Saturday, March 28, 2015

ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း မန်းတောင်ရိပ် အထွေထွေ ရောဂါကု ဆေးကုသဆောင် (၁၀) ထပ်ဆောင်သစ် ဖွင့်လှစ်ခြင်း အခမ်းအနား တက်ရောက်

မန္တလေး  မတ်  ၂၈
ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း သည် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင်၊ ဦးစိုးဝင်း၊ ဒုတိယ၀န်ကြီး ဦးသန်းဆွေ တို့နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်မှ မြန်မာ အမျိုးသား လေကြောင်းဖြင့် ထွက်ခွာရာ မန္တလေးမြို့  ချမ်းမြသာစည် လေဆိပ်သို့ နံနက် ၉ နာရီတွင် ရောက်ရှိသည်။

ထို့နောက် ဒုတိယ သမ္မတနှင့်အဖွဲ့ဝင်များသည် မန္တလေးတိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးရဲမြင့်နှင့်အတူ မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီးအတွင်းရှိ မန်းတောင်ရိပ် အထွေထွေ ရောဂါကု ဆေးကုသဆောင် (၁၀)ထပ် ဆောင်သစ် ဖွင့်ပွဲ အခမ်း အနားသို့ တက်ရောက်သည်။
အခမ်းအနားတွင် မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီးမှ  ဒေါက်တာ မောင်ဝင်း နှင့် အလှူရှင်များက ဆေးကုသ ဆောင် (၁၀) ထပ်ဆောင်သစ်ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ် ပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင်က ကမ္ဗည်း မော်ကွန်းကို စက်ခလုပ်နှိပ် ဖွင့်လှစ်ပေးပြီး ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းနှင့် ပြည်ထောင်စု ၀န်ကြီးများ၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်နှင့် အလှူရှင်များက ကမ္ဗည်း မော်ကွန်းကို အမွှေးနံ့သာရည်များ ပက်ဖြန်းပေးကြသည်။၊
ယင်းနောက် ဆေးကုသဆောင် (၁၀)ထပ် ဆောင်သစ် အစည်းအဝေး ခန်းမ၌ ဒုတိယ သမ္မတနှင့် အဖွဲ့အား ဒေါက်တာ မောင်ဝင်း က ဆေးကုသ ဆောင်သစ် ဆောက်လုပ်ခြင်းနှင့် ပတ်သက်၍ ရှင်းလင်း တင်ပြပြီး တိုင်းဒေသကြီး ၀န်ကြီးချုပ် က ဖြည့်စွက် တင်ပြသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင်က နိုင်ငံတော်မှ ပံ့ပိုးပေးသည့် ကုသရေး ဆိုင်ရာ စက်ပစ္စည်းများ တပ်ဆင် အသုံးပြုမှုနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြ သည်။
ဆက်လက်၍  ဆေးကုသ ဆောင်သစ် တာဝန်ယူ ဆောက်လုပ်ခဲ့သည့် ကုမ္ပဏီ တာဝန်ရှိသူများက (၁၀)ထပ် အဆောက် အအုံသစ်နှင့် ပတ်သက်သည့် စာရွက် စာတမ်းများ ကို ကျန်းမာရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်  ပါမောက္ခ ဒေါက်တာမြင့်ဟန်ထံ လွှဲပြောင်း ပေးအပ်သည်။
ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက အမှာစကား ပြောကြားရာတွင် မိမိတို့ အစိုးရသစ် လက်ထက်၌ ကျန်းမာရေး စောင့်ရှောက်မှု ကဏ္ဍများ၌ ရောဂါ ကာကွယ်ရေး၊ ကုသရေး၊ ပြန်လည် ထူထောင်ရေးနှင့် ကျန်းမာရေး အဆင့် မြှင့်တင်ရေး ဟူသည့် ကဏ္ဍလေးရပ်ဖြင့် အဆင့်မြှင့်တင် ဆောင်ရွက် ပေးလျှက် ရှိပါကြောင်း၊ နိုင်ငံတော်မှ ကျန်းမာရေးကဏ္ဍ အဆင့် မြှင့်တင်နိုင်ရေး အတွက် နိုင်ငံတော် ဘဏ္ဍာများကို ပိုမိုကျခံ သုံးစွဲလျက် ရှိနေပါကြောင်း၊ ယခုကဲ့သို့ စေတနာရှင်  အလှူရှင်များ၏ ဒါနစွမ်းအားဖြင့် တည်ဆောက် ဖွင့်လှစ်နိုင်ခဲ့သည့် (၁၀)ထပ် ဆေးကုသ ဆောင်သစ်သည် မြန်မာနိုင်ငံတွင် ပထမဆုံး ဖြစ်သည့် အတွက် ဂုဏ်ယူ ၀မ်းမြောက်ပါကြောင်း၊ ရေရှည် တည်တံ့ ခိုင်မြဲရေး အတွက် အားလုံး တက်ညီ လက်ညီ ၀ိုင်းဝန်း ပူးပေါင်း ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဒုတိယ သမ္မတသည် ပြည်ထောင်စု ၀န်ကြီးများ၊ တိုင်းဒေသကြီး ၀န်ကြီးချုပ်၊ တိုင်းဒေသကြီး ၀န်ကြီးများ၊ အလှူရှင်များနှင့် အတူ စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ပြီး ဒုတိယသမ္မတက အလှူရှင်များအား ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။
ယင်းနောက် ဆေးကုသ ဆောင်သစ် အတွင်း တပ်ဆင်ထားသည့် ကုသရေးဆိုင်ရာ ခေတ်မီ စက်ကိရိယာများနှင့် လူနာဆောင်များကို ကြည့်ရှု စစ်ဆေးရာ မန္တလေး အထွေထွေ ရောဂါကုဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာ ဒေါ်တင်တင်မိုးနှင့် တာဝန် ရှိသူများက လိုက်လံ ရှင်းလင်း ပြသသည်။
မန္တလေး အထွေထွေ ရောဂါကု ဆေးရုံကြီးကို  ၁၉၂၅ ခုနှစ်တွင် ခုတင် (၂၅၀)ဆံ့ မြူနီစပယ် ဆေးရုံအဖြစ် စတင် ဖွင့်လှစ်ခဲ့သည်။  ၁၉၃၇ ခုနှစ်တွင် ခုတင် (၃၅၀)ဆံ့ ဆေးရုံ အဖြစ် လည်းကောင်း၊ ၁၉၆၅ ခုနှစ်တွင် ခုတင် (၈၀၀)ဆံ့ ဆေးရုံကြီးအဖြစ် လည်းကောင်း ၊ ၂၀၁၂ ခုနှစ် မတ် ၁၃ ရက်တွင် ခုတင် (၁၀၀၀) ဆေးရုံကြီး အဖြစ် လည်းကောင်း  အဆင့် တိုးမြှင့်ခဲ့ခြင်း ဖြစ်သည်။
ယခုဖွင့်လှစ်သည့် (၁၀)ထပ် ဆောင်သစ်သည် RCC အမျိုးအစား ဖြစ်ပြီး အလျား (၁၉၂)ပေ၊ အနံ(၆၄)ပေရှိကာ နိုင်ငံတော်နှင့် ပြည်သူ ထည့်ဝင်ငွေ ကျပ်သန်း (၃၅၀၀) ခန့်ဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။  အဆိုပါ (၁၀)ထပ် ဆောင်သစ်တွင် မြေညီထပ်၌ ခုတင် (၄၅၀)နှင့် အနုမြူ ဓာတ်ရောင်ခြည်ကု ဌာန၊ ပထမထပ်တွင် ဆေးကုသဆောင် (၂)၊ ဒုတိယထပ်တွင် အစာအိမ်နှင့် အူလမ်းကြောင်း ရောဂါကုဌာန၊ တတိယထပ် တွင် အထူး သီးသန့်ခန်းများ၊ စတုတ္ထထပ်တွင် အထူး သီးသန့်ခန်းများ၊ ပဉ္စမထပ်တွင် ဆေးကုသဆောင် (၁)၊ ဆဋ္ဌမထပ်တွင် ကျောက်ကပ် ရောဂါဆေး ကုသဆောင်၊ သတ္တမထပ်တွင် အထူး သီးသန့် လူနာခန်း၊ အဋ္ဌမထပ်တွင် သင်ကြားရေး အစည်းအဝေး ခန်းမနှင့် မြေညီထပ်တွင် ယာဉ်ရပ်နားရာ နေရာတို့ ပါဝင်သည်။  
ဆက်လက်၍ ဒုတိယသမ္မတသည် မန္တလေး ဆေးတက္ကသိုလ် အောင်ပင်လယ် ခန်းမ၌ မန္တလေး ဆေးတက္ကသိုလ်၊ သူနာပြုတက္ကသိုလ်၊ တိုင်းရင်းဆေး တက္ကသိုလ်တို့မှ ပါမောက္ခချုပ်များ၊ ပါမောက္ခ၊ ဌာနမှူးများနှင့် ဌာနအသီးသီးမှ သင်ကြားရေး ဆိုင်ရာ ဆရာ ဆရာမများနှင့် တွေ့ဆုံသည်။
 ရှေးဦးစွာ ဆေးတက္ကသိုလ် (မန္တလေး) ခေတ္တပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ ခင်မောင်လွင်က ဆေးတက္ကသိုလ် (မန္တ္တလေး)ဆိုင်ရာ အချက်အလက်များကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက အမှာစကား ပြောကြားရာတွင် ဆေးတက္ကသိုလ် (မန္တလေး)နှင့် ပတ်သက်၍ ဖြည့်ဆည်း ဆောင်ရွက် ပေးနိုင်သည်များကို သိရှိနိုင်ရန် လာရောက်ခြင်း ဖြစ်ပါကြောင်း၊ ဆေးတက္ကသိုလ် (မန္တလေး)၌ သင်ကြားရေး အဆောက် အအုံများကို နိုင်ငံတကာ အဆင့်မီ အထပ်မြင့် အဆောက်အအုံများ အဖြစ် ဆောက်လုပ်ရန် လိုအပ်လာပြီ ဖြစ်ပါကြောင်း၊ သင်ထောက်ကူ ပစ္စည်းများနှင့် အရည်အချင်း ပြည့်ဝသည့် ဆရာ/ ဆရာမများအား ဖြည့်ဆည်းနိုင်ရန် နိုင်ငံတော်မှ ကျန်းမာရေး ကဏ္ဍ မြင့်တင်မှု အနေဖြင့် ရာနှုန်းပြည့် ခန့်ထား ခွင့်ပြုခဲ့ပါကြောင်း၊ သင်ထောက်ကူ ပစ္စည်းများ ပိုမိုပြည့်စုံရန် ဖြည့်ဆည်း ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း၊ ဆေးတက္ကသိုလ် ကျောင်းသူ၊ ကျောင်းသားများအား အရည်အချင်း အရည်အသွေး ပြည့်ဝသည့် ကျောင်းသူ၊ ကျောင်းသားများ ဖြစ်စေရန် ဆောင်ရွက် ပေးကြရမည် ဖြစ်ပါကြောင်း၊ ဆေး တက္ကသိုလ် ၀န်ထမ်းများ အတွက်  ၀န်ထမ်းအိမ်ရာ၊ လျှပ်စစ်မီး၊ ရေများ ကောင်းမွန်လုံ လောက်စွာ ရရှိရေး၊ ၀န်ထမ်းများ၏ လူမှုစီးပွား ပြည့်စုံရေးသည် ကျန်းမာရေး ကဏ္ဍ မြင့်တင်ရာတွင် တစ်ဖက် တစ်လမ်းမှ အထောက်အကူ ပြုစေနိုင်မည် ဖြစ်ပါကြောင်း၊ အရေအတွက်နှင့် အရည်အချင်းများပါ ပြည့်ဝရန် နိုင်ငံတော်မှ တတ်အားသ၍ ဖြည့်ဆည်း ပံ့ပိုး ဆောင်ရွက်လျက် ရှိပါကြောင်း၊ ဆေးတက္ကသိုလ် (မန္တလေး)ကို နိုင်ငံတကာ အဆင့်မီ ဖြစ်စေရေး အတွက် အားလုံးက ၀ိုင်းဝန်းကြိုးပမ်း ဆောင်ရွက် ကြရမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ကျန်းမာရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းအောင်က ဆေးတက္ကသိုလ် (မန္တလေး)နှင့် ပတ်သက်၍ ဆက်လက် ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် ဒုတိယ သမ္မတနှင့် အဖွဲ့ဝင်များသည် ဆေးတက္ကသိုလ် (မန္တလေး)ရှိ ဇီဝက စာသင်ဆောင်၊ ပင်မဆောင်နှင့် စာကြည့်တိုက်တို့ကို  လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့သည်။

No comments:

Post a Comment