လူသားများအကြား နားလည်စာနာမှု ရှိရန် အခြေခံ လိုအပ်ချက် အနေဖြင့် ကမ္ဘာ့စာနယ်ဇင်း သမားများ အကြား နားလည် စာနာမှု ရှိရေးအတွက် ဖွဲ့စည်း တည်ထောင်ခဲ့သည့် နိုင်ငံတကာ စာနယ်ဇင်း အဖွဲ့အစည်း IPI ၏ (၆၅) ကြိမ်မြောက် ကမ္ဘာ့ညီလာခံကို မတ် ၂၇ ရက်မှ ၂၉ ရက်အထိ သုံးရက်တာ ကျင်းပတော့မည် ဖြစ်သည်။
IPI ညီလာခံသို့ ကမ္ဘာတစ်ဝန်းမှ ထင်ရှားကျော်ကြားသော မီဒီယာအဖွဲ့အစည်းများ၊ ထုတ်ဝေသူများ၊ အယ်ဒီတာများ၊ သတင်းစာဆရာများစသဖြင့် မီဒီယာဆိုင်ရာ ကဏ္ဍစုံမှ ပုဂ္ဂိုလ်များ ပါဝင်တက်ရောက်လေ့ရှိရာ မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပမည့် ညီလာခံတွင် ပါဝင်ဆွေးနွေးကြမည့် မြန်မာ့မီဒီယာအဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများ အချို့နှင့် တွေ့ဆုံမေးမြန်းမှုများ ကို ကောက်နုတ်ဖော်ပြလိုက်ပါသည်။
ဦးသောင်းစုငြိမ်း မန်နေဂျင်းဒါရိုက်တာ
Information Matrix ကုမ္ပဏီ
IPI World Congress ရဲ့(၆၅) ကြိမ်မြောက်ပွဲကို မြန်မာနိုင်ငံမှာ ပထမဆုံးအကြိမ် ကျင်းပတော့မှာဖြစ်ပါ တယ်။ ဒီပွဲမှာ မြန်မာနိုင်ငံနဲ့ နိုင်ငံတကာက မီဒီယာလုပ်ငန်း တွေမှာ ပါဝင်လုပ်ကိုင်နေတဲ့ အဖွဲ့အစည်းအသီးသီးက ထုတ်လုပ်သူ၊ အယ်ဒီတာ၊ ဂျာနယ်လစ်တွေရဲ့ အတွေ့အကြုံ နဲ့ အမြင်တွေ ထိတွေ့ဖလှယ်ခွင့်ရတယ်ဆိုတော့ ကျွန်တော် တို့ စိတ်ဝင်စားတာနဲ့ စတင်ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ လောလောဆယ်မှာ မီဒီယာမိတ်ဖက် အဖွဲ့အစည်းအနေနဲ့ ပါဝင်ထားပြီး ပွဲနဲ့ပတ်သက်တဲ့ ပစ္စည်းပစ္စယ အချို့ ထောက်ပံ့ဖို့ လိုအပ်တဲ့အပိုင်းမှာ ပါဝင်ဆောင်ရွက်ပေးနေ ပါတယ်။ နောက်ပြီး နိုင်ငံတကာက လာရောက်ကြမယ့် သတင်းထောက်တွေကိုလည်း 7 Day သတင်းခန်းကို လာရောက်လေ့လာဖို့ ဖိတ်ခေါ်ထားပါတယ်။
