Saturday, March 21, 2015

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ဇနီး လားရှိုးမြို့ သုခဝိဟာရကန်မိန်း ဓမ္မာရုံတော်ကြီး ဖွင့်ပွဲနှင့် ရေစက်ချ မဟာမင်္ဂလာ အခမ်းအနားသို့ တက်ရောက် ကြည်ညို



 နေပြည်တော် မတ် ၂၁
လားရှိုးမြို့၌ ရောက်ရှိနေသော ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် ယနေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံ ဆရာဝန်အသင်း (လာရှိုး)၌ ကျင်းပသည့်  ရှမ်းပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ခန့်အပ်ထားသော ဆရာဝန် သစ်လွင်များအား တာဝန် အပ်နှင်းခြင်း အခမ်းအနားသို့ တက်ရောက်သည်။

 အခမ်းအနားတွင် ရှမ်းပြည်နယ် ဝန်ကြီးချုပ်က နိုင်ငံတော် အနေဖြင့် ပြည်သူ အားလုံး တစ်ပြေးညီ ကျန်းမာရေး စောင့်ရှောက်မှု ရရှိစေရေးနှင့် ဒေသတွင်းနိုင်ငံများ နည်းတူ ကုသမှုပေးနိုင်ရန် စီစဉ် ဆောင်ရွက်လျက် ရှိကြောင်း၊ ထို့ပြင်နှစ်အလိုက် ခွင့်ပြုဘဏ္ဍာငွေဖြင့် ဆေးရုံ၊ ဆေးခန်း၊ ဆေးဝါး လိုအပ်ချက်များကို ပြည်နယ်၊ ပြည်မ မခွဲခြားဘဲဒေသ အားလုံး ဟန်ချက်ညီညီ တိုးတက်စေရန် ဖြည့်ဆည်းပေးလျက် ရှိပါကြောင်း၊ ဆေးရုံ၊ ဆေးခန်းများ တိုးတက် လာသည်နှင့်အမျှ ကျန်းမာရေး ဝန်ထမ်း ခန့်ထားရေးကို ဆောင်ရွက်ပေးလျက် ရှိရာ ယခုဆိုလျှင် ပြည်နယ် အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့်  ရှမ်းပြည် မြောက်ပိုင်းဒေသ အတွက် ဆရာဝန် (၄၂)ဦးခန့် ထားပေးနိုင်ပြီ ဖြစ်ပါကြောင်း၊ ယခု လုပ်ငန်းခွင် ဝင်ရောက်ကြမည့် ဆရာဝန် သစ်လွင်များကလည်း ပြည်သူ့ကျန်းမာရေး စောင့်ရောက်မှု လုပ်ငန်းများကို စေတနာထား ဆောင်ရွက် သွားကြ စေလိုကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ကျန်းမာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ ဝင်းမြင့်က ရှမ်းပြည်နယ် လားရှိုးဒေသတွင် တာဝန် ထမ်းဆောင်ကြမည့် ဆရာဝန်သစ်လွင်များ  အနေဖြင့်  မကြာမီ လုပ်ငန်းခွင်သို့ ဝင်ရောက်ပြီး ပြည်သူ့ ကျန်းမာရေး စောင့်ရှောက်မှုများ ကို  ဆောင်ရွက် ကြတော့မည် ဖြစ်ရာ ဆရာဝန် သစ်လွင်များ အနေဖြင့် ပြည်သူများအား ကိုယ်ချင်းစာတရား ထားရှိကြရန်၊  စေတနာ၊  အနစ်နာ၊ ကရုဏာ တရားထားပြီး  စောင့်ရှောက် သွားကြရန်နှင့် ကိုယ်ကျင့်တရား ကောင်းမွန်ပြီး ထူးချွန်သည့် ဆရာဝန်ကြီးများ ဖြစ်အောင် ကြိုးစား သွားကြစေ လိုကြောင်းဖြင့် မှာကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ် ဝန်ကြီးချုပ်က ရှမ်းပြည် မြောက်ပိုင်း လားရှိုးဒေသရှိ ကျန်းမာရေး ဌာနများတွင် တာဝန် ထမ်းဆောင်မည့် ဆရာဝန် သစ်လွင်များအား တာဝန် အပ်နှင်းလွှာများကို ပေးအပ်သည်။
