော့၊ ပြည်ပျက်သည်'၊
'မိန်းမ တို့ဘုန်းဆံထုံး'၊ 'မိန်းမကောင်း ပန်းပန်၊ တစ်ပွင့်တန်'၊ 'မိန်းမတို့ဣနြေ္ဒရွှေပေး၍မရ'
စသည်ဖြင့် မိန်းမတို့၏ ကောင်းခြင်း၊ မကောင်းခြင်းများကို မိမိတို့၏အတွေ့အကြုံ များဖြင့်
မှတ်တမ်းတင်ထားကြပေရာ၊ မိန်းမတို့အတွက် ထားရစ်ခဲ့သော 'မှတ်ကျောက်' များပင်လားဟု တွေးထင်
စရာ ဖြစ်ခဲ့ပါသည်။
ထို့ကြောင့် အမျိုးသမီးများအတွက် မှတ်ကျောက်တင်စရာအကျိုးအပြစ်များ၊
ရှောင်ရန်၊ ဆောင်ရန်များ၊ လိုက်နာကျင့်သုံးသင့်သည်များကို 'ဈေးသုံးလည်းမလွယ်နဲ့ ရှေးထုံးလည်းမပယ်နဲ့'
ဟူသော အဆိုရှိသည့်အတိုင်း မှတ်သားစရာများကို လက်လှမ်းမီသမျှ ပျို့လင်္ကာ၊ သုတ်တော်၊ သံယုဂ်ပါဋ္ဌိတော်
စသည်များမှ ကောက်နုတ် တင်ပြလိုပါသည်။
ရှေးဦးစွာ မိန်းမတို့၏ရုပ်ပိုင်းဆိုင်ရာ အသွင်အပြင်
တို့ကို ''စတုဓမ္မသာရပျို့'' တွင် ''မြင့်၊ နိမ့်၊ မည်း၊ ဖြူ၊ ကြုံသူမထင် စင်စစ်အပြစ်
ကြာဝယ်ဖြစ်သို့'' ဟု ဖွဲ့ဆို ထားသည်။ မိန်းမတို့၏ ရုပ်ပိုင်းဆိုင်ရာ အပြစ်(၆)ပါး အနေဖြင့်
(၁) အရပ်မြင့်လွန်းခြင်း၊
(၂) အရပ်နိမ့်လွန်းခြင်း၊
(၃) အသားမည်းလွန်းခြင်း၊
(၄) အသားဖြူလွန်းခြင်း၊
(၅) ပိန်လွန်းခြင်း၊
(၆) ဝလွန်းခြင်းတို့ကို သတ်မှတ်ထားပါသည်။
တစ်ဖန် အမျိုးသမီးများ၏ 'ကောင်းခြင်း(၅)ဖြာ'
ကို လည်း သတ်မှတ်ပေးထားပြန်ပါသည်။ ထိုကောင်းခြင်း (၅)ဖြာတို့သည်ကား
(၁) ဆံပင်၏ကောင်းခြင်း၊ (မည်းနက်၊ ရှည်လျား၊
ဆံလုံးကောင်း၊ အဖျားကော့နေခြင်း)
(ယခုအခါတွင် ဆံပင်ပုံစံမျိုးစုံ၊ အရောင်မျိုးစုံ
ဆိုးနေကြသဖြင့် ဆံပင်၏ကောင်းခြင်း မကောင်းခြင်းကို မဆုံးဖြတ်နိုင်တော့ပေ။)
(၂) အသား၏ကောင်းခြင်း၊ (ရွှေအဆင်းကဲ့သို့ ဝါဝင်း
ညက်ညောခြင်း)
(၃) အရိုး၏ကောင်းခြင်း၊ (ပုလဲစီထားသကဲ့သို့
လှပ ညီညာဖြူဖွေးသော သွားရှိခြင်း)
(၄) အရေ၏ကောင်းခြင်း၊ (ရွှေအဆင်းကဲ့သို့ ကြည်လင်ဝင်းပခြင်း)
(၅) အရွယ်၏ကောင်းခြင်း၊ (အရွယ်တင်ခြင်း၊ အသက်ကြီးသော်လည်း
