Saturday, March 14, 2015

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ပန်းလှိုင်မြစ် ပြန်လည်တူးဖော်ရေး စီမံကိန်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု ကြည့်ရှုစစ်ဆေး



ရန်ကုန်-မတ် ၁၄
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီတိုင်းဒေသကြီး အတွင်း ဖြတ်သန်း စီးဆင်းလျက် ရှိသော အရှည်(၃၄)မိုင်ကျော်ရှိ ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက်ပြီးစီး မှုကို ကြည့်ရှုစစ်ဆေးသည်။









ရှေးဦးစွာ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်၊ ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေနှင့် တာဝန်ရှိသူများလိုက်ပါလျက် ယနေ့ နံနက်(၈)နာရီ မိနစ်(၅၀)တွင် ရန်ကုန် တိုင်းဒေသကြီး တွံတေးမြို့နယ် ကသပေါင်း ကျေးရွာရှိ ဓမ္မရက္ဓိတကျောင်းတိုက်သို့ရောက်ရှိပြီး ပဓာန နာယကဆရာတော် ဘဒ္ဒန္တ စရဏအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ် ဝတ္ထုပစ္စည်းများကို ဆက်ကပ်လှူဒါန်းသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် အဆိုပါကျောင်းတိုက်၌ကျေးရွာအတွင်းရှိ ရပ်မိရပ်ဖများအား ရင်းရင်းနှီးနှီး တွေ့ဆုံပြီး ပန်းလှိုင်မြစ်ကြောင်း ပြန်လည် တူးဖော်ခြင်း နှင့်စပ်လျဉ်း၍ ဒေသခံများ၏သဘောထားအမြင်များ၊ လမ်းပန်းဆက်သွယ်ရေး၊ ပညာရေး၊ လူမှုစီးပွားရေး၊ ရပ်ရွာဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်များအပေါ် မေးမြန်း ဆွေးနွေးကာ လိုအပ်သည်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ဆုတောင်းပြည့် အောင်ချမ်းသာစေတီတော် အား ပန်း၊ ရေချမ်း၊ ဆီမီးများ ဆက်ကပ်လှူဒါန်းပြီး တွံတေးမြို့နယ် ကသပေါင်းရွာ အနီး ပန်းလှိုင်မြစ် (ပေတိုင် - ၈၂ + ၅၀၀ ပေ) ပြန်လည်တူးဖော်ရေးစီမံကိန်း ရှင်းလင်း ဆောင်သို့ရောက်ရှိကာ ဒေသခံများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံရာ အသက်(၉၄)နှစ်အရွယ်ရှိ ဒေသခံ ဦးအောင်စိန်က လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာသောကြောင့် ကျေးရွာ ဖွံ့ဖြိုးမှုရရှိတော့မည်ဖြစ်၍ ဝမ်းမြောက်ကြောင်း ကျေးဇူးတင်စကားပြောကြားသည်။
ဆက်လက်၍ နိုင်ငံတော်သမ္မတက တစ်နှစ်ကိုသုံးသီး စိုက်ပျိုးနိုင်တော့မည်ဖြစ်၍ ကျေးလက်လူမှုစီးပွား ဘ၀ဖွံ့ဖြိုးတိုးတက် လာတော့မည် ဖြစ်ကြောင်း၊ ကလေးများကို ပညာတတ်များ ဖြစ်အောင် သင်ကြားပေးရန် လိုကြောင်း၊ ပညာတတ်မှ စဉ်းစားချင့်ချိန် နိုင်ရုံမက လူမှုစီးပွားဖွံ့ဖြိုး တိုးတက်အောင် လုပ်ဆောင်နိုင်မည် ဖြစ်ကြောင်း၊ ယခု ကသပေါင်းကျေးရွာတွင် အထကကျောင်းများဖွင့်လှစ်ထားနိုင်၍ ပညာတတ်များ ပေါ်ထွက်ရန် ပူးပေါင်းကြိုးပမ်းဆောင်ရွက် သွားရမည်ဖြစ်ကြောင်း၊ တိုင်းပြည်ကြီးပွား တိုးတက်ဖို့ ပညာတတ်ဖို့ လိုကြောင်း၊ ဤပန်းလှိုင်မြစ် ပြန်လည်တူးဖော်ခြင်း စီမံကိန်း ကြောင့် ကျေးရွာချင်းဆက် လမ်းပန်း ဆက်သွယ်ရေးပါ များစွာ အကျိုးကျေးဇူးဖြစ်ထွန်း လာခဲ့ကြောင်း၊ နွေစပါး မိုးစပါး များစိုက်ပျိုးရာတွင် ရေကြီးနစ်မြုပ်မှုမှ ကင်းဝေးသွားပြီ ဖြစ်ကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် အချက်အခြာကျသော နေရာများတွင် ဖွံ့ဖြိုး တိုးတက်ရေး စီမံကိန်းများ ဆောင်ရွက်ပေးထားပြီးဖြစ်၍ တစ်ဦးချင်းနှင့် ဒေသဖွံ့ဖြိုးရေးကို ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း။
ကျေးရွာအတွင်း တရားဥပဒေစိုးမိုးရေးရရှိပြီး လောင်းကစားမှုများ၊ မူးယစ် ဆေးဝါးများကင်းစင်မှသာ ရပ်ရွာ အေးချမ်း သာယာ ဖွံ့ဖြိုးတိုးတက်မည်ဖြစ်သဖြင့် ရပ်မိ ရပ်ဖများက ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက် ပေးကြရမည် ဖြစ်ကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် နိုင်ငံတော်သမ္မတသည် ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်းစီမံကိန်း ဆောင်ရွက် နေမှုနှင့် ဆောင်ရွက်ပြီးစီးမှုအခြေအနေများကို မော်တော် ယာဉ်ဖြင့် လှည့်လည် ကြည့်ရှုစစ်ဆေးသည်။
ယင်းနောက် နိုင်ငံတော် သမ္မတသည် လှိုင်သာယာမြို့နယ်ရှိ ပန်းလှိုင်မြစ်ကြောင်း ပြန်လည်တူးဖော်ရေးစီမံကိန်း ရေလယ်ရှုရပ်သို့ ရောက်ရှိရာ ရှင်းလင်းဆောင်၌ ပြည်ထောင်စုဝန်ကြီး ဦးမြင့်လှိုင်က စီမံကိန်းဆိုင်ရာ အချက်အလက်များ၊ လုပ်ငန်းစတင် ဆောင်ရွက်မှု၊ မိုးတွင်းကာလတွင် လှေများ၊ သင်္ဘောများသွားလာ နိုင်မည့် အခြေအနေ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ လှိုင်သာယာ၊ ထန်းတပင်၊ တွံတေးမြို့နယ် များနှင့် ဧရာဝတီ တိုင်းဒေသကြီး ညောင်တုန်းမြို့နယ်အတွင်းရှိ  ကျေးရွာ (၁၀၀)ကျော်ရှိ ပြည်သူလူထုများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်လာမည့်အခြေအနေ၊ စီမံကိန်း နှင့်အတူ ရေထိန်းတံခါးကြီး (၉)ခု နှင့် ထပ်မံတည်ဆောက်မည့် (၅)ခု၊ စုစုပေါင်း (၁၄)ခုရှိ ကြောင်း၊ ရေတံခါးပေါက်များလည်း ပါဝင်မည်ဖြစ်၍ နှစ်စဉ် ရေမြုပ် ဧက ၁၂၀၀၀၀ ကျော်တွင် ထိထိရောက်ရောက် စိုက်ပျိုးဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ ကျေးရွာချင်း ဆက်သံမဏိသံပေါင် တံတား(၄)စင်း၊ သစ်သားတံတား(၂)စင်း ကိုလည်း စီမံကိန်းပြီးစီးမှု နှင့်အပြိုင် တည်ဆောက်နိုင်မည်ဖြစ်၍ ရေလမ်းအပြင် အမာခံမြေသားလမ်းပါ သွားလာ နိုင်မည်ဖြစ်ကြောင်း၊ စီမံကိန်း ရေရှည်တည်တံ့ နိုင်ရေး အတွက်လည်း ရေတံခါးများ ထပ်မံတည်ဆောက်ရန် ဆောင်ရွက်လျက်ရှိပါကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။
ဆည်မြောင်းဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မြင့်လှိုင်က  နယ်သာလန် နိုင်ငံ၏ နည်းပညာပံ့ပိုးမှုဖြင့် ပန်းလှိုင်မြစ်နှင့် လှိုင်မြစ်ဆုံရာ ပန်းလှိုင်ရေတံခါး ဒီဇိုင်းရေး ဆွဲမှုလုပ်ငန်း အပါအဝင် အသေးစိတ်လုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေက စီမံကိန်းနှင့်ဆက်စပ် ကျေးရွာများ ဖွံ့ဖြိုး တိုးတက် ရေးနှင့် စပ်လျဉ်း၍ လိုအပ်ချက်များကို ဖြည့်စွက်ရှင်းလင်း တင်ပြသည်။
ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက လိုအပ်ချက်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး ပန်းလှိုင်မြစ်ပြန်လည် တူးဖော်ရေး စီမံကိန်း ပြီးစီးမှုနှင့်အတူ ရန်ကုန်တိုင်းဒေသကြီးအတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုး တိုးတက် ရေးကို ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊ သိပ္ပံနည်းကျ ခေတ်မီ စိုက်ပျိုးရေး လုပ်ငန်းများ၊ သစ်သီးဝလံနှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုးရေး ဇုန်ကြီးများကိုလည်း တစ်ပါတည်း တိုးချဲ့ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ထို့အတူ အော်ဂဲနစ်သီးနှံ စိုက်ပျိုးရေးဇုန်များ၊ အော်ဂဲနစ် မွေးမြူရေး ဇုန်များကို အမှန်တကယ်လုပ်ကိုင်နိုင်သူများ ဆောင်ရွက်လုပ်ကိုင်နိုင်ရန် ပြည်တွင်း ၊ ပြည်ပအဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အလားတူ နိုင်ငံတကာမြို့ပြများရှိ မြစ်ကမ်းဘေး ဝဲ/ယာ တစ်လျှောက် တွင် မြို့ပြဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းများ ဆောင်ရွက်လေ့ရှိသည့်နည်းတူ ပန်းလှိုင်မြစ်ကြောင်း တစ်လျှောက် တွင်လည်း မြို့ရွာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ တစ်ပါတည်းဆောင်ရွက် နိုင်ရေး ပြင်ဆင်ဆောင်ရွက်သွားရန် လိုအပ်ကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် နိုင်ငံတော်သမ္မတသည် ပန်းလှိုင်မြစ်ကူးတံတားမှတစ်ဆင့် ပန်းလှိုင် မြစ်ကြောင်း ပြန်လည် တူးဖော်ခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ပန်းလှိုင်မြစ်ကောဧက ၁၄၀ အား ဟင်းသီးဟင်းရွက်ဇုန် ဖော်ထုတ်ခြင်း လုပ်ငန်း ဆောင်ရွက်နေမှု တို့ကို ကြည့်ရှု စစ်ဆေးသည်။