ယင်းနောက် ဆရာဝန် သစ်လွင်များ ကိုယ်စား ဆရာဝန် သစ်လွင်တစ်ဦးက ကျေးဇူးတင် စကား ပြောကြားသည်။
ထို့နောက် ဒုတိယသမ္မတက  ဆရာဝန် သစ်လွင်များအား မှာကြားရာတွင် တစ်နိုင်ငံလုံး အနေအထားဖြင့် ယခုချိန်ထိ ဆရာဝန် ၃ သောင်းကျော် ဆေးကျောင်းတက်ရောက် အောင်မြင်ခဲ့သော်လည်း အဆိုပါ ဆရာဝန်များထဲမှ အကြောင်းကြောင်းကြောင့် ပြည်ပ ရောက်ရှိနေသူများ၊ ဆေးပညာ နယ်ပယ်တွင် မရှိတော့သူများ ရှိပါကြောင်း၊ ယခုအခါတွင် ပြည်သူ့ဝန်ထမ်းအဖြစ် တာဝန် ယူနေကြသူ ကျန်းမာရေး ဝန်ထမ်းများ တစ်သောင်း နီးပါးမျှသာ ကျန်ရှိတော့ပါကြောင်း၊ သို့ဖြစ်၍ ဆရာဝန်များစွာ လိုအပ်နေပါကြောင်း။
ယခု ဆရာဝန် သစ်လွင်များအား စာတွေ့ နယ်ပယ်တွင် သာမက လက်တွေ့ နယ်ပင်တွင် လျင်မြန်စွာ အတွေ့အကြုံကောင်း ရရှိစေရန် ဆေးရုံကြီးများတွင် ဦးစွာ တာဝန်ချပေးခြင်း ဖြစ်ပါကြောင်း၊ ထို့ပြင် ဆရာဝန် သစ်လွင်များ အနေဖြင့် အတွေ့အကြုံ များစွာရှိသည့် ဆရာဝန်ကြီးများထံမှ လေ့လာ ဆည်းပူး ကြစေလိုကြောင်း၊ ယခု တတ်မြောက်ပြီး ဆေးပညာအပြင် ပါရဂူဘွဲ့များ ရရှိအောင် ဆက်လက် ကြိုးစား သွားကြရမည် ဖြစ်ပါကြောင်း၊ ဆေးပညာဖြင့် အသက် မွေးဝမ်းကြောင်း ပြုကြသူများ အနေဖြင့် ဆရာဝန် ကျင့်ဝတ်ကို တန်ဖိုးထား ထိန်းသိမ်းရမည် ဖြစ်ပြီး မိမိတို့ ကုသရမည့် လူနာများအား စေတနာ၊ ကရုဏာ၊ အနစ်နာဖြင့် စောင့်ရှောက် ကုသ ပေးကြရမည် ဖြစ်ကြောင်းဖြင့် မှာကြားခဲ့သည်။
ထို့နောက် ဒုတိယ သမ္မတနှင့် ဇနီး ဒေါ်နန်းရွှေမှုန်တို့သည် လားရှိုးမြို့ ကန်မိန်း ကျောင်းတိုက် အတွင်း တည်ဆောက် ပြီးစီးသွားသည့် သုခဝိဟာရကန်မိန်း ဓမ္မာရုံတော်ကြီး ဖွင့်ပွဲနှင့်  ရေစက်ချ မဟာမင်္ဂလာ အခမ်းအနားသို့  တက်ရောက် ကြည်ညိုကြသည်။
အဆိုပါ အခမ်းအနားသို့ နိုင်ငံတော် သံဃ မဟာနာယက အဖွဲ့၊ တွဲဖက် အကျိုးတော်ဆောင် ရှမ်းပြည်နယ် တောင်ကြီးမြို့ သာသနဝိပုလ ဓာတ်တော် ကျောင်းတိုက် ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဒေါက်တာ ဘဒ္ဒန္တပညာနန္ဒ၊ ကန်မိန်းကျေင်းတိုက် ပဓာန နာယက ဆရာတော် အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တမုနိန္ဒတို့ အမှူးပြုသော ဆရာတော်၊ သံဃာတော်များ ကြွရောက်တော်မူကြပြီး ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်နှင့် ဇနီး ဒေါ်ဖြူဖြူညွှန့်၊ ဒုတိယဝန်ကြီး၊ ပြည်နယ် ဝန်ကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ စေတနာရှင် အလှူရှင်များနှင့် ဒေသခံပြည်သူများ တက်ရောက်ကြသည်။
