Sunday, March 22, 2015

အပြည်ပြည်ဆိုင်ရာ စာနယ်ဇင်းအဖွဲ့( IPI) ၏ ညီလာခံနှင့် မြန်မာနိုင်ငံ


ကမ္ဘာ့ငြိမ်းချမ်းရေးသည် လူသားအချင်းချင်း၏ နားလည် စာနာမှုအပေါ်တွင် များစွာမူတည်သည်။ ထို့အတွက် သတင်း အချက်အလက်မှန်များ ရရှိရေးမှာ မရှိမဖြစ်လိုအပ်သည်။

ထို့ကြောင့် လူသားများအကြား နားလည်စာနာမှုရှိရန် အခြေခံလိုအပ်ချက်အနေဖြင့် ကမ္ဘာတစ်ဝန်းရှိ စာနယ်ဇင်းသမားများအကြား နားလည်စာနာမှုရှိရေး ကို ဖော်ဆောင်ရမည်ဖြစ်သည်။ ယင်းယုံကြည်ချက်နှင့် အညီ အပြည်ပြည်ဆိုင်ရာစာနယ်ဇင်းအဖွဲ့အစည်း (IPI) ကို ဖွဲ့စည်းခဲ့ပါသည်။
အပြည်ပြည်ဆိုင်ရာစာနယ်ဇင်းအဖွဲ့၏ ရည်မှန်းချက်မှာ စာနယ်ဇင်းလွတ်လပ်ခွင့်ကို ကာကွယ်စောင့်ရှောက် ရန်၊ စာနယ်ဇင်းသမားအချင်းချင်းနားလည်မှုဖော်ဆောင်ရန်၊ စာနယ်ဇင်းသမားနှင့် ပြည်သူများအကြား နားလည်မှု ရှိလာစေရန်၊ နိုင်ငံများအကြား တိကျပြီး ဘက်မလိုက်သော သတင်းများ အခမဲ့ ဖလှယ်မှု မြှင့်တင်ရန်နှင့် သတင်းစာ ပညာရပ်များ ဖွံ့ဖြိုးရန်တို့ ဖြစ်ပါသည်။
အပြည်ပြည်ဆိုင်ရာ စာနယ်ဇင်းအဖွဲ့အစည်း၏ ကမ္ဘာ့ညီလာခံ
အပြည်ပြည်ဆိုင်ရာ စာနယ်ဇင်း အဖွဲ့အစည်း (IPI) သည် ကမ္ဘာပေါ်တွင် ရှေးအကျဆုံးနှင့် အထင်ရှားဆုံး ကမ္ဘာ့စာနယ်ဇင်း လွတ်လပ်မှု အဖွဲ့အစည်းဖြစ်ပြီး အယ်ဒီတာများ၊ မီဒီယာ အမှုဆောင်များနှင့် ရှေ့ဆောင် စာနယ်ဇင်း သမားများဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံတကာ ကွန်ရက်တစ်ခုလည်း ဖြစ်ပါသည်။
စာနယ်ဇင်း ကျင့်ဝတ်များ တိုးတက်ရေး၊ သတင်းနှင့် သတင်း အချက်အလက် လွတ်လပ်စွာ စီးဆင်းမှု တိုးတက်ရေး၊ လွတ်လပ်စွာ တွေးခေါ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်ကို ကာကွယ်စောင့်ရှောက်ရေး၊ စာနယ်ဇင်း လွတ်လပ်ခွင့်ကို ထိန်းသိမ်း စောင့်ရှောက်ရန်နှင့် ပိုမိုမြှင့်တင်နိုင်ရန် အတွက် ရည်ရွယ် ဖွဲ့စည်းထားခြင်း ဖြစ်ပါသည်။
IPI ၏ ပြက္ခဒိန်အရ နှစ်စဉ်ကျင်းပသည့် ညီလာခံ တစ်ခုမှာ IPI ကမ္ဘာ့ညီလာခံ ဖြစ်ပါသည်။ အဆိုပါ ညီလာခံသို့ ကမ္ဘာတစ်ဝန်းမှ နာမည်ကြီးသော မီဒီယာ အဖွဲ့အစည်းများမှ ရှေ့ဆောင် စာနယ်ဇင်းသမားများ၊ အစီအစဉ် ညွှန်ကြားရေးမှူးများ၊ အမှုဆောင် အယ်ဒီတာများ၊ ဝါရင့်မီဒီယာ အမှုဆောင်များနှင့် ထိပ်တန်းမီဒီယာ လုပ်ငန်း အမှုဆောင်များ တက်ရောက်ကြပါသည်။