ဒီဆွေးနွေးပွဲမှာ ပါဝင်ဆွေးနွေးသူအနေနဲ့ မီဒီယာ လုပ်ငန်းတွေရဲ့ ဝင်ငွေ၊ အကျိုးအမြတ်တွေ၊ လုပ်ငန်း နယ်ပယ်နဲ့ ပတ်သက်ပြီး ဆွေးနွေးရမှာဖြစ်ပါတယ်။ အခုဆိုရင် မြန်မာနိုင်ငံမှာ ဒစ်ဂျစ်တယ်မီဒီယာနဲ့ လူမှုကွန်ရက် မီဒီယာတွေကြောင့် မီဒီယာလုပ်ငန်းရဲ့ ဝင်ငွေပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေ စတင်ဖြစ်ပေါ်နေပါပြီ။ ဒါတွေကြောင့် မီဒီယာလုပ်ငန်းတွေအပေါ်မှာ ဘယ်လိုအကျိုးသက် ရောက်မှုတွေ ဖြစ်ပေါ်နိုင်လဲ။ ဒီလိုစိန်ခေါ်မှုတွေကို ဘယ် လို ရင်ဆိုင်ကြမလဲဆိုတဲ့အပေါ်မှာ အမြင်တွေဖလှယ်မှာ ဖြစ်ပါတယ်။
နိုင်ငံတကာမှာ ဖြစ်ပေါ်ပြောင်းလဲနေတဲ့ မီဒီယာ ရေစီးကြောင်းအရ ပုံနှိပ်မီဒီယာက ကျဆင်းနေတယ်ဆိုတာ သိရပါတယ်။ ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ သတင်းလုပ်ငန်းအခြေ အနေတွေမှာလည်း လွန်ခဲ့တဲ့ ၁ဝ နှစ်၊ ၁၅ နှစ်လောက်က အခြေအနေနဲ့ လုံးဝမတူတော့ဘူး။ အရင်က အမေရိက၊ ယူကေနဲ့ ကနေဒါစတဲ့ ကမ္ဘာ့နိုင်ငံကြီးတွေမှာဆိုရင် သတင်း စာဖတ်တဲ့အားက အိမ်ထောင်စုရဲ့ ၅ဝ ရာခိုင်နှုန်းလောက်ရှိပြီး အိမ်ထောင်စုထက်ဝက်လောက်က သတင်းစာတွေ နေ့စဉ်ယူကြပါတယ်။ သတင်းစာကို အားကိုးပြီး သတင်းစာ လုပ်ငန်းတွေလည်း တိုးတက်အောင်မြင်ခဲ့ကြတယ်။ ပြီးခဲ့တဲ့ ၁ဝ နှစ် ၁၅ နှစ်လောက်ကနေစပြီးတော့ ဒစ်ဂျစ်တယ်မီဒီယာ ဆိုတာ ပေါ်လာပြီး အင်တာနက်ပေါ်ကနေ လူတွေက သတင်းတွေ ဖတ်လို့ရလာတယ်။ ဒါထက်ပိုပြီး တွန်းအားဖြစ် စေတာက ၂ဝ၁ဝ ဝန်းကျင်နောက်ပိုင်းလောက်မှာ စမတ် ဖုန်းတွေပေါ်လာပြီး လူတိုင်းလက်ထဲမှာ ငါးလက်မအရွယ် ဖန်သားပြင် လေးတစ်ခုက သွားလေရာမှာ ပါလာတော့ အဲဒီအပေါ်မှာသတင်းကို အချိန်နဲ့တစ်ပြေးညီရယူလာနိုင် တယ်။ အထူးသဖြင့် လူငယ်တွေ အချိန်နဲ့တစ်ပြေးညီ ၂၄ နာရီလုံး သတင်းကို ရယူသုံးစွဲမယ်ဆိုတဲ့ ပုံစံမျိုးပြောင်းလာတယ်။