ရှိသည့် အသက်ထက် ငယ်သည်ဟု မှတ်ထင်ရခြင်း)
စသည်တို့ဖြစ်လေသည်။
မိန်းမသားတို့သည် ယောက်ျားတို့အပေါ်၌ အနိုင်ယူ
လွှမ်းမိုးနိုင်သော 'အားများ'အဖြစ် သံယုဂ်ပါဠိတော်တွင် အောက်ပါအတိုင်း ဖော်ပြထားပါသည်-
(၁) အဆင်းအား (ရုပ်ရည်ချောမောပြေပြစ်ခြင်း)၊
(၂) ဥစ္စာအား (ပစ္စည်းဥစ္စာပြည့်စုံကြွယ်ဝခြင်း)၊
(၃) ဆွေမျိုးအား (ဆွေကြီးမျိုးကြီးဆွေမျိုးအင်အား
တောင့်တင်းခြင်း)၊
(၄) သားသမီးအား (သားသမီးမွေးဖွားနိုင်ခြင်း)၊
(၅) အကျင့်သီလအား (အကျင့်သီလကောင်းမွန်ခြင်း)
စသည်တို့ ဖြစ်ပါသည်။ ထို 'အား' များနှင့် ဆန့်ကျင်ဘက်
ဖြစ်သောအချက်များသည် မိန်းမတို့အပေါ်၌ ယောက်ျား များက မနှစ်သက်သောအချက် (၅)ချက်ရှိသည်ဟု
မှတ်သား ထားသည်ကို ဖော်ပြရပါလျှင်-
(၁) အဆင်းမလှခြင်း၊
(၂) ပစ္စည်းဥစ္စာမဲ့ခြင်း၊
(၃) သီလမရှိခြင်း၊
(၄) သားသမီးမရခြင်း၊
(၅) ပျင်းရိထိုင်းမှိုင်းခြင်း စသည်တို့ဖြစ်ပေသည်။
ထို့ကြောင့် အမျိုးသမီးများအနေဖြင့် ကောင်းသော
အားများစုစည်း၍ မနှစ်သက်ဖွယ် အပြုအမူများမှ ရှောင်ရှားသင့်လှပေသည်။
မိန်းမတို့သည် အရွယ်သုံးပါးစလုံးပင် စောင့်ရှောက်မှု
လိုအပ်ကြောင်း၊ အစောင့်အရှောက်ကင်း၍ မနေသင့် ကြောင်းကို အစောင့်အရှောက်ခံမိန်းမ ရှစ်မျိုးရှိသည်ကို
သတ်မှတ်ထားကြောင်း တင်ပြလိုပါသည်။ ၎င်းရှစ်မျိုးတို့မှာ-
(၁) မိဘနှစ်ပါး စောင့်ရှောက်သောမိန်းမ၊
(၂) မိခင် စောင့်ရှောက်သောမိန်းမ၊
(၃) ဖခင် စောင့်ရှောက်သောမိန်းမ၊
(၄) မောင် စောင့်ရှောက်သော မိန်းမ၊
(၅) အစ်မညီမ စောင့်ရှောက်သောမိန်းမ၊
(၆) ဆွေမျိုးသားချင်း စောင့်ရှောက်သော မိန်းမ၊
(၇) လူမျိုးအနွယ်တူ စောင့်ရှောက်သောမိန်းမ၊
(၈) တရားကျင့်ဖော်(သို့) သီတင်းသုံးဖော် စောင့်ရှောက်သော
မိန်းမ- ဟူ၍ ဖြစ်သည်။
လောက၌ မိန်းမကောင်း၊ မိန်းမမြတ်များရှိသကဲ့သို့
ယုတ်ညံ့သော မကောင်းသောမိန်းမများလည်းရှိသည်မှာ သဘာဝကျပါသည်။ အကောင်းအဆိုးဟူသည် အမြဲပင်
ဒွန်တွဲလျက်ရှိပေရာ မြင့်မြတ်ခြင်းနှင့် ယုတ်ညံ့ခြင်းတို့ သည်လည်း ယှဉ်တွဲလျက်ရှိတတ်ပေသည်။
'မြင့်မြတ်သည်' ဟု ဆိုရာတွင် အသိစိတ်ဓာတ်၊ ဥာဏ်ပညာ၊ ကျင့်ကြံ နေထိုင်မှုများနှင့် သက်ဆိုင်သည်ဟု
မှတ်ယူမိပါသည်။
မိမိပတ်ဝန်းကျင်က မည်မျှပင်ကောင်းကောင်း အသိ
စိတ်ဓာတ်နှင့် ခံယူကျင့်ကြံမှသာ မြင့်မြတ်သောအကျင့်ကို ကျင့်သုံးနိုင်ပေမည်။ အမျိုးသမီးများအတွက်
လိုက်နာ ကျင့်သုံးရမည့်ကျင့်ဝတ်များ၊ ထိန်းသိမ်းစောင့်ရှောက်ရမည့် ဝတ္တရားများစသည်တို့သည်
မြတ်စွာဘုရား လက်ထက်တော် မှစ၍ ခေတ်အဆက်ဆက်သတ်မှတ်ခဲ့ကြ၊ လိုက်နာ စောင့်ထိန်းခဲ့ကြသဖြင့်
ယဉ်ကျေးမှုဆိုင်ရာ ကျင့်ဝတ်များ အဖြစ် ယနေ့တိုင် တည်ရှိနေပေသည်။
ခေတ်ကာလများ လျင်မြန်စွာပြောင်းလဲသည်နှင့်အမျှ
ခေတ်ရေစီးကြောင်းအတိုင်း မျောပါမသွားဘဲ မိမိတို့၏ ရိုးရာယဉ်ကျေးမှု၊ ဘာသာတရား၏ အဆုံးအမအတိုင်း
နေထိုင်ကျင့်ကြံသွားရမည်မှာ မြန်မာမိန်းကလေးတိုင်း၏ တာဝန်ဖြစ်ပေသည်။ မိန်းမသားတို့အတွက်
ဆင်ခြင်စရာ အချက်များအနေဖြင့် လူအမျိုးမျိုးနှင့် ဆက်ဆံကြရာတွင် သင့်တင့်မျှတစွာဖြင့်
ပြောဆို နေထိုင်ပြီး စည်းကမ်းဘောင်ကို မကျော်လွန်အောင် ထိန်းသိမ်းသင့်လှပေသည်။ မြန်မာ
မိန်းကလေးများ စောင့်ထိန်းအပ်သော ကိုယ်ကျင့်တရားများ ကို အတတ်နိုင်ဆုံး ထိန်းသိမ်းထားနိုင်ပါမှ
တော်ကာကျပေ မည်။
ရှေးမြန်မာမင်းများ လက်ထက်ကပင် အမျိုးသမီးများ
သည် လောလငါးပါး တည်းဟူသော လျှပ်ပေါ်လော်လည်မှု ငါးမျိုးကို ရှောင်ရှားကြရပေသည်။ ဤလောလငါးပါး
ကို မလွန်ကျူးမိစေရန်အတွက် မိဖုရားခေါင်ကြီးက ဦးဆောင် ၍ အဆင့်ဆင့်သော မိဖုရားများ၊
ကိုယ်လုပ်တော်များ၊ အပျိုတော်များမှအစ နန်းတွင်းသူအားလုံးကို ကြပ်ကြပ် မတ်မတ်ထိန်းသိမ်းစေကြောင်း
မှတ်သားမိပါသည်။ ကိုရီး ယားနန်းတွင်းဇာတ်လမ်းများတွင်လည်း အဆင့်ဆင့် ထိန်းကျောင်းမှုစနစ်ကို
တွေ့မြင်ရပေသည်။
ရှေးမြန်မာတို့တွင်လည်း ထိုသို့ထိန်းကျောင်းမှုရှိသည်
ကို တင်ပြရပါလျှင်-
(က) ပုရိသလောလ
မိမိခင်ပွန်း၊ လင်သားမှ တစ်ပါးဖြစ်သော ယောက်ျားများနှင့်
ဆက်ဆံရာတွင် ထွေးရော ယှက်တင် ပေါင်းသင်း ဆက်ဆံခြင်းဖြင့် လျှပ်ပေါ်လော်လည်မှု။
(ခ) သူရာလောလ
မူးယစ်စေသော သေရည်သေရက်တို့ကို သောက်စား မူးယစ်ခြင်းအားဖြင့်
လျှပ်ပေါ်လော်လည်မှု။
(ဂ) ဝိကာလလောလ
ခရီးသွားရာတွင် အချိန်အခါမဟုတ်ဘဲ၊ အကြောင်း
ကိစ္စမဟုတ်ဘဲသွားလာခြင်း တည်းဟူသော လျှပ်ပေါ် လော်လည်မှု။
(ဃ) အလင်္ကာရလောလ
မိမိနှင့်ထိုက်တန်သည်ထက် ကျော်လွန်သော ဝတ်စား
ဆင်ယင်ခြင်း၊ မပလွှားသင့်သောနေရာ၌ အဆင်တန်ဆာ တို့ဖြင့် ဝတ်စားပလွှားခြင်း၊ စည်းကမ်းမထားဘဲ
ဝတ်ဆင် ခြင်းတို့ဖြင့် လျှပ်ပေါ်လော်လည်မှု။
(င) အာမိသလောလ
အာဟာရစားသောက်ရာ၌ အတိုင်းအဆထက်ကျော် လွန်၍ သုံးဖြုန်းစားသောက်ခြင်းဖြင့်
လျှပ်ပေါ်လော်လည်မှု စသည်တို့ဖြစ်ပေသည်။
အထက်ပါတို့ကို အနည်းငယ် အကျယ်ချဲ့တင်ပြလို ပါသည်။
ယနေ့အချိန်အခါသည် နိုင်ငံတကာအဖွဲ့အစည်း များနှင့်ကူးလူးဆက်ဆံနေသောအချိန်ဖြစ်သည်။ လူမျိုး
ပေါင်းစုံ၊ သာယာပေါင်းစုံတို့လည်း ပါဝင်နေပေသည်။ မြန်မာနိုင်ငံတွင် ယောက်ျားနှင့်မိန်းမတန်းတူအခွင့်အရေး
ရကာ ယောက်ျားများနှင့်ရင်ပေါင်တန်း၍ နေရာဌာနမျိုးစုံ တို့တွင် ဝင်ရောက်တာဝန်ယူလုပ်ကိုင်နေကြသော
အမျိုး သမီးများအနေဖြင့် ယောက်ျားများနှင့် 'တန်းတူ'ဆိုသော် လည်း 'မိန်းမသည်မိန်းမ'သာဖြစ်သည်ကို
သတိတရား လက်ကိုင်ထား၍ နှလုံးသွင်းဆင်ခြင်နိုင်ဖို့ လိုပေသည်။
'ဆူးပေါ်ဖက်ကျ ဖက်ပေါက်၊ ဖက်ပေါ်ဆူးကျ ဖက် ပေါက်'
ဆိုသည့်စကားအတိုင်း အရှက်တရား၊ အကြောက် တရားတို့ဖြင့် မိမိကိုယ်ကိုယ် ထိန်းသိမ်းစောင့်ရှောက်သင့်
လှပေသည်။ ရင်းနှီးကျွမ်းဝင်မှုသည် အတိုင်းအတာတစ်ခု ထားသင့်သည်။ ခင်မင်မှုစည်းရိုးကိုကျော်လွန်၍
မဖြစ်သင့် သည်များဖြစ်လာနိုင်သဖြင့် 'ပုရိသလောလ' ကို မကျူးလွန် မိအောင် ထိန်းသိမ်းကြဖို့
လိုအပ်လှပေသည်။
'နိုင်ငံတကာ ရုပ်ရှင်ကားများမှအတုယူ၍ မိန်းကလေး