ညီလာခံတွင် ပါဝင် ဆွေးနွေးကြမည့် အဖွဲ့ဝင်များ (Panelists) သည် အကောင်းဆုံး စာနယ်ဇင်း ကျင့်ဝတ်များနှင့် ခေတ်ရေစီးကြောင်းနှင့် လိုက်လျော ညီထွေ ဖြစ်ပေါ်လာစေရေး ဆွေးနွေးရန် အခွင့်အလမ်း တစ်ရပ် ပေးသကဲ့သို့ မီဒီယာနှင့် စာနယ်ဇင်းပညာ ဆင့်ကဲ ပြောင်းလဲလာမှု ဖြစ်ပေါ်လာစေရေး အတွက်လည်း လေးနက်သည့် အတွေးအမြင်များ ပေးလျက် ရှိပါသည်။
ညီလာခံတွင် ဒေသတွင်းနှင့် နိုင်ငံတကာတွင် သတင်း လွတ်လပ်ခွင့်နှင့် လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုခွင့် ပိုမိုရရှိရေး ဆွေးနွေးကြသကဲ့သို့ အမြင်ချင်း ဖလှယ်နိုင်ရေး အတွက်လည်း ထူးခြားသည့် အခွင့်အရေး ပေးလျက်ရှိပါသည်။
လွတ်လပ်ပြီး အမှီအခိုကင်းသော သတင်းမီဒီယာသည် ရေရှည် တည်တံ့သော စီးပွားရေးနှင့် လူမှုရေးဖွံ့ဖြိုး တိုးတက်မှု မြှင့်တင်ရေးနှင့် လူ့အခွင့်အရေး ထိန်းသိမ်းရေး အတွက် အခြေခံအဆင့်ပင် ဖြစ်ပါသည်။ အဆိုပါ ညီလာခံသည် ညီလာခံ ကျင်းပသော ဒေသနှင့် နိုင်ငံအတွင်း ကျွန်ုပ်တို့၏ လုပ်ငန်းများ မြှင့်တင်ရေး အကူ အညီပေးသလို သတိပေးနေသည့် ပလက်ဖောင်းတစ်ခု အနေဖြင့် ကျွန်ုပ်တို့၏ အဖွဲ့ဝင်များနှင့် ကျွန်ုပ်တို့ကို အလုပ် အကျွေးပြုလျက် ရှိပါသည်။ မြန်မာနိုင်ငံ၏ အပြောင်းအလဲသည် အလွန်အရေးပါသော သမိုင်းဝင် အပြောင်းအလဲများကို ရင်ဆိုင်နေရသည့် နိုင်ငံများ၏ အပြောင်းအလဲ ကဲ့သို့ပင် ဖြစ်ပါသည်။
မြန်မာနိုင်ငံတွင် ကျင်းပမည့် IPI ကမ္ဘာ့ညီလာခံ၏ ရည်ရွယ်ချက်များ
မြန်မာနိုင်ငံ၌ ကျင်းပမည့် IPI ကမ္ဘာ့ညီလာခံ၏ ရည်ရွယ်ချက်များမှာ IPI ၏ ကမ္ဘာ့ညီလာခံမှ ရရှိသော အခွင့်အလမ်းကို ထိရောက်စွာ အသုံးပြုကာ ဒေသတွင်း သတင်းလွတ်လပ်မှု အပေါ် အကျိုး သက်ရောက်စေသည့် စာနယ်ဇင်းဆိုင်ရာ ပြဿနာ အချို့ကို ဖြေရှင်းရန်၊ မီဒီယာ လွတ်လပ်မှု၊ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုမှုနှင့် စာနယ်ဇင်း ကျင့်ဝတ်များ ဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ကြေညာချက်ပါ ရပိုင်ခွင့်အတွက် ပလက်ဖောင်းတစ်ခု ဖန်တီးရာတွင်လည်းကောင်း၊ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုများ ဖလှယ်ရေး အတွက် စာနယ်ဇင်းသမားများအား ပေါင်းစု တွေ့ဆုံပေးရေးတွင် လည်းကောင်း လုပ်ငန်း အထမြောက်ရန် လမ်းညွှန်မည့် မဟာဗျူဟာသည် မိမိတို့၏ အထူးတလည် ကျွမ်းကျင်မှု အပေါ် တည်မှီနေကြောင်းကို သိရှိသဘောပေါက်ရန်တို့ ဖြစ်ပါသည်။
