Thursday, July 2, 2015

ပိန္နဲတောင်၊ အောင်လံ၊ ဟိုင်းကြီးကျွန်းနှင့် ငပုတော ရုပ်သံထပ်ဆင့်လွှင့် စက်ရုံများမှ ဒီဂျစ်တယ်စနစ် (DVB-T2) ဖြင့် စတင်၍ စမ်းသပ် ထုတ်လွှင့်လျက်ရှိ

နေပြည်တော် ဇူလိုင် ၁
မြန်မာ့အသံနှင့် ရုပ်မြင်သံကြားသည် Analogue စနစ်မှ Digital စနစ်သို့ အသွင်ကူးပြောင်း ထုတ်လွှင့်နိုင်ရေး စီစဉ် ဆောင်ရွက်လျက် ရှိရာ ပထမအဆင့် ဖြစ်သည့် စစ်ကိုင်း၊ ပျဉ်းမနား(နေပြည်တော်)၊ တပ်ကုန်း (နေပြည်တော်)နှင့် ရန်ကုန်တို့တွင် DVB-T2 စနစ်ဖြင့် ၁၅-၁၀-၂၀၁၃ ရက်နေ့တွင် စတင်ထုတ်လွှင်ခဲ့ပါသည်။ ဒုတိယအဆင့် ရုပ်သံ ထပ်ဆင့်လွှင့်စက်ရုံ ၂၂ ရုံဖြစ်သည့် မော်လမြိုင်၊ ဘားအံ၊ မိတ္ထီလာ၊ တောင်ငူ၊ တောင်ကြီး၊ ပုသိမ်၊ ကျောင်းကုန်း၊ မင်းဘူး၊ ပုပ္ပါး၊ စစ်တွေ၊ ပြည်၊ ပဲခူး၊ လွိုင်ကော်၊ လားရှိုး၊ ညောင်လေးပင်၊ မုံရွာ၊ မြစ်ကြီးနား၊ ကျိုင်းတုံ၊ မြိတ်၊ ကနေဒီ၊ ဖလမ်းနှင့် ဟင်္သာတရုပ်သံစက်ရုံတို့တွင် DVB-T2 စနစ်ဖြင့် ထုတ်လွှင့်မှုများ ဆောင်ရွက်ခဲ့ပြီး ဖြစ်သည်။

၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်၊ တတိယအဆင့် ဆောင်ရွက်သွားမည့် ရုပ်သံ ထပ်ဆင့်လွှင့်စက်ရုံ ၆၉ ရုံအနက် ပိန္နဲတောင်စက်ရုံတွင် DVB-T2 ရုပ်သံ ထပ်ဆင့်လွှင့်စက်နှင့် Antenna တပ်ဆင်ခြင်းတို့ကို ၁၆-၅-၂၀၁၅ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ၁-၆-၂၀၁၅ ရက်နေ့တွင် ပြီးစီးခဲ့ပြီး ယင်းရက်နေ့မှ စတင်၍ လွှင့်အား 3KW၊ လှိုင်းနှုန်းချန်နယ် (E-22) ဖြင့် ဒီဂျစ်တယ်ရုပ်သံလိုင်းများ စမ်းသပ်ထုတ်လွှင့်လျက်ရှိပါသည်။ အဆိုပါစက်ရုံမှ ထုတ်လွှင့်မှုကို စက်ရုံ၏ အရှေ့ဘက်တွင် မအီအထိ လည်းကောင်း၊ အနောက်ဘက်တွင် ကျောက်ဖြူအထိ လည်းကောင်း၊ တောင်ဘက်တွင် မာန်အောင်မြို့ ရွာမကျေးရွာအထိလည်းကောင်း၊ မြောက်ဘက်တွင် အဝပြင်ကျေးရွာအထိ လည်းကောင်း ကောင်းမွန်စွာ ဖမ်းယူရရှိနိုင်သည်။
အောင်လံစက်ရုံ၌ DVB-T2 လွှင့်စက်နှင့် Antenna တပ်ဆင်ခြင်း လုပ်ငန်းကို ၂၀-၅-၂၀၁၅ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ၉-၆-၂၀၁၅ ရက်နေ့တွင် ပြီးစီးခဲ့ပြီး ယင်းရက်နေ့မှ စတင်၍လွှင့်အား 600 W၊ လှိုင်းနှုန်း (E-30)ဖြင့် ဒီဂျစ်တယ်ရုပ်သံလိုင်းများ စမ်းသပ်ထုတ်လွှင့်လျက်ရှိပါသည်။ အဆိုပါ စက်ရုံမှထုတ်လွှင့်မှုကို စက်ရုံ၏ အရှေ့ဘက် ကျောက်ပတောင်း ကျေးရွာအထိ လည်းကောင်း၊ အနောက်ဘက်တွင် သရက်မြို့၊ တလပါကျေးရွာအထိ လည်းကောင်း၊ တောင်ဘက်တွင် ပြလို့ကျေးရွာအထိလည်းကောင်း၊ မြောက်ဘက်တွင် ဧကရာဇ်ကျေးရွာအထိ လည်းကောင်း ကောင်းမွန်စွာ ဖမ်းယူရရှိနိုင်သည်။
ဟိုင်းကြီးကျွန်းစက်ရုံ၌ DVB-T2 လွှင့်စက်နှင့် Antenna တပ်ဆင်ခြင်းလုပ်ငန်းကို ၂-၆-၂၀၁၅ ရက်နေ့တွင် ပြီးစီးခဲ့ပြီး ယင်းရက်နေ့မှစတင်၍ လွှင့်အား 300 W၊ လှိုင်းနှုန်း (E-21) ဖြင့် ဒီဂျစ်တယ်ရုပ်သံလိုင်းများ စမ်းသပ်ထုတ်လွှင့်လျက်ရှိသည်။
အဆိုပါစက်ရုံမှ ထုတ်လွှင့်မှုကို စက်ရုံ၏ အရှေ့မြောက်ဘက် ရဲခေါင်ကြီး၊ ကျုံကူးကျေးရွာများအထိ လည်းကောင်း၊ အနောက်ဘက်တွင် ဇီးချိုင်ကျေးရွာအထိ လည်းကောင်း၊ အနောက်တောင်ဘက်တွင် သက္ကယ်သောင် ကျေးရွာအထိ လည်းကောင်း၊ တောင်ဘက်တွင် လိပ်ကျွန်း၊ မီးပြကြီးအနီး ပင်လယ်တွင်း မိုင် ၂၀ အထိ လည်းကောင်း၊ မြောက်ဘက်တွင် ညောင်ဝိုင်း၊ ဖောင်တိုးကျေးရွာများအထိ လည်းကောင်း ကောင်းမွန်စွာ ဖမ်းယူရရှိနိုင်သည်။
ငပုတောစက်ရုံ၌ DVB-T2 လွှင့်စက်နှင့် Antenna တပ်ဆင်ခြင်း လုပ်ငန်းကို ၁၆-၆-၂၀၁၅ ရက်နေ့က စတင်ဆောင်ရွက်ခဲ့ရာ ၂၀-၆-၂၀၁၅ ရက်နေ့တွင် ပြီးစီးခဲ့ပြီး ယင်းရက်နေ့မှစတင်၍ လွှင့်အား 300 W၊ လှိုင်းနှုန်း (E-37)ဖြင့် ဒီဂျစ်တယ် ရုပ်သံလိုင်းများ စမ်းသပ် ထုတ်လွှင့်လျက် ရှိပါသည်။
အဆိုပါစက်ရုံမှ ထုတ်လွှင့်မှုကို စက်ရုံ၏ အရှေ့ဘက် ငရုတ်ကောင်းမြို့နယ် အစပ်အထိ လည်းကောင်း၊ အနောက်ဘက်တွင် မြောင်းမြမြို့အထိ လည်းကောင်း၊ မြောက်ဘက်တွင် ပုသိမ်မြို့အနီး ရှမ်းရွာသစ်အထိ လည်းကောင်း ကောင်းမွန်စွာ ဖမ်းယူရရှိနိုင်သည်။
တတိယအဆင့် စက်ရုံ ၆၉ ရုံအနက် အထက်ဖော်ပြပါ စက်ရုံလေးရုံမှ Digital စနစ် (DVB-T2) ဖြင့် ထုတ်လွှင့်လျက်ရှိပြီး ကျန်ရှိသည့် စက်ရုံများ၌ လွှင့်စက်ပစ္စည်းများ တပ်ဆင်နိုင်ရေး ဆောင်ရွက်လျက်ရှိသည်။
မိဘပြည်သူများအနေဖြင့် မြန်မာ့အသံနှင့်ရုပ်မြင်သံကြားမှ ထုတ်လွှင့်လျက်ရှိသော MRTV Digital စနစ် DVB-T2 ဖြင့် ထုတ်လွှင့်သော ရုပ်သံလိုင်းများအား သက်ဆိုင်ရာ ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံများမှ ဖမ်းယူ ကြည့်ရှုရာတွင် DVB-T2 Set- top Box၊ DVB-T2 Tuner ပါ ရုပ်မြင်သံကြား ဖမ်းစက်များဖြင့် ဖမ်းယူ ကြည့်ရှုရမည် ဖြစ်ပါသည်။ Digital ရုပ်မြင်သံကြားလိုင်းများ ဖမ်းယူရာတွင် Antenna ကို စက်ရုံတည်ရှိရာ အရပ်သို့ ဦးတည်၍ အမြင့်တစ်နေရာ၌ ခိုင်ခံ့စွာ တပ်ဆင်ရပါမည်။ ယင်းနောက် Set- top Box၊ DVB-T2 Digital TV တို့ရှိ Remote ပါ ခလုတ်များမှ Menu ကိုနှိပ်၍ Installation သို့ သွားရပါမည်။ ယင်းနောက် Cahnnel Search တွင် ဘေးမြားနှိပ်၍ ခေတ္တစောင့်ပါ။ Progress Page တွင် မိမိတို့ နေထိုင်ရာ ဒေသတွင်းရှိ အခမဲ့ထုတ်လွှင့်သော DVB-T/T2 Digital ရုပ်သံလိုင်းများ၊ ရေဒီယိုလိုင်းများ ဖမ်းယူရရှိပါမည်။ ယင်းနောက် Exit ခလုတ်ကို နှိပ်၍ မိမိနှစ်သက်ရာ ရုပ်သံလိုင်းများ ဖမ်းယူရရှိနိုင်မည် ဖြစ်ကြောင်း အသိပေး တင်ပြအပ်ပါသည်။

မြန်မာ့အသံနှင့် ရုပ်မြင်သံကြား

No comments:

Post a Comment