Saturday, March 14, 2015

မြန်မာ့အသံချစ်သူများအဖွဲ့ (Radio Fan Club) အဖွဲ့ဝင်များ တွေ့ဆုံပွဲကျင်းပ

ပုသိမ် မတ် ၁၄
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်မြို့တွင် မြန်မာ့အသံ ချစ်သူများအဖွဲ့(Radio  Fan Club)အဖွဲ့ဝင်များတွေ့ဆုံပွဲကို ယနေ့နံနက်(၉)နာရီ ခွဲတွင် ပုသိမ်ဟိုတယ်၌ ကျင်းပ သည်။

အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးပိုက်ထွေး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ စည်ပင် သာယာရေး ၀န်ကြီး ဦးကျော်ဝင်းနိုင်၊ တိုင်းဒေသကြီး အဆင့် ဌာနဆိုင်ရာများနှင့် မြန်မာ့အသံ ချစ်သူများအဖွဲ့ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ဒုတိယ၀န်ကြီးက မြန်မာ့အသံကို ၁၉၆၄ ခုနှစ် ဖေဖော်ဝါရီ (၁၅)ရက်မှစပြီး ဗမာ့အသံ Burma  Broadcasting  Service(BBS) အမည်နှင့် ထုတ်လွှင့်ခဲ့ပြီး ယခုအခါ မြန်မာ့အသံ၏သက်တမ်းသည် (၆၉)နှစ် ရှိပြီ ဖြစ်ကြောင်း၊ စတင်ထုတ်လွှင့်ချိန်ကတည်းက ပြန်ကြားပေးရန်၊ ပညာပေးရန်၊ ဖျော်ဖြေပေးရန် ဆိုသည့် ဦးတည်ချက်(၃)ရပ်ထားရှိ ဆောင်ရွက် ခဲ့ပါကြောင်း၊ ၁၉၆၀ ခုနှစ်တွင် ရန်ကုန်မြို့ ပြည်လမ်း အသံလွှင့် ရုံသစ်ကြီး ဆောက်လုပ် ပြီးသွားသည့် အချိန်၌ မြန်မာ့ အသံ၏ အစီအစဉ်များကို ပြည်လမ်းအသံလွှင့်ရုံမှ ထုတ်လွှင့်ခဲ့ကြောင်း၊ မြန်မာပိုင်း အစီအစဉ်များ အပြင် အင်္ဂလိပ်ပိုင်း အစီအစဉ်နှင့် ကချင်၊ ကယား၊ စကော ကရင်၊ ပိုးကရင်၊ ချင်း၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသား(၈) ဘာသာကိုလည်း ထုတ်လွှင့်ခဲ့ပါကြောင်း၊ ၂၀၀၈ ခုနှစ် မတ်(၁၆)ရက်တွင် မြန်မာ့အသံ(ရေဒီယို)နှင့် ရုပ်မြင်သံကြားထုတ်လွှင်မှုများကို နေပြည်တော်သို့ ပြောင်းရွှေ့ပြီး မြန်မာ့အသံရေဒီယိုကို “နေပြည်တော်” မြန်မာ့အသံဆိုသည့်အမည်နှင့် ထုတ်လွှင်ခဲ့ပါကြောင်း၊ ၂၀၁၃ ခုနှစ် ဧပြီ(၁)ရက်မှစ၍ ပြည်သူလူထုအား ပိုမိုဝန်ဆောင်မှုပေးသည့် မြန်မာ့အသံကို တစ်နေ့ (၁၈)နာရီကြာ အချိန်တိုးမြှင့်ထုတ်လွှင့်ခဲ့ပါကြောင်း၊ မြန်မာ့အသံ(ရေဒီယို) အစီအစဉ်နှင့် မြန်မာ့ရုပ်မြင်သံကြား အစီအစဉ်မျာကို MRTV  Website တွင် တင်ထားပါကြောင်း၊ ရေဒီယိုအစီအစဉ်များကို Online မှ နားဆင်နိုင်ရန်အတွက် MRTV  Radio  Station အမည်နှင့် Live  Streaming ထုတ်လွှင့် ပေးလျက်ရှိပြီး Facebook စာမျက်နှာ ပေါ်တွင်လည်း မြန်မာ့အသံ၏သတင်းများ၊ အစီအစဉ်များကို နားဆင်နိုင် ပါကြောင်း Mobile  Phone များတွင်လည်း မြန်မာ့အသံနှင့် ရေဒီယိုအစီအစဉ်ကို နားဆင်နိုင်ပါကြောင်း၊ မြန်မာ့အသံ၏ ထုတ်လွှင့်ချက်များကို အသံကြည်လင် ပြတ်သားစွာ ဖမ်းယူရရှိနိုင်စေရန်အတွက် FM Raido လွှင့်စက်များကို တိုးချဲ့တပ်ဆင် ဆောင်ရွက်လျက်ရှိရာ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် FM စက်ရုံ(၁၉)ရုံနှင့် ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် FM လွှင့်စက်ရုံ (၃၅)ရုံ၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် FM စက်ရုံ(၅၀)ရုံ တိုးချဲ့ဆောင်ရွက် သွားမည်ဖြစ်ပါကြောင်း၊ ရေဒီယိုတိုင်းရင်းသားအစီအစဉ် များကို ကချင်၊ ကယား၊ ကယန်း၊ ဂေခို၊ ဂေဘား၊ စကောကရင်၊ အရှေ့ပိုးကရင်၊ အနောက်ပိုးကရင်၊ ချင်း(ချိုး)၊ ချင်း(လိုင်ဇိုး)၊ မွန်၊ ရခိုင်၊ ရှမ်း၊ ကိုးကန့်၊ ၀၊ ဓနု၊ ပအို့ဝ်း စုစုပေါင်း(၁၇) ဘာသာနှင့် ထုတ်လွှင့်လျက် ရှိပါကြောင်း၊ Radio  Fan  Club အဖွဲ့ဝင် များအနေဖြင့် မြန်မာ့အသံက ထုတ်လွှင့်နေသည့် အစီအစဉ်များအပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်အကြံပြုပေးခြင်း၊ ဒေသ ဆိုင်ရာ သတင်းများကို အချိန်နှင့်တစ်ပြေးညီ ထုတ်လွှင့် နိုင်ရန် ရယူစုဆောင်ပေးပို့ခြင်း၊ လိုအပ်သည့် အစီအစဉ်များတွင် လိုအပ်သလိုပူးပေါင်း ပါဝင်ဆောင်ရွက်ပေးခြင်းများ ကူညီပေးကြပါရန် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါကြောင်း၊ ပြည်သူများ၏ ပူးပေါင်းပါဝင်မှုအားသည် အထူးလိုအပ်လှသဖြင့် မြန်မာ့အသံ ချစ်သူများ အဖွဲ့ဝင်များအပါအ၀င် သောတရှင် မိဘပြည်သူများက စိတ်ရောကိုယ်ပါအားပေးကူညီ ပူးပေါင်း ပါဝင် ပေးကြပါရန် မေတ္တာရပ်ခံတိုက်တွန်းပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ဒုတိယ၀န်ကြီးက ကချင်ပြည်နယ် မြစ်ကြီးနားမှ မြန်မာ့အသံချစ်သူ အဖွဲ့ဝင် မောင်ပြုံးမြင့်အား လည်းကောင်း၊ ရန်ကုန်တိုင်းဒေသကြီးမှ မောင်ရင်ဦး (ဒလ)အားလည်းကောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ သတင်းထောက် များကိုယ်စား ပုသိမ်လှကြည်အားလည်းကောင်း ဂုဏ်ပြုမှတ်တမ်းလွှာနှင့် လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ပြီး ဆက်လက်၍ MRTV ၏ ပြည်သူဝန်ဆောင်မှုများ တိုးချဲ့ဆောင်ရွက် ပေးနေမှုနှင့် အသံလွှင့်ဌာနခွဲ မြန်မာ့အသံ၏ လုပ်ငန်းဆောင်ရွက်မှုမှတ်တမ်းများကို ဗီဒီယိုများဖြင့် တင်ဆက်ပြသခဲ့သည်။ ယင်းနောက် မြန်မာ့အသံဝန်ထမ်းများနှင့် အနုပညာရှင်များက မြန်မာ့အသံခေတ်ပေါ်တေးဂီတနှင့်အတူ တေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ကြပြီး နေ့လယ်ပိုင်းတွင် အခမ်းအနားကိုရုပ်သိမ်းခဲ့ကြောင်း သိရှိရ သည်။
အခမ်းအနားအပြီးတွင် ဒုတိယ၀န်ကြီးက အခမ်းအနား တက်ရောက် သူများအား ရင်းရင်းနှီးနှီးနှုတ်ဆက်ခဲ့ပြီး မြန်မာ့အသံ ချစ်သူအဖွဲ့ဝင်များအား လက်ဆောင်ပစ္စည်းများ ပေးအပ်၍ နေ့လယ်စာဖြင့်တည်ခင်း ဧည့်ခံ ခဲ့ကြောင်း သတင်းရရှိသည်။

No comments:

Post a Comment