ရန်ကုန်၊ မတ်(၂၈)
(၆၅) ကြိမ်မြောက် နိုင်ငံတကာ စာနယ်ဇင်း အဖွဲ့အစည်း (IPI) ကမ္ဘာ့ညီလာခံ ဒုတိယနေ့
အဖြစ် ယနေ့နံနက် ၉ နာရီတွင် ရန်ကုန်မြို့ နတ်မောက်လမ်းရှိ ချက်ထရီယံ ဟိုတယ်၌ ဆက်လက်
ကျင်းပသည်။
IPI ညီလာခံ ဒုတိယနေ့တွင် အစီအစဉ် အပိုင်း(၁)အရ ပါကစ္စတန်နိုင်ငံ Dawn Media
Group မှ Editor Jahanzaib Haque၊ ကင်ညာနိုင်ငံ
Kenya Editors Guild မှ MD Linus Kaikai၊ သီရိလင်္ကာနိုင်ငံ
Samabima Newspapers မှ Editor Manori Kalygampitiya နှင့် မြန်မာတိုမ်းစ် အယ်ဒီတာချုပ် ဦးသီဟစောတို့က ငြိမ်းချမ်းရေး တိုးမြှင့် တည်ဆောက်ခြင်း- မုန်းစကား ဆိုင်ရာ
ထိရောက်သော နည်းလမ်းများ ခေါင်းစဉ်ဖြင့် ဦးဆောင် ဆွေးနွေးကြပြီး တက်ရောက် လာသော ပြည်တွင်းပြည်ပ
မီဒီယာများက ပြန်လည် ဆွေးနွေးကြသည်။
ဆက်လက်၍ IPI ညီလာခံ ၏ အခန်းကဏ္ဍ တစ်ခုအနေဖြင့် အမေရိကန်နိုင်ငံ CNN International မှ အစီအစဉ် တင်ဆက်သူဟောင်း
Jim Clancy ၏ မေးမြန်း ဆွေးနွေးမှု
အစီအစဉ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နိုဗယ် ငြိမ်းချမ်းရေး ဆုရှင် နှင့် Grameen Bank Bhaban ဥက္ကဌ ပါမောက္ခ Moharmmad Yunus က ကဏ္ဍတိုင်းတွင်
စိန်ခေါ်မှု များစွာ ရှိနေသည့် ဘင်္ဂလားဒေ့ရှ် နိုင်ငံတွင် မဖြေရှင်း နိုင်သေးသည့် ပြဿနာကြီးများထက် ဖြေရှင်းနိုင်သည့် ပြဿနာငယ်များကို ဦးစွာ ဖြေရှင်းသည့် အနေဖြင့် ဆင်းရဲမှု
တိုက်ဖျက်ရေး လုပ်ငန်းကို မိမိအနေဖြင့် အဓိက ဦးတည် ဆောင်ရွက် ခဲ့ပါကြောင်း၊ စီးပွားရေး
အကျိုးအမြတ်ကို မရည်ရွယ်ဘဲ လူမှုရေး လုပ်ငန်း လုပ်ကိုင်လိုသည့် စိတ်ဓာတ်ဖြင့်
Microcredit အစီအစဉ်ဖြင့် Social Business စတင်ခဲ့ကြောင်း၊ ယင်းလုပ်ငန်းမှာ ငွေကြေး
အလှူရှင်အဖွဲ့၊ ဖောင်ဒေးရှင်းများ နှင့် သဘော သဘာဝ တူညီသော်လည်း လုပ်ထုံး လုပ်နည်း မတူကြောင်း၊
ရင်းနှီးငွေကြေး ဆုံးရှုံးမှုမရှိဘဲ လူအများ၏ ပြဿနာ ပြေလည်အောင် ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း။
အကျိုးအမြတ်ကို ဦးတည်ခြင်း မရှိဘဲ လူ့အဖွဲ့အစည်း ပြဿနာများ ဖြေရှင်းရေးတွင် ရင်းနှီး
မြှုပ်နှံခြင်း ဖြစ်ကြောင်း၊ ဆင်းရဲမှု လျှော့ချရေး အတွက် အဓိကစိန်ခေါ်မှုမှာ အလုပ်လက်မဲ့ ပြဿနာနှင့် အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှု ပြဿနာများ ဖြစ်ကြောင်း၊ ပညာတတ်များနှင့် ပညာမဲ့များ အတွက်ပါ စားဝတ်နေရေး
