မန္တလေး
မတ် ၂၁
ကမ္ဘာတစ်ပတ် ပျံသန်းရေး အစီအစဉ် အဖြစ် ယူအေအီးနိုင်ငံ
အဘူဒါဘီမြို့တော်မှ စတင် ထွက်ခွာလာပြီး အိုမန်နိုင်ငံ မတ်စကပ်မြို့တော်၊ အိန္ဒိယနိုင်ငံ
အာမက်ဒါဘတ်နှင့် ဗာရာဏသီမြို့များတွင် ခရီးတစ်ထောက်ရပ် နားပြီးနောက် မြန်မာနိုင်ငံ
မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိနေသော နေရောင်ခြည် စွမ်းအင်သုံး လေယာဉ်
Solar Impulse 2 အား ယနေ့မနက်ပိုင်းတွင် အခြေခံပညာ
အထက်တန်း ကျောင်းများမှ ကျောင်းသား ကျောင်းသူများ လာရောက် လေ့လာလျှက် ရှိသည်။
ထိုသို့ ကျောင်းသား ကျောင်းသူများ အဆင်ပြေစွာ
လာရောက် လေ့လာ နိုင်ရန်လည်း သက်ဆိုင် ရာကျောင်းများ၊ ဌာနများမှ စီစဉ် ပေးထားကြောင်း
သိရသည်။ နံနက် ၈ နာရီမှ နေ့လည် ၁၂ နာရီထိ ကျောင်းသား ကျောင်းသူများ ကြည့်ရှု လေ့လာနိုင်ရန်
စီစဉ်ထားပြီး မွန်းတည့် ၂ နာရီမှ ညနေ ၅ နာရီထိ အများပြည်သူ လေ့လာနိုင်ရန် စီစဉ်ထားသည်။
ယနေ့ လာရောက် လေ့လာကြသူများတွင် စွမ်းအင်ဝန်ကြီးဌာနမှ ဝန်ထမ်းနှင့် ကျောင်းသား ကျောင်းသူ
၆၂ ဦး၊ မန္တလေးမြို့ ဖောင်တော်ဦး ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်းမှ ဆရာ၊ ဆရာမနှင့်
ကျောင်းသား ကျောင်းသူ ၁၈၅ ဦး၊ မန္တလေးမြို့ အ.ထ.က (၁၈) မှ ကျောင်းသား ကျောင်းသူ ၁၁၉
ဦး၊ အ.လ.က (၂) မှ ကျောင်းသား ကျောင်းသူ ၂၀
ဦး၊ မိတ္ထီလာမြို့ လေကြောင်း အတတ်သင်လေ တပ်စခန်း (ရှမ်းတဲ) မှ ၂၂ ဦး၊ ပြင်ဦးလွင်မြို့
စစ်တက္ကသိုလ် စာပေဌာနမှ ၅၀ ဦး၊ ပြည်ကြီးတံခွန်မြို့ အ.ထ.က (၂၇) နှင့် အ.ထ.က (၂၉) မှ
ကျောင်းသား ကျောင်းသူ ၈၅ ဦး နှင့် အများပြည်သူ တစ်ထောင်ကျော် ပါဝင်သည်။
ကျောင်းသား ကျောင်းသူများ Mobile hangar အတွင်းရှိ
ဆန်းသစ်သော နည်းပညာဖြင့် တည်ဆောက် ထားသည့် နေစွမ်းအင်သုံး Solar Impulse 2 လေယာဉ် အား
မလေ့လာမီ ယာယီစခန်း၌ ပြန်လည် ပြည့်ဖြိုးမြဲစွမ်း အင်ဖြစ်သော နေရောင်ခြည် တစ်မျိုးတည်းကိုသာ
လောင်စာအဖြစ် သုံးစွဲကာ ပျံသန်းပုံ၊ ကမ္ဘာတစ်ပတ် ပျံသန်းရာတွင် ကြုံတွေ့ရသည့် စိန်ခေါ်မှုများနှင့်
အခက်အခဲများ၊ ဆိုလာ လေယာဉ် ပျံသန်းရာတွင် ရာသီဥတု၏ အရေးပါပုံ၊ ဆင်းသက်ရာ နိုင်ငံအစိုးရများ၏
ပူးပေါင်း ဆောင်ရွက်မှုများကို ဆိုလာ လေယာဉ်မှူးများ ဖြစ်သည့် ဘာထရန်ပက်ကဒ်နှင့် အန်ဒရီဘော့ခ်ျဘတ်ဂ်၊
ဆိုလာ လေယာဉ် ပျံသန်းရေး အထောက် အကူပြု အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးတို့က ရှင်းလင်း ပြောကြားပြီး
ကျောင်းသား ကျောင်းသူများ၏ မေးမြန်းချက်များကို ပြန်လည် ရှင်းလင်း ဖြေကြားပေးခဲ့သည်။
အရှေ့တောင် အာရှနိုင်ငံများ အနက် အဘယ်ကြောင့် မြန်မာနိုင်ငံကို ရွေးချယ် ဆင်းသက် ရသလဲ ဟူသော ကျောင်းသူ တစ်ဦး၏ စိတ်ဝင်စားစရာ မေးခွန်းကို
ဆိုလာ လေယာဉ်မှူး ဘာထရန်ပက်ကဒ်က မြန်မာနိုင်ငံအား ချစ်မြတ်နိုး သောကြောင့်ဟု ဖြေကြားမှုက
ကျောင်းသား ကျောင်းသူများအား ဘဝင်ကျ သွားစေခဲ့သည်။
ကျောင်းသား ကျောင်းသူများ၊ ဆိုလာ လေယာဉ်အား
စိတ်ဝင်တစားဖြင့် လာရောက် ကြည့်ရှု ကြသူများအား ပြန်ကြားရေး ဝန်ကြီးဌာန သတင်းနှင့် စာနယ်ဇင်း
လုပ်ငန်း ကိုယ်ပွား သတင်းစာတိုက် (မန္တလေး) မှ မြန်မာ့အလင်း၊ ကြေးမုံနှင့် ဂလိုဘယ နယူးလိုက်အော့မ်
မြန်မာ သတင်းစာများ နေ့စဉ်အခမဲ့ဖြန့်ဝေလျှက်ရှိသည်။ ထို့အတူ ကိုကာကိုလာ ကုမ္ပဏီကလည်း
ကိုကာကိုလာ အချိုရည်ဘူးများ၊ ရေသန့်ဘူးများ အခမဲ့ ဖြန့်ဝေပေးလျှက် ရှိသည်။ နေရောင်ခြည်
စွမ်းအင်သုံး လေယာဉ် Solar Impulse 2 သည် မန္တလေးမြို့မှ တစ်ဆင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ
ချုံကျင်းနှင့် နန်ကျင်းမြို့များသို့ ဆက်လက် ပျံသန်းမည် ဖြစ်ပြီး မထွက်ခွာမီ ရှေးဟောင်းမြို့တော်
ပုဂံ၏ ကောင်းကင်ယံ အထက်၌ ပျံသန်းကာ ရှုခင်း အလှအပများကို ကြည့်ရှုသွားမည် ဖြစ်ကြောင်း
သိရသည်။



No comments:
Post a Comment