များ ညကလပ်များသို့သွားခြင်း၊ ဘီယာစသည်တို့ သောက်သုံးခြင်း၊ မူးယစ်စေတတ်သော အဖျော်ယမကာ
အမျိုးမျိုး၊ ဆေးအမျိုးမျိုးအသုံးပြုခြင်း၊ မြန်မာ့ယဉ်ကျေးမှု နှင့်လုံးဝဆန့်ကျင်သော
အပြုအမူများပြုလုပ်ခြင်းသည် မိန်းကလေးများအတွက် အန္တရာယ်တွင်းသို့ သက်ဆင်းနိုင် ပေသည်။
ပြင်ပလောကတွင် ရဲဝံ့စွာ သွားလာလှုပ်ရှားခြင်း၊ တာဝန်မှအပ မိုးချုပ်နေဝင် လည်ပတ်ခြင်းတို့သည်
အန္တရာယ်ကိုဖိတ်ခေါ်သကဲ့သို့ဖြစ်သဖြင့် မိမိသွားမည့် အချိန်၊ မိမိသွားမည့်နေရာသည် အန္တရာယ်ရှိနိုင်၊
မရှိနိုင် စဉ်းစားဆင်ခြင်ပြီးသွားသင့်သည်။ မဖြစ်မနေသွားရပါက လည်း မိသားစုဝင်၊ မိတ်ဆွေစသည့်
အဖော်နှင့်သွားသင့် ပေသည်။ ထိုမှသာ 'သူရာလောလ'၊ 'ဝိကာလလောလ'များကို မကျူးလွန်ရာရောက်ပေသည်။
'ဝတ်စားဆင်ယင်အလှပြုပြင်ရာတွင်လည်း ခေတ်မီ သည်ထက်
ခေတ်ဆန်ခြင်း၊ ခေတ်ရှေ့ပြေးနေခြင်းက ပိုလွန်နေသဖြင့် 'အလင်္ကာရလောလ'ကို အများဆုံးကျူးလွန်
နေကြောင်းတွေ့ရှိရပေသည်။ သူ့နေရာနှင့်သူ ဝတ်စား တတ်ဖို့ လိုအပ်လှပေသည်။ ယခုအခါ ချက်ပေါ်ဘောင်းဘီ
များ၊ မလုံ့တလုံဝတ်ဆင်မှုများကိုနေရာမရွေးဝတ်ဆင် သွားလာနေသည်ကိုတွေ့မြင်နေရသဖြင့် မိမိရိုးရာဝတ်စုံ
များပျောက်ကွယ်မည်ကိုတွေး၍ စိုးရိမ်ပူပန်မိပါသည်။ ဝတ်စားဆင်ယင်မှုနှင့်ဆက်နွှယ်၍ ကုန်ကျစရိတ်များ
အတွက် တွေးခေါ်မြော်မြင်ရင်လေးရပါသည်။ မျိုးချစ် စိတ်ဓာတ်ဖြင့် ထိန်းထိန်းသိမ်းသိမ်း
ဝတ်ဆင်သင့်ပါသည်။
ယခင်က မြန်မာတို့သည် မိမိတို့၏ရိုးရာအစားအစာ
များဖြစ်သော မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲစသည်တို့ကိုသာ အပြင်ဆိုင်များတွင်စားလေ့ရှိကြပါသည်။
ယခုအခါ နိုင်ငံ တကာနှင့်ကူးလူးဆက်ဆံသောအခါဖြစ်၍ အရှေ့တိုင်း၊ အနောက်တိုင်း စားစရာမျိုးစုံ၊
ဆိုင်မျိုးစုံဖွင့်လှစ်လာသည့် အတွက် ပေါင်းသင်းဆက်ဆံရေးအနေဖြင့် အပြင် စားသောက်ဆိုင်များတွင်
စားတတ်သည့်အလေ့အထများရှိ လာသည်ကို အပြစ်ဟုမဆိုသာသော်လည်း ကုန်ကျစရိတ် များသည်မှာ အမှန်ပင်ဖြစ်သည်။