အဆိုပါပန်းလှိုင် မြစ်ကြောင်း ပြန်လည်တူးဖော်ခြင်း လုပ်ငန်းကို ရန်ကုန်တိုင်း ဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီး အတွင်းရှိ လယ်ယာမြေများ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်ရန်နှင့် နွေစပါး စိုက်ပျိုးရေရရှိရန် ရည်ရွယ်၍ ဒေသခံပြည်သူလူထု အတွက် လက်ငင်းအကျိုးကျေးဇူး ရရှိနိုင်မည့်အပြင် ရေရှည်အကျိုးရှိစေရန် နိုင်ငံတော်သမ္မတက စီမံကိန်း အကောင်အထည်ဖော်ရန် လမ်းညွှန်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ပန်းလှိုင်မြစ်သည် ဧရာဝတီတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း ဖြတ်သန်းစီးဆင်းပြီး ရှေးယခင်က ပန်းလှိုင်ဂေါက်ကွင်း နေရာအထိ နှစ်ထပ်သင်္ဘောများ ဝင်/ထွက်သွားလာနိုင်ခဲ့သော်လည်း ယခုအခါ ဧရာဝတီ တိုင်းဒေသကြီးတွင် မဲဇလီဒလ မှ အုန်းပင်စု ရွာအထိသာ ရေရောက်ရှိပြီး ထိုနေရာမှ ခတ္တိယရွာအထိ တိမ်ကောလျက်ရှိ သည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းတွင် လှိုင်မြစ်ဝမှ ကင်းရွာအထိသာရေရောက်ရှိပြီး ကင်းရွာအထက်ပိုင်း ပန်းလှိုင်မြစ်ကြောင်းမှာ ရေစီးဆင်းမှုမရှိ၍ ပိတ်ဆို့လျက်ရှိကြောင်း သိရသည်။
ထို့ကြောင့် နိုင်ငံတော်သမ္မတ၏ လမ်းညွှန်မှုဖြင့် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဆည်မြောင်း ဦးစီးဌာနသည် ပန်းလှိုင်မြစ်ပြန်လည်တူးဖော် နိုင်ရေးအတွက် ၂၀၁၄ ခုနှစ် ဧပြီလ (၁၂)ရက်နေ့တွင် မြေပြင် တိုင်းတာခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်ပြီး ၂၀၁၄ ခုနှစ် ဩဂုတ်လ(၉)ရက်တွင် အကြိုတည် ဆောက်ခြင်း လုပ်ငန်းများကို စတင်ဆောင်ရွက်ခဲ့သည်။ စက်ယာဉ်ယန္တရားပေါင်း ၃၉၄ စီးဖြင့် ကြိုးပမ်း ဆောင်ရွက်ခဲ့၍ ယခုအခါ စီမံကိန်းတစ်ခုလုံး၏ ၉၈ ရာခိုင်နှုန်း ပြီးစီးလျက်ရှိပြီး ယခုနှစ် မေလကုန်တွင် စီမံကိန်းတစ်ရပ်လုံး အောင်မြင်ပြီးစီးမည်ဖြစ်ကြောင်း သိရှိရသည်။
ပန်းလှိုင်မြစ်ကြောင်း စီမံကိန်း လုပ်ငန်းများမှာ ဧရာဝတီတိုင်းဒေသကြီး မဲဇလီဒေသ မှ ရန်ကုန်တိုင်းဒေသကြီး လှိုင်မြစ်ဝအထိ အရှည် (၃၄)မိုင်ရှိပြီး စီမံကိန်းပြီးစီးပါက ဧရိယာပေါင်း ၁၂၀၁၆၄ ဧကကို အကျိုးပြုနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးနှင့် ဧရာဝတီ တိုင်းဒေသကြီး အတွင်းရှိ လယ်ယာ မြေများ ရေကြီးနစ်မြုပ်မှုမှ ကာကွယ်နိုင်ပြီး နွေစပါးစိုက်ပျိုးရေ ရရှိနိုင်မည်ဖြစ်သည်။  အလားတူ လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်ခြင်း၊ စိုက်ပျိုးရေး ကောင်းမွန်ခြင်း၊ တံငါ လုပ်ငန်းများဖြင့် အသက်မွေးနိုင်ခြင်း စသည်တို့ကြောင့် မြစ်ကမ်းဘေး တစ်လျှောက်ရှိ ကျေးရွာအုပ်စု ၃၅ အုပ်စုမှ ဒေသခံ အိမ်ထောင်စု ၂၀၈၃၃ တို့၏ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့သွားနိုင်တော့မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment