Monday, March 9, 2015

သမဝါယမလုပ်ငန်းများသည် ပြည်သူများ၏ဘ၀ အာမခံချကပေးနိုင်သည့် လုပ်ငန်းများဖြစ်

နေပြည်တော် မတ် ၇
သမဝါယမ၀န်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်ဆန်းသည် တာဝန်ရှိသူများ လိုက်ပါ၍ ယနေ့နံနက် (၁၀) နာရီတွင် တိုက်ကြီးမြို့နယ် သမဝါယမဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ရန်ကုန်တိုင်းဒေသကြီး  မြောက်ပိုင်းခရိုင်အတွင်းရှိ  (၈) မြို့နယ်မှ မြို့နယ် ဦးစီးမှူးများနှင့် ၀န်ထမ်းများ၊ မြို့နယ်အသင်းစုဥက္ကဋ္ဌများနှင့် အမှုဆောင်များ၊ အခြေခံအသင်း အသီးသီးမှ အမှုဆောင် အင်အား (၂၀၀) ခန့်တို့နှင့်တွေ့ဆုံခဲ့သည်။

ဦးစွာ မြို့နယ်ဉီးစီးမှူးများမှမြို့နယ်အလိုက် ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ပြည်ထောင်စု ၀န်ကြီးက ပြောကြားရာတွင် လယ်သမားများနှင့် အခြေခံ ပြည်သူများ၏ လူမှုစီးပွားဘ၀ကို အထောက်အကူ ပြုနိုင်အောင် အသေးစားအရင်းအနှီး ချေးငွေ လုပ်ငန်း၊ လယ်ယာသုံးပစ္စည်းများ၊ လုပ်ငန်းသုံးပစ္စည်းများ၊ အရစ်ကျငွေချေးစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်း၊ သမဝါယမအသင်းများ ဖွံ့ဖြိုးတိုးတက်အောင် အဆင့်မြှင့်တင်ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိ ပါကြောင်း၊ အဆိုပါလုပ်ငန်း (၃) ရပ်ကို ဆောင်ရွက်ရာတွင် အောင်မြင်ဖို့လိုကြောင်းနှင့် ၎င်းလုပ်ငန်းများ အောင်မြင်မှသာ ပြည်သူများအတွက် အမှန်တကယ် အထောက် အပံ့ပေးနိုင်မှာဖြစ်ပကြောင်း။
သမဝါယမအသင်းများ အောင်မြင်ခြင်း ရှိ/ မရှိ သိရှိနိုင်ရန် (၁) လယ်သမားများ၊ အခြေခံ ပြည်သူများအနေဖြင့် ထုတ်ချေးငွေနှင့် အရစ်ကျရောင်းချပေးသော ပစ္စည်းများကို မိမိတို့ လုပ်ငန်းများတွင် ထိထိရောက်ရောက် အသုံးပြုပြီး မိမိဘဝ တိုးတက်အောင်ဆောင်ရွက်နိုင်ခြင်း ရှိ/မရှိ(၂) အသေးစား အရင်းအနှီးချေးငွေနှင့် အရစ်ကျငွေချေစနစ်ဖြင့် ရောင်းချပေးထားသော ပစ္စည်းများ၊ သတ်မှတ် ကာလတွင် အတိုးအရင်း မှန်မှန်ပြန်လည်ပေးဆပ်နိုင်ခြင်း ရှိ/ မရှိ၊ (၃) ကုန်သွယ်မှု၊ ဝန်ဆောင်မှု၊ ကုန်ထုတ်လုပ်မှု၊ မွေးမြူရေး၊ စိုက်ပျိုးရေး၊ ရောင်းဝယ်ရေး၊ သယ်ယူပို့ဆောင်ရေး၊ ဝန်ဆောင်မှု သမဝါယမအသင်းများဖြင့် ကျယ်ကျယ်ပြန့်ပြန့် တိုးတက်လုပ်ဆောင်နိုင်ခြင်း ရှိ /မရှိ စသည့် စံ (၃) ချက်ဖြင့် တိုင်းတာသတ်မှတ်ရမှာဖြစ်ကြောင်း။
အဆိုပါစံ (၃) ချက် အောင်မြင်အောင် တိုင်း/ မြို့နယ် သမဝါယမဦးစီးဌာန ဦးစီးမှူးများ အနေဖြင့် သမဝါယမ လုပ်ငန်းများ ဆောင်ရွက်ကြရာတွင် သတ်မှတ်ထားသည့်စံနှုန်းများ၊ မူဘောင်များနှင့်အညီ စနစ်တကျစစ်ဆေးကြပ်မတ် ဆောင်ရွက်ကြ ရန်လိုကြောင်း။
သမဝါယမလုပ်ငန်းများသည် ပြည်သူများဘ၀ အာမခံချက်ပေးနိုင်သည့် လုပ်ငန်းများ ဖြစ်၍ မိမိတို့ တိုင်း /မြို့နယ်အလိုက် အောင်မြင်အောင် “တာဝန်ရှိမှု တာဝန်ယူမှုဖြင့် လုပ်ဆောင်ကြရန်” တိုက်တွန်းမှာကြားလိုကြောင်းဖြင့် ပြောကြားသည်။ ၎င်းနောက် တက်ရောက်လာသော မြို့နယ်များ မှ သမဝါယမအသင်းများ၏ စာရင်းဇယား (၈) မျိုး၊ ရငွေပြေစာဖိုင်၊ ပေးငွေ ပြေစာဖိုင်များ စနစ်တကျ ရေးဆွဲထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မွန်းလွှဲ(၁၀)နာရီတွင် တိုက်ကြီးမြို့နယ်၊ ကျိုက်စကိုင်း ကျေးရွာနှင့် ကွမ်းခြံကုန်းကျေးရွာများသို့ သွားရောက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံ၍   လက်ရှိ ဆောင်ရွက်လျက်ရှိသော လုပ်ငန်းများနှင့် ပတ်သက်၍ အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ရာ ဒေသခံ ပြည်သူများမှ သိရှိလိုသည်များကို မေးမြန်းခဲ့ရာ ပြည်ထောင်စုဝန်ကြီးမှ ရှင်းလင်း ပြောကြားကာ ကျေးရွာသမဝါယမအသင်းများတွင် ရေးသွင်းထားရှိသော စာရင်းဇယား (၈) မျိုးကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ဖြည့်စွက်လမ်းညွှန်မှာကြားခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment