Sunday, July 26, 2015

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းတောင်တွင်းကြီးမြို့နှင့် ဆင်ပေါင်ဝဲမြို့များရှိ ဒေသခံပြည်သူများနှင့် တွေ့ဆုံ


ပြည် ဇူလိုင် ၂၅
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းသည် ယနေ့နံနက် (၁၀) နာရီတွင် မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့၊ မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒေသခံပြည်သူများနှင့် ရင်းနှီးစွာတွေ့ဆုံသည်။



တွေ့ဆုံပွဲတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်၏ဆောင်ပုဒ်ဖြစ်သည့် "ပြည်သူ့အသံ လွှတ်တော်အသံ ၊ ပြည်သူ့ဆန္ဒ လွှတ်တော်ဆန္ဒ ၊ ပြည်သူတို့ မျှော်လင့်ချက် လွှတ်တော်က ဖော်ဆောင်ရွက်"ဟူသည့် ဆောင်ပုဒ်အတိုင်း ကြိုးစားဆောင်ရွက် လျက် ရှိပါကြောင်း၊ မိမိတို့ လွှတ်တော်သက်တမ်းသည် လာမည့် ၂၀၁၆ ခုနှစ် ဇန်န၀ါရီ လကုန်တွင် ကုန်ဆုံးမည်ဖြစ်ပါကြောင်း၊
လက်ရှိကာလအထိ လွှတ်တော်ကိုယ်စား လှယ်များအနေဖြင့် ပြည်သူများ၏ တင်ပြတောင်းဆိုချက် လိုအပ်ချက်များကို အလေး ထားကာ အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိနေသကဲ့သို့ လွှတ်တော် သက်တမ်း ကုန်ဆုံးချိန်အထိလည်း ပြည်သူ များ၏အကျိုးစီးပွားအတွက် တစိုက်မတ်မတ် ကြိုးပမ်းအကောင်အထည်ဖော် ဆောင်ရွက်မည်ဖြစ်ပါကြောင်း၊ လွှတ်တော် အတွင်းမှ ပြည်သူ့အသံကို နားထောင်ရုံမျှ သာမကဘဲ လွှတ်တော်ပြင်ပ၌ ယခုကဲ့သို့သော တွေ့ဆုံမှုများတွင် ပြည်သူများ၏ အသံကို နားထောင်ကာ ထိရောက်စွာ ဆောင်ရွက်နိုင်သည့် အနေအထားများကိုလည်း တွေ့ရှိရပါကြောင်း ၊ မိမိအနေဖြင့် လွှတ်တော် ရပ်နားချိန်တွင် နိုင်ငံ၏နေရာဒေသအနှံ့ သွားရောက်ကာ ယခုကဲ့သို့ တွေ့ဆုံမှု များမှတစ်ဆင့် ၎င်းဒေသ၊ မြို့နယ် ၊ နေရာများတွင် ရရှိခဲ့သည့် အတွေ့အကြုံများပေါ် မူတည်ကာ တစ်နိုင်ငံလုံး အတိုင်းအတာအထိ စဉ်းစားဆောင်ရွက်ပေးခဲ့သည့် အခွင့် အလမ်းများလည်း ရှိနေပါကြောင်း။
လာမည့် နိုဝင်ဘာ (၈) ရက်တွင် မိမိတို့နိုင်ငံ၌ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပတော့မည်ဖြစ်ပါကြောင်း၊ ယင်းရွေးကောက် ပွဲသည် နိုင်ငံအတွက် အလွန်အရေးကြီးပါကြောင်း ၊ ရွေးကောက်ပွဲကို အဆင်ပြေစွာ ဆောင်ရွက်နိုင်မှသာ မိမိတို့ လိုချင်သည့် ပါတီစုံဒီမိုကရေစီနှင့် ဈေးကွက်စီးပွားရေးစနစ်ကို ကျင့်သုံးပြီး ငြိမ်းချမ်း၍ ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံပေါ်ထွန်း လာမည် ဖြစ်ပါကြောင်း ၊ ယခုရွေးကောက်ပွဲ အောင်မြင်အဆင်ပြေ စေရန်အတွက် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်နှင့် ကော်မရှင်မှ တာဝန်ပေးထားသည့် မြို့နယ်ကော်မရှင်အဖွဲ့ခွဲများတွင်သာ တာဝန်ရှိခြင်း မျိုးမဟုတ်ဘဲ မြို့နယ်အတွင်းရှိ ပါတီအသီးသီး၊ ပါတီကိုယ်စားပြု လူပုဂ္ဂိုလ် အသီးသီး၊ မြို့နယ်အတွင်းရှိ စီမံခန့်ခွဲရေးကော်မတီ၊ ဖွံ့ဖြိုးရေး အထောက်အကူပြု ကော်မတီ၊ စည်ပင်သာယာရေး ကော်မတီနှင့် မြို့နယ်အတွင်းနေ ပြည်သူအားလုံးတွင်လည်း တာဝန်ရှိပါကြောင်းဖြင့် ပြောကြား သည်။