ကမ္ဘာ့နိုင်ငံကြီးတွေမှာလည်း အိမ်ခြေရဲ့ ထက်ဝက်ကျော် သတင်းစာယူနေရာက သုံးပုံတစ်ပုံလောက်ပဲ သတင်းစာယူတော့တဲ့ ပုံစံမျိုးဖြစ်လာတယ်။ သတင်းစာဖတ်တဲ့ အရေအတွက် လျော့သွားတာမျိုးမဟုတ်ဘဲ သတင်းကတော့ ပိုမိုသုံးစွဲလာတယ်။ ပုံနှိပ်သတင်းစာကို နေ့စဉ်နံနက်တိုင်း ယူမယ်ဆိုတဲ့ အလေ့အကျင့်တစ် ခုပြောင်းသွားပြီး အွန်လိုင်းပေါ်ကိုပြောင်းသွားတယ်။ သတင်းမီဒီယာလုပ်ငန်း တွေအတွက် စာဖတ်သူ အရေအတွက် စုစုပေါင်းမှာ လျော့မသွားဘဲ ပိုပြီးတော့တိုးလာတယ်လို့တောင် ပြောလို့ရတယ်။ အထူးသဖြင့် ကမ္ဘာကျော် နယူးယောက်တိုင်းစ်၊ ဒေးလီးမေးလ်လို သတင်းစာကြီးတွေမှာ သူတို့ရဲ့ စာဖတ် ပရိသတ်ဦးရေက သန်းပေါင်း ဆယ်ဂဏန်း၊ ရာဂဏန်း လောက်အထိရှိတယ်။ ဒါတော်တော်ကို ကြီးမားတဲ့ အင်အားပေါ့။ ဒါပေမယ့် ပုံနှိပ်မီဒီယာမှာကျတော့ ဝယ်ဖတ်တဲ့သူက ကျဆင်းလာတယ်။ ဖတ်တဲ့သူဘက်မှာ တိုးပွားနေပြီး ပုံနှိပ်ဘက်မှာ ကျဆင်းနေတဲ့ အနေအထားမှာ ထုတ်ဝေသူ လုပ်ငန်းရှင်တွေအနေနဲ့က ပြဿနာတစ်ခုက စာဖတ်သူဦးရေ တိုးပွားလာတဲ့ ဒစ်ဂျစ်တယ်မီဒီယာအပေါ်မှာ ဝင်ငွေဘယ်လိုယူရမလဲဆိုတဲ့ စီးပွားရေးပုံစံတစ်ခုက မြန်မာနိုင်ငံ တင် မကဘူး ကမ္ဘာ့နိုင်ငံကြီးတွေမှာပါ ဒီModel က ကောင်းကောင်းမပေါ်လာသေးဘူး။
အခုဆိုရင် မီဒီယာလုပ်ငန်းတွေအနေနဲ့ ဒီစိန်ခေါ်မှု ကို ကျော်ဖြတ်နေရဆဲဖြစ်ပြီး နောက်နှစ်အနည်း ငယ်အတွင်းမှာ မီဒီယာရေစီးကြောင်းသစ်တစ်ခုကို ဖော်ရမယ်။ ဒီလုပ်ငန်းတွေ လုပ်တဲ့အခါမှာလည်း သတင်းထောက်၊ အယ်ဒီတာ၊ ဒီဇိုင်နာ၊ ရုံးခန်း၊ ပစ္စည်းကိရိယာ အထောက်အပံ့ တွေ ဒါတွေကလည်း ကုန်ကျစရိတ်တွေ ရှိတာဖြစ်တဲ့ အတွက် ဒီအတွက်ကို ဝင်ငွေရှာလို့ရတဲ့ Revenue Generation တစ်ခုခုကတော့ ရှိကိုရှိရမယ်။