မိမိအိမ်၊ မိမိကိုယ်တိုင် သန့်ရှင်းစွာချက်ပြုတ်စား
သောက်ခြင်းသည် အန္တရာယ်အကင်းဆုံးဖြစ်သည့်အပြင် မိသားစုအချင်းချင်း ပိုမိုချစ်ခင်ခြင်း၊
စည်းလုံးညီညွတ်ခြင်း၊ ကုန်ကျစရိတ်သက်သာခြင်းစသည့်မိသားစုတန်ဖိုးကို အပြည့်အဝရရှိနိုင်ပေသည်။
အချိန်ကုန်လည်း သက်သာ၍ အကျိုးရှိသောအလုပ်များကို ပိုမိုလုပ်ကိုင်နိုင်ပေသည်။
ရှေးလူကြီးများဆိုစကားထားခဲ့သော လောလငါးပါး
သည် ရှေးထုံးဟုဆိုရသော်လည်း ယနေ့တိုင် ခေတ်မီ မှန်ကန်နေပေသည်။ ဉာဏ်ဖြင့်စဉ်းစားသုံးသပ်၍
လေးစား စွာလိုက်နာကျင့်သုံးနိုင်ပါက မိသားစုဘဝသာယာရေး၊ အမျိုးသမီးများဘဝသည် ဂုဏ်သိက္ခာရှိရှိ၊
အဆင့်အတန်း မြင့်မြင့်၊ သန့်ရှင်းလုံခြုံသောဘဝများကိုရရှိနိုင်ရေး၊ တန်ဖိုး ရှိသောလမ်းညွှန်ချက်များဟုဆိုလျှင်
မှားအံ့မထင်ပါ။
အိမ်ထောင်ရှင်မိန်းမများအတွက် ဆောင်ရန်၊ ရှောင်
ရန်အချက်များကို ဓမ္မပဒတွင် ပါရှိသော ဝိသာခါဝတ္ထု၌ တွေ့ရှိရပါသည်။ ဝိသာခါဝတ္ထု၌ ယောက္ခမအိမ်သို့
လိုက်ပါနေထိုင်မည့် ဝိသာခါသတို့သမီးအား ဖခင်ဖြစ်သူက ဆုံးမမှာကြားသော စကား အချက်အလက်များပင်
ဖြစ်ပါ သည်။
'ယောက္ခမအိမ်သို့ လိုက်နေမည့် ချွေးမ(ဝါ) လင်အိမ်၌
လိုက်ပါနေသော မိန်းမတို့သည် အကြောင်းအရာ (၁ဝ)ပါးကိုလိုက်နာသင့်သည်ဟု ရေးသားဖော်ပြထားပါသည်။
(၁) အတွင်းမီးကိုအပြင်သို့မယူအပ် (မိမိလင် ယောက်ျား/ယောက္ခမတို့၏
မကောင်းသတင်း ကို အပြင်၌ ပြောဆိုခြင်းမပြုရ။ ကွယ်ရာပြော တော့ အတင်းမဖြစ်စေလိုသော သဘော။)
(၂) အပြင်မီးကို အတွင်းသို့မယူအပ်။ (မိမိလင်
ယောက်ျား/ယောက္ခမတို့၏ မကောင်းသတင်း ကို ဘေးပတ်ဝန်းကျင်မှ ပြောဆိုသောအကြောင်း အရာများကို
အိမ်အတွင်း၌ ပြောဆိုခြင်းမပြုရ။)
(၃) ပေးကမ်းသူကိုသာပေးကမ်းအပ်၏။ (အိမ်တွင်း
ပစ္စည်းတို့ကိုငှားရမ်းပြီး အမှတ်တရပြန်ပေးသူ ကိုသာ ငှားရမ်းပေးကမ်းရမည်။)
(၄) မပေးကမ်းသူကို မပေးကမ်းအပ်။ (အိမ်တွင်း