ယင်းနောက် တောင်တွင်းကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်က ဒေသန္တရဆိုင်ရာ အချက်အလက်များနှင့် ဒေသအတွက် လိုအပ်ချက်များကို လည်းကောင်း၊ တက်ရောက်လာကြ သူများကလည်းဒေသ၏ လိုအပ်ချက်များကို လည်းကောင်း အသီးသီး တင်ပြကြရာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက တာဝန်ရှိသူများနှင့် ပေါင်းစပ်ဖြည့် ဆည်း ညှိနှိုင်းဆောင်ရွက်ပေးသည်။
ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက မြို့နယ်အတွင်း မျှော်မှန်း လူ့သက်တမ်း ပိုမိုတိုးမြင့် လာစေရေးနှင့် ကျန်းမာရေး ၀န်ဆောင်မှုဆိုင်ရာများ ပိုမိုတိုးတက် ကောင်းမွန်လာစေရေး၊ သောက်သုံးရေ လုံလောက်စွာရရှိရေး ရင်ဆိုင်ကြုံတွေ့နေရသည့် စိန်ခေါ်မှုနှင့် အခက်အခဲများကို အောင်မြင်စွာ ကျော်လွှားနိုင်စေရန် မြို့နေဒေသခံ ပြည်သူများနှင့်အတူ ဌာနဆိုင်ရာ တာဝန်ရှိသူ များကလည်း ၀ိုင်းဝန်း ပူးပေါင်းဆောင် ရွက် ရေးကိစ္စရပ်များကို မှာကြားခဲ့ပြီး အခမ်းအနားသို့ တက်ရောက် လာကြသူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ယနေ့နံနက်ပိုင်းတွင် နေပြည်တော်-ကန်ပြား - မကွေးလမ်းပေါ်ရှိ မြို့သစ်မြို့နယ်၊ သန်းကုန်း ကျေးရွာရှိ တောင်သူဦးတင်ဦး၏ မိုးစပါး လေးဧကစိုက်ခင်း၌ မိုးစပါးစိုက်ပျိုးနေမှု အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့သည်။
မွန်းလွဲပိုင်းတွင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌသည် ဆင်ပေါင်ဝဲမြို့နယ်သို့ ရောက်ရှိပြီး မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဒေသခံပြည်သူများနှင့် ရင်းနှီးစွာတွေ့ဆုံသည်။ တွေ့ဆုံပွဲတွင် ဆင်ပေါင်ဝဲမြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်က မြို့နယ်၏ ဒေသန္တရ အချက်အလက် ဆိုင်ရာများကို ရှင်းလင်းတင်ပြပြီး ဆင်ပေါင်ဝဲမြို့နယ်ရှိ လွှတ်တော် ကိုယ်စားလှယ်များနှင့် ကော်မတီ (၃)ရပ်မှ တာဝန်ရှိသူများက ဒေသအတွက် လိုအပ်ချက်များကို ရှင်းလင်း တင်ပြကြသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဒေသခံပြည်သူများက ၎င်းတို့၏ လိုအပ်ချက်နှင့် သိရှိလိုသည့် ကိစ္စရပ်များ ကို မေးမြန်းတင်ပြကြရာ မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများက ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။ ယင်းနောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက ပညာရေး ၊ ကျန်းမာရေးဆိုင်ရာ များနှင့် စပ်လျဉ်းသည့် ဆောင်ရွက်ရန် အချက်များ ၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး ဆိုင်ရာများနှင့် စပ်လျဉ်း၍ အကျယ်တ၀င့် ရှင်းလင်းပြောကြားပြီး တင်ပြချက်များအပေါ် ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့သည်။

တွေ့ဆုံပွဲများသို့ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဘုန်းမော်ရွှေ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ်များ၊ ပြည်သူ့ လွှတ်တော်၊ ဥပဒေရေးရာနှင့် အထူးကိစ္စရပ် များလေ့လာဆန်းစစ်သုံးသပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးခင်မောင်ထွန်း၊ တိုင်းဒေသ ကြီးလွှတ်တော် ကိုယ်စားလှယ်များ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပြည်သူ့လွှတ်တော်ရုံးမှ တာဝန်ရှိသူများ၊ တိုင်း၊ ခရိုင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ လူမှုရေးအသင်း အဖွဲ့များ၊ ဒေသခံပြည်သူများ တက်ရောက်ကြသည်။

No comments:

Post a Comment