အခမ်းအနားတွင် ရှေးဦးစွာ  ပြည်နယ် ဝန်ကြီးချုပ်၊ သာသနာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ မောင်မောင်ဌေးနှင့် ဓမ္မရုံဂေါပက ဥက္ကဋ္ဌ ဦးဆန်မန်တို့က သုခ ဝိဟာရကန်မိန်း ဓမ္မရုံတော်ကြီးကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက  သုခဝိဟာရကန်မိန်း ဓမ္မရုံတော်ကြီး ဆိုင်းဘုတ်ကို စက်ခလုတ်နှိပ် ဖွင့်လှစ်ပေး ပြီးနောက် မင်္ဂလာ ကဗ္ဗည်း မော်ကွန်းကို အမွှေး နံ့သာရည်ဖြင့် ပက်ဖျန်းပေးသည်။
ထို့နောက် ဒုတိယ သမ္မတနှင့် ဇနီး အမှူးပြုသော ပရိသတ်များက လားရှိုးမြို့ ကန်မိန်းကျောင်းတိုက် ဆရာတော်ထံမှ ငါးပါးသီလ ခံယူ ဆောက်တည်ကြပြီး ဆရာတော်၊ သံဃာတော်များ ရွတ်ပွား သရဇ္ဈာယ် တော်မူကြသည့် ပရိတ် တရားတော်များကို နာယူကြသည်။
ဆက်လက်၍ ဒုတိယ သမ္မတနှင့် ဇနီးက အာရာမကသံဃိကဒါန အဖြစ် သုခဝိဟာရကန်မိန်း ဓမ္မာရုံတော်ကြီးနှင့် လှူဖွယ် ဝထ္တုပစ္စည်းများကို ကန်မိန်းကျောင်း ဆရာတော်ထံ ကိုယ်တိုင် လက်ရောက် ဆက်ကပ် လှူဒါန်းကြပြီး ဓမ္မာရုံအတွက် အလှူငွေ ကျပ်သိန်း (၁၀၀)ကို ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးဆန်မန်ထံပေးအပ်သည်။
ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်နှင့် ဇနီးတို့က ဓမ္မာရုံအတွက် အလှူငွေကျပ်သိန်း (၅၀)ကို ပေးအပ် လှူဒါန်းသည်။
ဆက်လက်၍ ဒုတိယသမ္မတက ဓမ္မာရုံတော်ကြီး တည်ဆောက်ရေး လုပ်ငန်းများ  ဆောင်ရွက်ခဲ့ကြသည့် ဗိသုကာ အင်ဂျင်နီယာများကို လက်ဆောင် ပစ္စည်းများ ပေးအပ်သည်။
ထို့နောက် ဒုတိယသမ္မတနှင့် ဇနီး အမှူးပြုသော ဧည့်ပရိသတ်များက နိုင်ငံတော် သံဃ မဟာနာယကအဖွဲ့၊ တွဲဖက် အကျိုးတော်ဆောင် ရှမ်းပြည်နယ် တောင်ကြီးမြို့ သာသန ဝိပုလဓာတ်တော် ကျောင်းတိုက် ဆရာတော်ထံမှ အနုမောဒနာ တရားနာကြား ကြပြီး လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
အခမ်းအနား အပြီးတွင် ဒုတိယသမ္မတနှင့် ဇနီးတို့က ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်း ဆက်ကပ် လှူဒါန်းကြသည်။

No comments:

Post a Comment