IPI ညီလာခံကို မတ်လ ၂၇ ရက်မှ ၂၉ ရက်အထိ ရန်ကုန်မြို့ရှိ Chatrium Hotel Royal Lake ၌ ကျင်းပမည် ဖြစ်ပါသည်။ ညီလာခံသို့ နိုင်ငံပေါင်းစုံမှ စာနယ်ဇင်း အဖွဲ့ဝင်ပေါင်း ၁၅ဝ နှင့် မြန်မာနိုင်ငံမှ ၆ဝ ခန့် တက်ရောက်မည်ဟု သိရသည်။
ညီလာခံမှ ရရှိနိုင်မည့် အကျိုးကျေးဇူး
ညီလာခံသည် အာရှနှင့် ကမ္ဘာတစ်ဝန်းရှိ စာနယ်ဇင်း သမားများနှင့် မြန်မာနိုင်ငံရှိ စာနယ်ဇင်းသမားများ အကြား ဆက်ဆံရေး တိုးမြှင့်နိုင်မည့် အပြင် အရေးကြီးသော ကွန်ရက် ချိတ်ဆက်မှု အခွင့်အလမ်း တစ်ရပ်ကိုပါ ဖော်ဆောင်ပေးမည် ဖြစ်သည်။
ညီလာခံသည် အကောင်းဆုံးသော စာနယ်ဇင်းဆိုင်ရာ အလေ့အကျင့်များ ဖလှယ်ရေးအတွက် အရေးပါသော ပလက်ဖောင်းတစ်ခု ဖြစ်လာမည် ဖြစ်သည်။
ညီလာခံမှ တစ်ဆင့် လွန်ခဲ့သော သုံးနှစ်က မြန်မာနိုင်ငံ၏ ကြီးမားသော တိုးတက် ပြောင်းလဲမှုများနှင့် ဒီမိုကရေစီ ၏ အနှစ်သာရ အဖြစ် စာနယ်ဇင်း လွတ်လပ်မှုကို ဖော်ဆောင်ခဲ့သော မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုများ အပေါ် နိုင်ငံတကာက အာရုံစိုက်လာမည် ဖြစ်သည်။ ထို့အပြင် တက်ရောက်လာသူများ အနေဖြင့် မြန်မာနိုင်ငံ၏ အသွင် ကူးပြောင်းရေး လုပ်ငန်း အောင်မြင်မှုများအပေါ် အရေးကြီးသော သင်ခန်းစာများ ထုတ်ယူနိုင်ကြမည်ဖြစ်သည်။
ညီလာခံသည် မြန်မာနိုင်ငံရှိ ကောင်းမွန်သောမီဒီယာ ပတ်ဝန်းကျင် ဖွံ့ဖြိုး တိုးတက်ရေး အတွက် ဖော်ဆောင် ပေးမည့် မြန်မာအစိုးရ၏ သက်ဆိုင်ရာ အဖွဲ့အစည်းများ နှင့် IPI အကြား ဆက်ဆံရေးနှင့် ယုံကြည်မှုပိုမို မြှင့်တင်နိုင်မည်ဟု မျှော်လင့်ရပါသည်။
မတ်လ ၂၇ ရက်တွင် အပိုင်း (၁)အဖြစ် ဥပဒေနှင့် အလေ့အထများမှ တစ်ဆင့် မီဒီယာ လွတ်လပ်ခွင့် ရယူခြင်း ခေါင်းစဉ်ဖြင့် ဆွေးနွေး ကြမည်ဖြစ်သည်။
ယင်းခေါင်းစဉ်အောက်တွင် ၂ဝ၁၁ ခုနှစ်မှစပြီး မြန်မာ နိုင်ငံ၌ ထူးခြားသည့် ဖွံ့ဖြိုး တိုးတက်မှု အချို့ရရှိခဲ့မှု၊ ယင်း ဖွံ့ဖြိုး တိုးတက်မှုမှ တစ်ဆင့် လွတ်လပ်ပြီး အမှီအခိုကင်းသော မီဒီယာတစ်ရပ် အတွက် ဥပဒေဆိုင်ရာ ပတ်ဝန်းကျင် တစ်ရပ် ဖော်ဆောင်နိုင်ခဲ့မှု၊ နှစ် ၅ဝ အတွင်း ပထမဦးဆုံး