ဒစ်ဂျစ်တယ်ခေတ်မှာ အခုသွားနေတဲ့ ပုံစံမျိုးနဲ့ ရှာလို့ မရဘူးဆိုရင် ဘယ်လိုရှာရင်ရမလဲဆိုတဲ့ နည်းလမ်းတွေက အမျိုးမျိုးရှိတယ်။ လစဉ်ကြေးတွေကောက်ခံတဲ့စနစ်နဲ့ သွားမလား၊ ဒါမှမဟုတ် သတင်းတိုတစ်စောင်ပေးပို့ရင် ဘယ်နှကျပ်ဆိုတာမျိုးနဲ့ ကောက်ခံရမလား၊ နောက်တစ်ခုက သတင်းစာထဲမှာပါတဲ့ သတင်းအားလုံးကို ပေးဖတ်မယ်။ ဒါပေမယ့် ဒီထက်ပိုပြီး သုတေသနပြုထားတဲ့ အချက် အလက်တွေ ပါဝင်တဲ့ သတင်းတွေ၊ ခြောက်လ တစ်နှစ် ကျော်ကြာခဲ့ပြီးတဲ့ သတင်းတွေကို ပြန်လည်ဖတ်ရှုချင်တယ် ဆိုရင် ငွေကြေးဘယ် လောက်ပေးရမယ်ဆိုတာမျိုးနဲ့ ကြော်ငြာဝင်ငွေအပေါ်မှာ မှီခိုပြီးတော့ လုပ်မလားဆိုတာ တွေ ကျွန်တော်တို့ စဉ်းစားနေရတဲ့အချိန်ဖြစ်ပါတယ်။
ဒီလိုပြောင်းလဲလာတဲ့ မီဒီယာစီးဆင်းမှုအပေါ်မှာ ဒစ်ဂျစ်တယ်ဂျာနယ်လစ်ဇင်လို့ သွားနေတဲ့အခါမှာ ဆိုရှယ် မီဒီယာကလည်းအရေးကြီးပါတယ်။ နောက်ဒစ်ဂျစ်တယ်ဆိုင် ရာ အရည်အသွေးတွေ၊ ဒစ်ဂျစ်တယ် နည်းပညာတွေကြောင့် တင်ဆက်ပုံအပိုင်းတွေ ပြောင်းလဲသွားပါတယ်။ တင်ဆက်ပုံ မှာ ပုံနှိပ်သတင်းစာနဲ့ ဒစ်ဂျစ်တယ်မီဒီယာမှာ ကွာခြားမှု ရှိလာပါတယ်။ ပုံမှန် ပုံနှိပ်လုပ်ငန်းစဉ်အတိုင်းသွားနေတဲ့ အချိန်ဇယားနဲ့ ဒစ်ဂျစ် တယ်ခေတ်မှာ အချိန်သတ်မှတ် ပြီးသွားလို့မရတော့ဘူး။ ဖြစ်ရင် အခုချက်ချင်းတင်ပေးမှ စာဖတ်သူကလည်း ကျေနပ်တော့တယ်။ မဟုတ်ရင်ကိုယ့်ရဲ့ ပြိုင်ဘက်မီဒီယာတွေဆီကို ရောက်သွားမယ်။ ဥပမာ-မီး လောင်တာပဲဖြစ်ဖြစ်၊ အရေးပေါ်သတင်းတစ်ခုပဲဖြစ်ဖြစ် ပေါ်လာရင် စာဖတ်သူအတွက် ချက်ချင်းဖော်ပြ ပေးရတယ်။ ဒီနေရာမှာ ဂျာနယ်လစ်တွေအပေါ်မှာ အချိန်ရဲ့ ဖိအား (Time Pressure)က ရောက်လာတယ်။ ဂျာနယ်လစ် တွေအနေနဲ့ သတင်းယူရာမှာ ချက်ချင်းဆိုသလို ဒီသတင်း က မှန်လည်းမှန်ရမယ်၊ မြန်လည်းမြန်ရမယ်ဆိုတဲ့ ဖိအား နှစ်ခုကို ပေါင်းလုပ်ရပြီး အစီအစဉ်တွေပြောင်းသွားတယ်။