ဖြေရှင်းမှုတွင် လုံလောက်သော ဝင်ငွေရရှိရေးသည် အခြေခံအချက်ဖြစ်ကာ ယင်းအတွက် မိမိကိုယ်တိုင်က
အလုပ်အကိုင် ရှာဖွေသူထက် စွန့်ဦး တီထွင်လိုသည့် စိတ်ဓာတ်ဖြင့် အလုပ်အကိုင် ဖန်တီးသူ
ဖြစ်ရန် လိုအပ်ကြောင်း။
အလုပ်အကိုင်ရရှိရေးတွင် အမျိုးသမီးများကို အဓိကထား ရည်ရွယ်ခဲ့ပြီး ၎င်းတို့ ကိုယ်တိုင်
အသေးစား လုပ်ငန်းများ လုပ်ကိုင်နိုင်ရန် ချေးငွေ ထုတ်ချေးသည့် အစီအစဉ်များ စတင်ခဲ့ပါကြောင်း၊
အမျိုးသမီးများအား အလုပ်အကိုင် ဖန်တီး လုပ်ကိုင်စေပြီး
ရရှိလာသော ဝင်ငွေ အမြတ်အစွန်းသည် မိသားစု စားဝတ်နေရေးနှင့် သားသမီး စောင့်ရှောက် ရေးတွင်ပါ
အကျိုး ဖြစ်ထွန်းကြောင်း၊
ဘင်္ဂလားဒေ့ရှ်တွင် ဆောင်ရွက်နေသော Microcredit လုပ်ငန်း နှင့် Social Business ကို နယူးယောက်၊ လော့စ်အိန်ဂျလိစ်၊ အိန္ဒိယနှင့် မက္ကစီကို
တို့တွင် ဆောင်ရွက် နေပြီး ဆင်းရဲမှု လျှော့ချရေးနှင့် ဆင်းရဲမှုပပျောက်ရေး အခန်းကဏ္ဍ သည်
မီဒီယာအားလုံး အတွက် ခေါင်းစဉ်ကဏ္ဍ အဖြစ် မှတ်ယူစေလိုကြောင်း၊ Social Business ရည်ရွယ်ချက်ကို မမှားယွင်း စေဘဲ
အမြတ်အစွန်း အကျိုးရလဒ်ထက် လူမှုပြဿနာများ ပြေလည်စေမည့် လူမှုရေး လုပ်ငန်း အဖြစ် မဆုတ်မနစ်
ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ အိမ်ယာမဲ့၊ အလုပ်လက်မဲ့များအတွက်ပါ ချေးငွေ အစီအစဉ်များပါရှိသည့်
ဘဏ်စနစ်နှင့် ဘဏ်များဖွံ့ဖြိုး တိုးတက်ရန် လိုအပ်ကြောင်း၊ မိမိအတွက် အလုပ်လုပ်ခြင်းနှင့်
လူတစ်ယောက် အတွက် အလုပ်လုပ်ခြင်းကို ကွဲပြားစေ လိုကြောင်း၊ ပြဿနာများဖြင့် မွေးဖွားလာသော
လူသားများ အနေဖြင့် ယင်းတို့ကို ဖြေရှင်း ပေးမည့်သူကို ရှာဖွေနေခြင်းထက် မိမိကိုယ်တိုင်
ပါဝင် ဖြေရှင်းခြင်းသည်သာ အကောင်းဆုံး နည်းလမ်းဟု မိမိ ယုံကြည်ပါကြောင်း၊ ကမ္ဘာတစ်ဝှမ်းလုံး
ရင်ဆိုင်နေရသည့် ဆင်းရဲမှု ပြဿနာကို သုညအဆင့်ထိ လျော့ကျစေရန်မှာ တစ်ဦး တစ်ယောက်ချင်းစီ၏
စွန့်ဦး တီထွင်လိုစိတ်၊ အလုပ်အကိုင် ဖန်တီး ဆောင်ရွက်ခြင်းနှင့် သက်ဆိုင်ကြောင်း၊ နည်းပညာ
အခွင့်အလမ်းများ ရှိနေသော ယနေ့ခေတ်တွင် လူငယ်များ အလုပ်အကိုင် အခွင့်အလမ်း နည်းပါးမှုကို
ရှေးရှုပြောဆိုမနေဘဲ အလုပ်အကိုင်ကို ဖန်တီးရယူသူနှင့် ဖန်တီးပေးသူ ဖြစ်စေလိုကြောင်း၊
