Friday, July 24, 2015

ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကို လိုက်နာခြင်းမရှိသော ဂျာနယ်အား ခေါ်ယူသတိပေးကြောင်း သတင်းထုတ်ပြန်ချက်

ရန်ကုန်၊ ဇူလိုင်လ ၂၄
ဇွန်လ (၃)ရက်နေ့ထုတ် မန္တလေးအရုဏ်ဦးအနုပညာဂျာနယ် အတွဲ(၅)၊ အမှတ်(၂၁)၊ စာမျက်နှာ (၁၂)တွင် နိုင်ငံခြားမော်ဒယ် ရိုစီဟန်တင်တန်ဝှိုက်လေ၏ ဝတ်လစ်စားလစ်ပုံ (၂)ပုံကိုလည်းကောင်း၊ ဇွန်လ (၂၄)ရက်နေ့ထုတ် မန္တလေးအရုဏ်ဦးအနုပညာဂျာနယ် အတွဲ(၅)၊ အမှတ်(၂၄)၊ စာမျက်နှာ (၃၀)တွင် နိုင်ငံခြားမင်းသမီး ရိုဘီရို့(စ်)၏ ဝတ်လစ်စားလစ်ပုံ (၃)ပုံနှင့် ဇူလိုင်လ (၁၅)ရက်နေ့ထုတ် မန္တလေးအရုဏ်ဦးအနုပညာဂျာနယ် အတွဲ(၅)၊ အမှတ်(၂၇)၊ စာမျက်နှာ (၂၄)တွင် နိုင်ငံခြားမင်းသမီး မိုင်လေးဆိုင်းရပ်၏ အပေါ်ပိုင်းဝတ်လစ်စားလစ်ပုံ (၂)ပုံတို့ကို ပုံကြီးများဖြင့် ထင်ရှားစွာထည့်သွင်း ဖော်ပြထားပါသည်။
ထိုသို့ဖော်ပြခြင်းမှာ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေ အခန်း(၄)၊ ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းအတွက် လိုက်နာရန် စည်းကမ်း ပုဒ်မ (၈) ပုဒ်မခွဲ (ဂ)ပါ ညစ်ညမ်းစာများကို ဖော်ပြခြင်းမပြုရ ဆိုသည့် စည်းကမ်းကို ဖောက်ဖျက်ကျူးလွန်သဖြင့် ပြန်ကြားရေးဝန်ကြီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက (၂၃-၇-၂၀၁၅)ရက်နေ့တွင် မန္တလေးအရုဏ်ဦး အနုပညာဂျာနယ် ထုတ်ဝေသူ ဦးလှမြင့်အား ရန်ကုန်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ခေါ်ယူတွေ့ဆုံ၍ နောင်တွင်ယခုကဲ့သို့ ဥပဒေကို ဖောက်ဖျက်ပါက ဥပဒေနှင့်အညီ အရေးယူ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သတိပေး ရှင်းလင်းပြောကြားထားပြီး ဖြစ်ပါသည်။        


ပြန်ကြားရေးဝန်ကြီးဌာန

No comments:

Post a Comment