နောက်တစ်ချက်က တင်ဆက်ပုံမှာ သတင်းတစ်ခု အနေနဲ့ ပြီးအောင်ရေးလိုက်တဲ့ သတင်းတစ်ခုက စာရွက်ပေါ်မှာ ပါသွားတာမျိုးမဟုတ်ဘဲ ဖေ့စ်ဘွတ်ပေါ်မှာ အချိန် ယူပြီး တင်တဲ့အခါ ခေါင်းစဉ်နဲ့ စာသားနဲ့ ဘယ်လိုတွဲဖက်ပြီး တင်ဆက်မလဲဆိုတာတွေ ရှိလာပါတယ်။ နိုင်ငံတကာမှာ တော့ သတင်းတိုလေးတွေတင်တဲ့ လူမှုကွန်ရက်တွေရှိ တယ်။ အဲဒါတွေအပေါ်မှာ ခေါင်းစဉ်တွေပြောင်းရေးပြီး ပြန်တင်ရတယ်။ အရင်က ဂျာနယ်လစ် တစ်ယောက်က သတင်းရေးရင်ရပြီ။ သူနဲ့ ပတ်သက်တဲ့ သတင်းဓာတ်ပုံဆရာ ဓာတ်ပုံကောင်း ကောင်း၊ ဒါမှမဟုတ် ဒီဇိုင်းဆရာက ပုံဆွဲ ပေးရင်ရပြီ။ အခုခေတ်မှာကျတော့ စာဖတ်သူတွေက ဒီထက်ပိုကောင်းတာတွေကို မျှော်လင့်လာတယ်Multimedia Interactive နဲ့ Infographic ဆိုတဲ့ သတင်းအချက်အလက်ကို ဘားဂရပ်တွေနဲ့ ရက်စွဲအလိုက် ဖော်ပြတာတွေက အတတ်ပညာပိုင်းမှာ အများကြီးပါဝင် လာတယ်။ အရင်ကလို စာသားချည်းနဲ့ သတင်းရေးဖို့တင် မဟုတ်ဘဲ Infographic သတင်း
ကောင်းကောင်းတစ်ပုဒ်ရဖို့
အချက်အလက်၊ ဇယားတွေကို ဘယ်လိုရှာဖွေမလဲ၊ ဘယ်လို ရှုထောင့်ကနေ တင်ဆက်မလဲဆိုတာတွေပါလာတယ်။ ဒါကြောင့် ကျွန်တော်တို့ ဂျာနယ်လစ်တွေအနေနဲ့ အတတ်ပညာပိုင်းမှာ စွယ်စုံရအောင် လုပ်ဖို့ လိုလာတယ်။ အယ်ဒီတာတွေနဲ့ ပူးပေါင်းပြီးလုပ်ဖို့လိုလာတယ်။ ဒါက တော့ တင်ဆက်ပုံနဲ့ပတ်သက်ပြီး ပြောင်းလဲလာတဲ့ အနေအထားပါ။
နောက်တစ်ခုက ဒစ်ဂျစ်တယ်ခေတ်မှာ လူမှုကွန်ရက်တွေက အားကောင်းလာတယ်။ လူမှုကွန်ရက်စာမျက်နှာ မှာFollower တစ်သောင်းလောက်ရှိတဲ့သူအနေနဲ့က သူရေးသား ပြောဆိုလိုက်တဲ့အပေါ်မှာ လူပေါင်းတစ်သောင်း လောက်က ချက်ချင်းသိရှိသွားနိုင်တယ်။ အရင်ခေတ်ကဆိုရင် ဒါက ဂျာနယ်လေးတစ်စောင်ရဲ့ စာဖတ်သူဦးရေ နီးပါးလောက်ထိကို ရှိတယ်။ ဒီမှာရေးသားပြောဆိုတာတွေက မီဒီယာအသေးစားလေးဖြစ်လာတယ်။ အလားတူပဲ အွန်လိုင်းပေါ်မှာ နာမည်ကြီးနေတဲ့ လူပုဂ္ဂိုလ်တွေရှိနေပြီး သူတို့ ရေးသားလိုက်တာတွေကို သူတို့ရဲ့Follower တွေကLike၊ Comment၊ Share တာတွေသောင်းနဲ့၊ သိန်းနဲ့ချီပြီး တက်လာတယ်။ သူတို့တွေက တစ်ခုခု ရေးသားလိုက်တယ်ဆိုရင် ဒီဘက်က