အလုပ်လက်မဲ့ဖြစ်ခြင်းကို မသိတော့သည့် တိုင်အောင် ဖန်တီးပုံဖော် သွားကြစေ လိုကြောင်းဖြင့်
ဆွေးနွေး ပြောကြားပြီး တက်ရောက်လာသော သတင်း မီဒီယာများ က ပြန်လည်ဆွေးနွေးကြသည်။
ထို့နောက် IPI ညီလာခံ ဒုတိယနေ့ အစီအစဉ်များကို ဆက်လက်ကျင်းပရာ အမှန် ပြောဆိုခြင်း-အရေးပေါ်
အခြေအနေနှင့် အကျပ်အတည်း ရှိချိန်တွင် ကျင့်ဝတ်နှင့် အညီ သတင်းရေးသားနိုင်ရန် ခေါင်းစဉ်ကို
ဂျပန်၊ ယူကေနှင့် ပါကစ္စတန် နိုင်ငံများရှိ သတင်း မီဒီယာများမှ တာဝန်ရှိသူများက လည်းကောင်း၊
လွတ်လပ်သော လူမှုအဖွဲ့အစည်းများ တွင် စုံစမ်း ထောက်လှမ်း သတင်းစာပညာ လိုအပ်မှုခေါင်းစဉ်ဖြင့်
ဟောင်ကောင်၊ ထိုင်း၊ ပါကစ္စတန်၊ အိန္ဒိယနှင့် မြန်မာနိုင်ငံ မြစ်မခ သတင်း မီဒီယာမှ တာဝန်ရှိသူများက
လည်းကောင်း၊ အန္တရာယ်ရှိသော သက်မွေးမှု၊ သတင်းစာပညာ- သတင်းပေးသူများ အသတ်ခံရခြင်းကို
မည်သို့ ရပ်တံ့ကြမည်နည်း ခေါင်းစဉ်ကို ကာတာ၊ အီရတ်၊ အိန္ဒိယနှင့် အမေရိကန်နိုင်ငံတို့ရှိ
သတင်း ဌာနများမှ တာဝန်ရှိသူများက ဦးဆောင် ဆွေးနွေးကြကာ ဖိတ်ကြားထားသည့် သတင်း မီဒီယာများမှ
အပြန်အလှန် ပါဝင်ဆွေးနွေးကြပြီး IPI အဖွဲ့ဝင်များ သီးသန့်ညီလာခံ ကို ညနေ ၄နာရီတွင်
ဆက်လက် ကျင်းပခဲ့သည်။
IPI ညီလာခံ ကျင်းပနေစဉ်အတွင်း ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်သည်
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ နိုဗယ် ငြိမ်းချမ်းရေး ဆုရှင်နှင့် Grameen Bank Bhaban ဥက္ကဌ ပါမောက္ခ
Moharmmad Yunus နှင့် နံနက် ၁၁ နာရီခွဲတွင်
လည်းကောင်း၊ နိုင်ငံတကာ မီဒီယာပံ့ပိုးမှုအဖွဲ့ (IMS) မှ အာရှဒေသဆိုင်ရာ စီမံကိန်းမန်နေဂျာ Esben Q. Harboe၊ Country Program Coordinator Glen Swanson မှ Malou C. Mangahas၊ ဖိလစ်ပိုင်နိုင်ငံ စုံစမ်း
ထောက်လှမ်း သတင်းစာပညာ ဗဟိုဌာန အမှုဆောင် ဒါရိုက်တာ Malou C. Mangahas တို့နှင့် မွန်းလွဲပိုင်းတွင် ချက်ထရီယမ်ဟိုတယ်ရှိ
အမရပူရခန်းမတွင် သီးခြားစီ တွေ့ဆုံခဲ့သည်။
IPI ညီလာခံ ဒုတိယနေ့ အစီအစဉ် အပြီးတွင် ပြည်ထောင်စုဝန်ကြီးသည် ပြည်နယ်နှင့်တိုင်း
ဒေသကြီးအသီးသီးမှ ညီလာခံ တက်ရောက်လာသော ပြည်တွင်းသတင်း မီဒီယာများမှ သတင်းထောက်များနှင့်
တွေ့ဆုံပြီး သတင်းမီဒီယာ လုပ်ငန်းဆိုင်ရာ မေးမြန်းချက်များနှင့် စပ်လျဉ်း၍ ရှင်းလင်း
ပြောကြားခဲ့သည်။


No comments:
Post a Comment