ပစ္စည်းတို့ကိုငှားရမ်းပြီး အမေ့ခံလျက် ပြန်မပေး သူတို့ကို ငှားရမ်းပေးကမ်းခြင်းမပြုရ။)
(၅) ပေးကမ်းသူတို့ကို လည်းကောင်း၊ မပေးကမ်းသူ
တို့ကိုလည်းကောင်း ပေးကမ်းအပ်၏။
(ဆင်းရဲနွမ်းပါးသူတို့က ငွေကြေးဥစ္စာချေးငှားကြသော
အခါ ပြန်ပေးနိုင်သည်ဖြစ်စေ၊ မပေးနိုင်သည်ဖြစ်စေ၊ ချေးငှားပေးကမ်းရမည်။)
(၆) ချမ်းသာစွာနေထိုင်ရမည်။
(လင်ယောက်ျား၊ မိဘ၊ ယောက္ခမတို့ထက် မြင့်သော၊
မြတ်သောနေရာ၌ မနေထိုင်ရ။)
(၇) ချမ်းသာစွာ စားသောက်အပ်၏။
(လင်ယောက်ျား၊ မိဘတို့ထက် ရှေးဦးစွာ အစား အစာတို့ကို
ဦးဦးဖျားဖျားမစားရ။)
စာမျက်နှာ ၁၁ ကော်လံ ၁ သို့စာမျက်နှာ ၁ဝ မှ
(၈) ချမ်းသာစွာ အိပ်ရမည်။
(လင်ယောက်ျား၊ မိဘတို့ထက် ရှေးဦးစောစီး စွာ
မအိပ်သင့်၊ မအိပ်ရ။)
(၉) မီးကို လုပ်ကျွေးအပ်၏။
(လင်ယောက်ျား၊ ယောက္ခမတို့ကို မီးကဲ့သို့ ရိုသေ
ကြောက်ရွံ့လုပ်ကျွေးရမည်။)
(၁ဝ) အိမ်တွင်းနတ်ကို ရှိခိုးအပ်၏။
(လင်ယောက်ျား၊ ယောက္ခမတို့ကို တန်ခိုး ကြီးမားသော
နတ်ကဲ့သို့ လေးစားရိုသေ ပူဇော်ရမည်ဟူ၍ ဖြစ်ပါသည်။)
အိမ်ထောင်ရှင်အမျိုးသမီးများ လိုက်နာစောင့်ထိန်း
ရမည့် ဝတ္တရားများကိုလည်း 'မဃဒေဝ' တွင် အောက်ပါ အတိုင်း ဖော်ပြထားပါသည်။
(၁) လင်အိပ်ရာမထမီ ဦးစွာအိပ်ရာမှထခြင်း၊
(၂) လင်အိပ်ရာဝင်ပြီးနောက်မှ အိပ်ခြင်း၊
(၃) လင့်အကြိုက် အလိုက်သိစွာ ပြုမူနေထိုင် ခြင်း၊
(၄) ပီယဝါစာချစ်ဖွယ်သောစကားကိုသာ ပြောဆို လေ့ရှိခြင်း၊
(၅) ဘာလုပ်ပေးရမလဲ စသည်ဖြင့် မေးမြန်းလေ့ ရှိခြင်း၊
(၆) မိမိလင်ယောက်ျားမှတစ်ပါး အခြားသော အမျိုးသားတို့ကို
စိတ်ဖြင့်ပင် မပြစ်မှားခြင်း စသည်တို့ ဖြစ်ပေသည်။
အထက်ဖော်ပြပါအချက်များသည် ယနေ့ခေတ် ကာလနှင့်
အံဝင်ဂွင်ကျမရှိ၊ ဒိတ်အောက်နေပြီဟု ဆိုလိုက ဆိုကြပေမည်။ သို့သော် သေချာစွာလေ့လာကြည့်ပါက
လင်ယောက်ျား၊ ယောက္ခမ စသည်တို့၏ မေတ္တာကို အပြည့် အဝရယူနိုင်သော 'လင်ချစ်ဆေး' သဖွယ် ဖြစ်နေသည်ကို
တွေ့ရပေမည်။
အမျိုးသမီးများအပေါ်တွင် အမျိုးသားများက မည်ကဲ့
သို့သော သဘောထားရမည်ကို မြတ်စွာဘုရားက အရှင် အာနန္ဒာအား အထူးဟောခဲ့ဖူးသည့် တရားတစ်ပုဒ်တွင်
'အသက်ကြီးသော အမျိုးသမီးများကို မြင်သည့်အခါ 'မိခင်'ဟု မှတ်ယူရမည်။ အသက်အတန်သာကြီးသည့်
သူများကို အစ်မ၊ အသက်အတန်ငယ်သူများကို နှမ ဟူသောအမှတ်ဖြင့် စိတ်တွင်မှတ်သား၍ လက်ခံရမည်'ဟူ၏
ဖြစ်ပါသည်။
မြန်မာအမျိုးသမီးများသည် ဘာသာ၏အဆုံးအမ အရသော်လည်းကောင်း၊
လူ့ဘောင်အဖွဲ့အစည်း၏ လွတ်လပ်သော၊ သဟဇာတဖြစ်သော အစဉ်အလာအရ သော်လည်းကောင်း၊ တန်းတူအခွင့်အရေးရသူများ
ဖြစ်ကြလေသည်။ မြန်မာတို့သည် မိခင်ကို အထွတ် အမြတ်ထားသောသူများဖြစ်ခြင်းက ခိုင်မာသော
သက်သေပင်ဖြစ်သည်။ မိခင်သည် ဖခင်နှင့်တန်းတူရည်တူ တာဝန်ခွဲဝေ၍ မိသားစုကို စောင့်ရှောက်ထိန်းသိမ်းနိုင်သူ
ဖြစ်သည်။
မြန်မာအမျိုးသမီးများအနေဖြင့် ဘာသာရေး၏အဆုံး
အမများ၊ မိရိုးဖလာဓလေ့စရိုက်များ၊ ကျင့်ဝတ်သိက္ခာ များ၊ မြင့်မားသိမ်မွေ့သော ယဉ်ကျေးမှုဆိုင်ရာ
ကန့်သတ် ချက်များအလယ်၌ အလွန်တန်ဖိုးရှိစွာ၊ သိက္ခာရှိရှိ၊ အဆင့်အတန်းမြင့်မားစွာနေနိုင်ရန်
မိမိကိုယ်တိုင် ဥာဏ်ပညာဖြင့်ယှဉ်၍ လိုက်နာကျင့်သုံး ထိန်းသိမ်း စောင့်ရှောက်ကြရမည်သာ
ဖြစ်ပေသည်။
အမျိုးသမီးများသည် မိဘအတွက် သမီးကောင်း၊ သားသမီးအတွက်
မိခင်ကောင်း၊ ခင်ပွန်းသည်အတွက် ဇနီးကောင်း၊ နိုင်ငံအတွက် နိုင်ငံ့သမီးကောင်းများ ဖြစ်နိုင်ကြစေရန်
ရည်ရွယ်၍ အမျိုးသမီးများအတွက် မှတ်သားသင့်သည်များ၊ လိုက်နာကျင့်သုံးသင့်သည် များကို
လက်လှမ်းမီသရွေ့ စုစည်းတင်ပြရင်း နှစ်စဉ် ဇူလိုင်လ ၃ ရက်နေ့တွင် ကျရောက်သော 'မြန်မာ
အမျိုးသမီးများနေ့' ကို ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။
မြန်မာ အမျိုးသမီးများဘဝ ထာဝစဉ်မြင့်မား တိုးတက်၍
ကဏ္ဍတိုင်းအတွက် ''သမီးကောင်း''များ ဖြစ်နိုင်ကြပါစေ။ သိက္ခာရှိ၍ မြင့်မြတ်သော အမျိုးသမီး
ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေ။ ။
မေသက်ထားဦး
No comments:
Post a Comment