စနစ်တကျ ထုတ်ဝေနေတဲ့ ပုံနှိပ်မီဒီယာရဲ့ ပရိသတ်အင် အားလောက်ကို ဆိုရှယ် မီဒီယာမှာ ရရှိတယ်။ ဒါတွေကလည်း ဘယ်လိုစိန်ခေါ်မှု တွေဖြစ်လာလည်းဆိုတော့ မီဒီယာအဖွဲ့အစည်းက တင်ပြတဲ့ သတင်းတွေမှာ ထောက်ပြတာမျိုးရှိလာရင် ဆိုရှယ် မီဒီယာ ပရိသတ်ရှိ နေသူက မီဒီယာကို ပြန်ပြီးစောင့် ကြည့်နိုင် တဲ့ ဆိုရှယ်မီဒီယာတစ်ခုအနေနဲ့ အခုအချိန်မှာ အလွန်အင်အား ကြီးနေတာကိုလည်း ကြည့်ရမှာတွေ ရှိလာတယ်။
ဥပမာ-အရင်က ဂျာနယ်လစ်တစ်ယောက်က တစ်ခုခုမှားရင် အယ်ဒီတာကို အသိပေးတာ၊ စာဖတ်သူတွေက ဖုန်းဆက်ပြီး ထောက်ပြတာမျိုးတွေပဲရှိမယ်။ လိုအပ်တဲ့ အမှားပြင်ဆင်ချက်ကို နောက်တစ်နေ့ သတင်းစာမှာ ဖော်ပြပေးမယ်။ ဆိုရှယ်မီဒီယာမှာတော့ ချက်ချင်းထောက် ပြတာရှိလာတယ်။ ကောင်းတာက ဒီအမှားကို ဝန်ခံ တောင်းပန်ပြီး နောက်တစ်ကြိမ်မှာ ဆင်ခြင်နိုင်တယ်။ ဆိုး တာက မှန်သည်ဖြစ်စေ၊ မှားသည်ဖြစ်စေ ဆိုရှယ်မီဒီယာရဲ့ ဖိအားကို သတင်းကိုနောက်တစ်ကြိမ်မဖော်ပြရဲအောင် ဝိုင်းပြီး ဖိအားပေးတာမျိုးတွေရှိလာရင် သတင်းထောက် အနေနဲ့ နောင်သတင်းဖော်ပြဖို့ စိုးရိမ်စိတ်တွေ ဖြစ်လာနိုင် ပါတယ်။ ဒါကလည်း ဆင်ဆာလုပ်တဲ့ နည်းလမ်းတစ်မျိုး ပေါ့။ ဒီလိုစိန်ခေါ်မှုတွေက ဒစ်ဂျစ်တယ် မီဒီယာခေတ်မှာ ရှိလာပါတယ်။
ဆိုရှယ်မီဒီယာနဲ့ ပတ်သက်ပြီး နိုင်ငံခြားက အစိုးရ ဌာနတွေရဲ့ ဆိုရှယ်မီဒီယာသုံးစွဲပုံမှာ ကောင်းတဲ့သင်ခန်းစာနဲ့ အတုယူဖို့တွေ တွေ့နေရတယ်။ ဥပမာ-လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်းက ကွယ်လွန်ခဲ့တဲ့ စင်ကာပူဝန်ကြီးချုပ်ရဲ့ သတင်းတွေကို ဆိုရှယ်မီဒီယာအပေါ်မှာ ဘယ်လိုကြေညာ ချက်တွေ ထုတ်ပြန်တယ်ဆိုတာ ဝန်ကြီးချုပ်ရုံးကနေ ရိုးရှင်း ပြီး တိကျတဲ့ စာသားလေးတွေနဲ့ အချိန်နဲ့တစ်ပြေးညီ တုံ့ပြန်ပြီး ထုတ်ပေးသွားတာတွေက သူတို့ နိုင်ငံသားတွေ အနေနဲ့ သိချင်တဲ့အချက်ကို