Monday, March 9, 2015

ကမ္ဘာပတ်မည့် နေရောင်ခြည်စွမ်းအင်သုံး ဆိုလာလေယာဉ်ဖြစ်သည့် solar Impulse (Si 2) လေယာဉ် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ခန့်မှန်း မတ် (၁၆) ရက် ရောက်ရှိမည်

ရန်ကုန် မတ် ၉
ပို့ဆောင်ရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဉာဏ်ထွန်းအောင်သည် တာဝန်ရှိသူများ လိုက်ပါလျက် မတ် ၈ ရက် နံနက်ပိုင်းတွင် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ရောက်ရှိပြီး လေဆိပ်ခန်းမတွင် မြန်မာနိုင်ငံအစိုးရနှင့် မြန်မာနိုင်ငံဆိုင်ရာ ဆွစ်ဇာလန်သံရုံးတို့ ပူးပေါင်းစီစဉ်မှုဖြင့် ပထမဆုံးအကြိမ် ကမ္ဘာပတ်မည့်နေရောင်ခြည်
စွမ်းအင်သုံး ဆိုလာလေယာဉ်ဖြစ်သည့် Solar  Impulse (Si 2) လေယာဉ် မန္တလေး အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ မတ် ၁၆ ရက်တွင် ရောက်ရှိမည့် လေယာဉ်အား ကြိုဆိုရေး၊ နေရာချထားရေး၊ လေယာဉ်ရပ်နားမည့် လုပ်ငန်းအစီအမံများ၊ လေယာဉ်အား လေ့လာကြမည့် ကျောင်းသား ကျောင်းသူများ လေ့လာနိုင်မည့်အခြေအနေများအား လည်းကောင်း၊ လေဆိပ်အတွင်း လုံခြုံရေးနှင့် လေ့လာကြမည့် ကျောင်းသား ကျောင်းသူများ၊ မိဘပြည်သူများအတွက် လုံခြုံရေးချထားမှုအစီအမံများအား လည်းကောင်း၊ အဆိုပါလေယာဉ် မန္တလေးအပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ မဆင်းသက်မီ၊ ပုဂံဒေသရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ်များဖြစ်သည့် ပုဂံဘုရား စေတီပုထိုးများ နောက်ခံပြု၍ ရဟတ်ယာဉ်ဖြင့် မှတ်တမ်းတင်ဗွီဒီယို၊ ဓာတ်ပုံများ ရိုက်ကူးမည့် အစီအစဉ်များအားလည်းကောင်း၊ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ၀န်ကြီးများနှင့် လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့မှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ဆွစ်ဇာလန်သံရုံးမှ တာဝန် ရှိသူများက အသီးသီးတင်ပြကြရာ ပြည်ထောင်စုဝန်ကြီးမှ လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်းမှာကြားသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ဆိုလာလေယာဉ်ကြိုဆိုဧည့်ခံရေး၊ လေယာဉ်နေရာချထားမှု အခြေအနေ၊ လေယာဉ် ရပ်နားမည့် နေရာနှင့် ရှင်းလင်းဆောင် ဆောက်လုပ်ပြီးစီးမှုအခြေအနေ၊ လေယာဉ်အထောက်အကူပြု အဖွဲ့ရုံးပြီးစီးမှု အခြေအနေ၊ လေယာဉ်ရပ်နားရာနေရာ၊ လေယာဉ်ပြေးလမ်း တစ်လျှောက်ရှင်းလင်းခြင်း၊ ပြေးလမ်းအမှတ်အသားများ မွမ်းမံပြင်ဆင်ထားရှိမှု၊ လေ့လာရေးအစီအစဉ်များနှင့် လုံခြုံရေးအစီအမံများ၊ လေကြောင်းထိန်းမျှော်စင်မှ လေယာဉ်ပျံသန်း ရေး၊ လေယာဉ်လမ်းညွှန် ထိန်းကျောင်းမှုနှင့် လေယာဉ်ဘေးအန္တရာယ်ကင်းရှင်းရေးအစီအမံများအား သွားရောက်ကြည့်ရှု စစ်ဆေပြီး ပြည်ထောင်စုဝန်ကြီးမှ အဆိုပါဆိုလာလေယာဉ်အား ရှေးဟောင်းအမွေအနှစ်ဖြစ်သည့် ပုဂံဒေသကို နောက်ခံပြု ၍ ရဟတ်ယာဉ်ဖြင့် အနိမ့်ပျံဝဲပြီး မှတ်တမ်းတင်များ ရိုက်ကူးနိုင်ရေး၊ သက်ဆိုင်ရာ ပြန်ကြားရေးဝန်ကြီးဌာနနှင့် ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ကြရန်တို့ကို မှာကြားသည်။
အဆိုပါပထမဦးဆုံးအကြိမ်အဖြစ် ကမ္ဘာပတ်မည့်နေရောင်ခြည်စွမ်းအင်သုံး Solar Impulse (Si 2) လေယာဉ်သည် ယူအေအီးနိုင်ငံ အဘူဒါဘီမြို့မှ စတင်ထွက်ခွာပြီး အိုမန်နိုင်ငံ၊ အိန္ဒိယနိုင်ငံတို့မှ တစ်ဆင့် မြန်မာနိုင်ငံ မန္တလေး အပြည်ပြည် ဆိုင်ရာ လေဆိပ်သို့ ခန့်မှန်း မတ်လ (၁၆) ရက်နေ့ ညနေပိုင်းတွင်ရောက်ရှိပြီး (၂) ရက်တာ ညအိပ်ရပ်နားမည်ဖြစ်သည်။ မူလက မတ်လ (၈) ရက်နေ့တွင် ရောက်ရှိရန်ဖြစ် သော်လည်း ရာသီဥတုအခြေအနေအရ ရွှေ့ဆိုင်းခဲ့ရပြီး မန္တလေးမှ တရုတ်နိုင်ငံသို့ ဆက်လက်ထွက်ခွာကာ ဥရောပတိုက်တောင်ပိုင်း၊ အာဖရိကတိုက် မြောက်ပိုင်းတို့မှ တစ်ဆင့် အဘူဒါဘီမြို့ တွင် ခရီးစဉ်ပြီးဆုံးမည့် ပထမဦးဆုံးသော ကမ္ဘာတစ်ပတ်ခရီးစဉ် ဖြစ်သည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် မန္တလေးချမ်းမြသာစည်လေဆိပ်သို့ ရောက်ရှိလာရာ လေဆိပ်ခန်းမတွင် တာဝန်ခံမှ ရှင်းလင်းတင်ပြသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် ချမ်းမြသာစည်လေဆိပ်အဆောက်အအုံ၊ လေကြောင်း လမ်းညွှန်စက် Enroute VOR နှင့် လေယာဉ်ရပ်နားရာနေရာ၊ လေယာဉ်ပြေးလမ်း တို့အားလည်းကောင်း၊ မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာန မန္တလေး မိုးလေ၀သရုံး ၀န်ထမ်းအိမ်ရာ အဆောက်အအုံများ၊ မိုးလေ၀သရေဒါ ဆောက်လုပ်မည့် နေရာတို့အား သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။ 

2 comments: