နေပြည်တော်၊
မတ် ၁၄
၂၀၁၅ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့ ညနေ ၄ နာရီ
၁၅ မိနစ်အချိန် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်၊ ကျောက်ဖြူ ဆိပ်ကမ်းမှ ထွက်ခွာလာသော
တောင်ကုတ်မှစစ်တွေသို့ ပြေးဆွဲသည့် “အောင်တံခွန်-၃” ခရီးသည် တင်ရေယာဉ်သည် ည ၈ နာရီခွဲအချိန်ခန့်
မြေပုံမြို့နယ်၊ ငပသုန်ကျွန်းနှင့် မြောက်ကျွိန်ကျွန်း အနီးအရောက် တိမ်းစောင်း နစ်မြုပ်သွားခဲ့သည်။
အဆိုပါရေယာဉ်သည် မတ်လ ၁၂ ရက်နေ့ ည ၉ နာရီအချိန် တောင်ကုတ်မှ စစ်တွေသို့ထွက်ခွာခဲ့ရာ
ကျောက်ဖြူ ဆိပ်ကမ်းသို့ မတ်လ ၁၃ ရက်နေ့တွင် ဆိုက်ရောက်ပြီး ခရီးသည်များ တင်ဆောင်၍ စစ်တွေမြို့သို့
ဆက်လက် ထွက်ခွာလာစဉ် နစ်မြုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။ ၎င်းရေယာဉ်တွင် ရေယာဉ်အုပ်
ဦးလှမောင်သိန်းပါ ရေယာဉ် ဝန်ထမ်း(၁၀)ဦး၊ လုံခြုံရေး ရဲတပ်ဖွဲ့ဝင်(၃)ဦး၊ တောင်ကုတ်မှ
လိုက်ပါလာသည့် ခရီးသည်(၇၆)ဦး၊ ကျောက်ဖြူမြို့မှ လိုက်ပါလာသည့် ခရီးသည်(၉၃)ဦးနှင့် လမ်းခရီးတစ်လျှောက်ရှိ
သင်္ဘောဆိပ်များမှ လိုက်ပါလာသည့် ခရီးသည်(၃၄)ဦး စုစုပေါင်း(၂၁၆)ဦး လိုက်ပါ လာကြောင်း
သိရှိရကာ ကယ်ဆယ်ရေး လုပ်ငန်းများဆောင်ရွက်ရန် ကျောက်ဖြူခရိုင် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊
ကျောက်ဖြူမြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ ဝန်ထမ်းများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့မှ မီးသတ်
တပ်ဖွဲ့ဝင်များ၊ ကျောက်ဖြူမြို့နယ် ရေကြောင်း ပို့ဆောင်ရေး မန်နေဂျာ ဦးသန်းကျော်နှင့်အဖွဲ့၊
ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က “အောင်တံခွန်-၄” ရေယာဉ်ဖြင့် လည်းကောင်း၊ မြေပုံမြို့နယ် ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ မြို့နယ်
အုပ်ချုပ်ရေးမှူးရုံးမှဝန်ထမ်းများ၊ ရေကြောင်းမန်နေဂျာ ဦးမျိုးနိုင်နှင့် အဖွဲ့တို့ပါဝင်သည့်
ပူးပေါင်းအဖွဲ့က စက်လှေဖြင့်လည်းကောင်း၊ ဓည၀တီရေတပ် စခန်းဌာနချုပ်မှ တပ်မတော်သားများက
စစ်ရေယာဉ်(၃)စီးတို့ဖြင့်လည်းကောင်း အသီးသီး သွားရောက် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
၁၄-၃-၂၀၁၅ ရက်နေ့ နံနက် ၁၀ အချိန်ထိ ခရီးသည်(၁၆၉)ဦးအား မြောက်ကျွိန်ကျေးရွာသူ/သားများက
စက်လှေ များဖြင့် သွားရောက် ကယ်ဆယ် နိုင်ခဲ့ပြီး မြောက်ကျွိန်ကျေးရွာ ပိုက်ဆိပ်ကမ်းစပ်တွင်
ခေတ္တနေရာ ချပေးထားကြောင်း၊ သေဆုံးသူ ကျား ၃ ဦး၊ မ ၃၁ ဦး စုစုပေါင်း(၃၄)ဦး တို့အား တွေ့ရှိဆယ်ယူ
ရရှိထားကြောင်းနှင့် ကျန်ရှိသည့် ခရီးသည် များအား ဆက်လက်ရှာဖွေလျက် ရှိကြောင်း သတင်းရရှိသည်။
No comments:
Post a Comment