တန်းပြီးရတယ်ဆိုတာမျိုး။ အမေရိကမှာဆိုရင်လည်း လူထုဆက်ဆ ရေးပိုင်းကို ဘယ်လိုပုံစံမျိုးနဲ့ တင်ပြမလဲဆိုတာမျိုးကို တိတိကျကျနဲ့ စနစ်တကျ စီမံထားတာတွေ့ရပါတယ်။ အဝတ်အစား နဲ့ အခမ်းအနားအပြင်အဆင်ကအစ အလေးအနက်ထားပါ တယ်။ သူတို့အနေနဲ့ လူထုရဲ့ အထင်အမြင်လွဲမှားသွားမှာမျိုး၊ နောင်လုပ်ရမယ့် တာဝန်တွေအပေါ်မှာ အကျိုးသက်ရောက် မှုနဲ့ ရွေးကောက်ပွဲတွေမှာ အပြောင်းအလဲရှိလာတာမျိုး၊ မီဒီယာနဲ့လူထုက ထောက်ပြဝေဖန်မယ်ဆိုတာမျိုးကို အလေးအနက်ပြုပြီး ရှောင်ရှားကြပါတယ်။ မြန်မာနိုင်ငံမှာတော့ ဝန်ကြီးဌာနတွေမှာ ဆိုရှယ်မီဒီယာနဲ့ ပတ်သက်ပြီး အကြံပေးသူတွေ၊ တတ်ကျွမ်းသူတွေ သိပ်ပြီးများများစား စားမရှိသေးဘူးဆိုတာ တွေ့နေရတယ်။ ဝန်ကြီးဌာနတွေ အနေနဲ့ ဆိုရှယ်မီဒီယာမှာ အချိန်မှန်မှန် သတင်းတိုလေးတွေ ထုတ်ပြန်ပေးတာ၊ ပြည်သူလူထုနဲ့ တိုက်ရိုက်ဆက်သွယ်တာ မျိုးတွေလုပ်ဖို့ အကြံပေးချင်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့ အခါမှာလည်း မှားယွင်းပြီး မလုပ်မိအောင် လိုအပ်တဲ့ သင်တန်းတွေပေးပြီး နည်းပညာကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီးလုပ်ဖို့ လည်း အကြံပေးချင်တယ်။
IPI World Congress မှာ နိုင်ငံတကာနဲ့ မြန်မာ နိုင်ငံက သတင်းမီဒီယာလုပ်ငန်းရှင်တွေနဲ့ သတင်းမီဒီယာ ဆိုင်ရာပုဂ္ဂိုလ်တွေ တက်ရောက်ကြမှာဆိုတော့ မီဒီယာဆိုင်ရာ စိန်ခေါ်မှုနဲ့ အခက်အခဲတွေကို အတွေ့အကြုံရှိတဲ့ သတင်းမီဒီယာသမားတွေနဲ့ နှီးနှောဖလှယ်ခွင့်ရတဲ့ အတွက် အကျိုးများပါတယ်။ နောက်နိုင်ငံတကာက ကြည့်ရှုနေတဲ့ သတင်းမီဒီယာတွေမှာ ဖော်ပြတဲ့ဖြစ်ရပ် တချို့က ရန်ကုန်တစ်မြို့လုံးကို ကိုယ်စားမပြုဘဲ ရန်ကုန် မြို့ရဲ့ ပကတိအခြေအနေကို သူတို့ ကိုယ်တိုင်ကိုယ်ကျ မြင်တွေ့သွားစေချင်တယ်။ နောက်တက်ရောက်ကြမယ့် CSO အဖွဲ့အစည်းတွေက ကိုယ်စားလှယ်တွေအနေနဲ့လည်း သက်ဆိုင်ရာဒေသအလိုက် အကျိုးကျေးဇူးရှိအောင် မီဒီယာကို အသုံးပြုပြီး ဘယ်လိုဖော်ထုတ်သွားနိုင်မလဲ ဆိုတာကို ကျွန်တော်မျှော်လင့်ပါတယ်။
ဒေါ်မေသင်္ကြန်ဟိန်(CEO၊ Myitmakha News Agency)
အဓိကကတော့ ၂ဝ၁၄ ဒီဇင်ဘာကတည်းက ပါဝင်ဆွေးနွေးသူအဖြစ်ပါဝင်ဖို့ ကျွန်မကို ဖိတ်ခေါ်ခဲ့ပါတယ်။ IPI လို အဖွဲ့အစည်းကြီးက မြန်မာနိုင်ငံမှာ ညီလာခံလာကျင်းပမယ်၊ နိုင်ငံတကာက ထင်ရှားတဲ့ မီဒီယာအဖွဲ့ အစည်းတွေက ပုဂ္ဂိုလ်တွေလည်း ပါဝင်ဆွေးနွေးမယ်ဆိုတာတွေသိရလို့ အဲဒီအချိန်ကတည်းက ဝမ်းပန်းတသာနဲ့ လက်ခံခဲ့ပါတယ်။
အထူးသဖြင့် ဒီမှာလက်တွဲအလုပ်လုပ်နေတဲ့ လုပ်ဖော်ကိုင်ဖက် ဂျာနယ် လစ်တွေအတွက် ကမ္ဘာ့သတင်း မီဒီယာအတွေ့အကြုံတွေနဲ့ မြန်မာမီဒီယာ အတွေ့အကြုံတွေကို ဝေမျှခွင့်ရမယ်။ နောက်မြန်မာမီဒီယာ လောကအတွက် Capacity လိုအပ်ချက်တွေ၊ သင်တန်းလိုအပ်တာတွေကို သိနိုင်မယ်ဆိုရင် မြန်မာမီဒီယာလော ကအတွက် အခွင့်အလမ်းတစ်ခုလို့ ယုံကြည်ပါတယ်။
နောက်တစ်ခုက မီဒီယာလွတ်လပ်ခွင့်အခြေအနေတွေကိုလည်း ကမ္ဘာကသိအောင် ပြောနိုင်ဖို့ဆိုတာ မီဒီယာသမား တွေအများကြီးလာတဲ့ ဒီလိုပွဲမျိုးမှာ ပြောခွင့်ရနိုင်တယ်။ ဒါကြောင့် ဒီလို နိုင်ငံတကာပါဝင်တဲ့ မီဒီယာဆွေးနွေးပွဲတွေ အမြဲကျင်းပနိုင်ဖို့ ဆန္ဒပြုပါတယ်။
ဆွေးနွေးပွဲတွင် ဥပဒေနှင့်အလေ့အထများမှ မီဒီယာလွတ်လပ်ခွင့်ကို ရယူခြင်း၊ ပဋိပက္ခဂရုပြု သတင်းရေး သားခြင်း၊ ထူးခြားသတင်းရယူမှုတွင် ဘာသာရေးအကဲဆတ်မှု၊ မီဒီယာနှင့် လူ့အဖွဲ့အစည်းများအကြား စိန်ခေါ်မှု စသည့် ခေါင်းစဉ်များပါဝင်ပြီး ပြည်တွင်း ပြည်ပသတင်းမီဒီယာများမှ သတင်း စာဆရာ ၂ဝဝ ကျော် တက်ရောက်မည်ဖြစ်ကာ စာနယ်ဇင်းဆိုင်ရာ အလေ့ အကျင့်ကောင်းများ ဖလှယ်ရေးအတွက် အရေးပါသော ပလက်ဖောင်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။

No comments:
Post a Comment