အနေဖြင့် ပုဂ္ဂလိက သတင်းစာများ ထုတ်ယူခွင့်ရပြီး စိစစ် ဖြတ်တောက်မှု လုပ်ငန်းများ ဖျက်သိမ်းခဲ့မှု၊ စာနယ်ဇင်း ဥပဒေအသစ်များ ပြဋ္ဌာန်းခဲ့မှု၊ ပြည်သူ့ဝ န်ဆောင်မှု မီဒီယာ ဥပဒေအား လွှတ်တော်တွင် တင်ပြ ဆွေးနွေးထားမှု၊ မြန်မာနိုင်ငံတွင် မလိုလားအပ်သော ဥပဒေဟောင်းများ ကျန်ရှိနေဆဲဖြစ်ပြီး ယင်းဥပဒေဟောင်းများက စာနယ်ဇင်း လွတ်လပ်ခွင့် အပေါ် ခြိမ်းခြောက်နေမှုတို့ကို ဆွေးနွေးကြမည် ဖြစ်သည်။
အပိုင်း (၂) အဖြစ် ထိလွယ် ရှလွယ်သော ပဋိပက္ခ သတင်း ရေးသားခြင်း သင်ခန်းစာများ ဆွေးနွေးကြမည် ဖြစ်သည်။
ယင်းခေါင်းစဉ်အောက်တွင် ကမ္ဘာပေါ်၌ ပဋိပက္ခ ဆက်လက် ရှိနေသရွေ့ စာနယ်ဇင်း သမားများလည်း ဆက်ပြီး သတင်းယူကြမည့် အခြေအနေ၊ ထိုသို့သော အခြေအနေတွင် သတင်းစာပညာသည် ပြည်သူအတွက် မရှိ မဖြစ် လိုအပ်လျက်ရှိရာ ပဋိပက္ခ လျော့နည်းသွားရေး အတွက် စာနယ်ဇင်းသမားများ၏ အခန်းကဏ္ဍ ပို၍ကြီးမားလာမှု၊ သတင်းသမားများ၏ ကလောင် သို့မဟုတ် ကင်မရာများကို လက်နက် အဖြစ် ရှုမြင်ကြသည် ဖြစ်ရာ ပဋိပက္ခအတွင်း ကျရောက်လာမည့် အန္တရာယ်များကို မည်သို့ကြိုတင် ကာကွယ်ရမည်တို့ကို ဆွေးနွေးကြမည် ဖြစ်သည်။
အပိုင်း(၃) အဖြစ် နောက်ဆုံးရ ထူးခြားသတင်း (Brea- king News) ရယူရာတွင် ဘာသာရေးဆိုင်ရာ အကဲဆတ် မှုဟူသော ခေါင်းစဉ်ဖြင့် ဆွေးနွေးကြမည် ဖြစ်သည်။
ယင်းခေါင်းစဉ်အောက်တွင် သတင်းဌာနများ အနေဖြင့် ဘာသာရေးဆိုင်ရာ ပြဿနာများကို ဆောင်းပါးများ သို့မဟုတ် မှတ်တမ်း မှတ်ရာများဖြင့် ရေးသား ဖော်ပြခဲ့ကြသည်။ သို့သော် နောက်ဆုံးရ ထူးခြားသတင်းများကို မည်သို့ ရယူ ရေးသားကြမလဲ၊ တင်းကျပ်သော အခြေအနေမျိုးတွင် သတင်းသမားများ အနေဖြင့် တိကျမှုရ အောင် လုပ်ဆောင်နိုင်သည့် လုပ်ငန်းများ ရှိပါသလား၊ အရေးအခင်းတစ်ခုနှင့် ပတ်သက်ပြီး ဘာသာရေး ဆိုင်ရာ သတင်း ရေးသားရာတွင် သတင်းသမားများ အနေဖြင့် မျှတအောင် ဆောင်ရွက်ပေးနိုင်မလား၊ ဘာသာရေး ခေါင်းဆောင်များ အနေဖြင့် ၎င်းတို့၏အသံကို ကြားရအောင် ကြိုးစားနိုင်တုန်းပဲလားဆိုသည့်အချက်များကို ဆွေးနွေးကြမည် ဖြစ်သည်။
ကျန်အပိုင်းများတွင် သတင်းဌာနရှိ စာတည်းဌာနနှင့် ဘဏ္ဍာရေးဌာနများ အကြား ဖြစ်လေ့ဖြစ်ထ ရှိသော တင်းမာမှုများ၊ အများယုံကြည် လက်ခံနိုင်မှုကို မထိခိုက် စေဘဲ ဝင်ငွေတိုးပွားမည့် အကောင်းဆုံးသော မူဝါဒ အလေ့အထများ သတ်မှတ်ရေးသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်ခြင်း၊ သတင်းဌာနများ ခေတ်နှင့်အမီ လိုက်နိုင်ရန် ၎င်းတို့၏ စီးပွားရေးပုံစံ အသွင်အပြင်များ သတ်မှတ် လိုက်ကြသည် ဖြစ်ရာ ပါဝင်သည့် အကြောင်းအရာ အပေါ် မည်သို့ မည်ပုံ ထိခိုက်နိုင်မှုနှင့် မည်သို့သော သင်ခန်းစာ ရရှိနိုင်မှု တို့ကို ဆွေးနွေးကြမည် ဖြစ်သည်။
ထို့အပြင် မြန်မာနိုင်ငံ အတွင်းရှိ မီဒီယာနှင့် လူ့အဖွဲ့ အစည်းများသည် စိန်ခေါ်မှုများစွာနှင့် ရင်ဆိုင်နေရချိန် တွင် Hate Speech အသုံးအနှုန်း မြင့်တက်လာသည်မှာ အထူးပြဿနာတစ်ရပ် ဖြစ်လာမှု၊ ယင်းကဲ့သို့သော အငြင်းပွားစကား အမျိုးအစားက သတင်းမီဒီယာ ရယူရာတွင် စတင် ထိခိုက်လာပါသလား၊ ယင်းအငြင်းပွား စကားများ ကန့်သတ်မှု၊ ကိုင်တွယ်မှု ပြုလုပ်ရာတွင် အောင်မြင်အောင် ဘာကို အသုံးပြုရမလဲ၊ လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့်ကို လေးစား တန်ဖိုးထားနေဆဲ အချိန်တွင် သတင်းသမားများအနေဖြင့် အမုန်းပွား စကားများကို ရှောင်ရှားနိုင်မည်လား၊ ယင်းဖြစ်စဉ်တွင် မီဒီယာအသစ်များ၏ အခန်းကဏ္ဍက ဘယ်လိုရှိမလဲ စသည်တို့ကို ဆွေးနွေးကြမည် ဖြစ်သည်။
ထိုခေါင်းစဉ်များနှင့်အတူ အရေးအခင်းတစ်ခုကို ပုံကြီးချဲ့ခြင်း သို့မဟုတ် အထိတ်တလန့်ဖြစ်အောင် ပြုလုပ်ခြင်းမရှိဘဲ အရေးကြီးသတင်းများ ဖြန့်ဝေရေး တာဝန်ကို မည်သို့ယူမလဲ၊ သတင်းစိစစ်မှုကို ထိန်းချုပ် သော ကြိုးပမ်းမှုများသည် အာဏာရှိသူတို့ကို ကာကွယ်ရန် သက်သက် မဖြစ်ရေးအတွက် သတင်းသမားများ မည်သို့ လုပ်ဆောင်ကြမလဲ၊ ထိလွယ်ရှလွယ် သတင်းရေးသားသည့် အာရှဒေသမှ သတင်းသမားများ အနေဖြင့် ခြိမ်းခြောက်မှုများ၊ အန္တရာယ်များနှင့် ရင်ဆိုင်နေရမှု၊ မှုခင်းနှင့် အကျင့်ပျက် ခြစားမှုများ တိုက်ဖျက်ရေးနှင့် ဖော်ထုတ်ရေးတွင် ၎င်းတို့ အခန်းကဏ္ဍ အရေးကြီးမှု စသည့် အကြောင်းအရာများကိုလည်း ဆွေးနွေးကြမည် ဖြစ်သည်။
ထို့အပြင် နိုင်ငံများအနေဖြင့် သတင်းသမားများ အတွက် ဘေးကင်း လုံခြုံမှုရှိအောင် ကောင်းမွန်စွာ မဆောင်ရွက် နိုင်သေးသည့် အခြေအနေတွင် အန္တရာယ် ကြုံတွေ့နိုင်သော ဝန်ထမ်းများ အတွက် လုံခြုံဘေးကင်းမှု အဆင့်အတန်းကို အယ်ဒီတာများက မြှင့်တင်ပေးနိုင် ပါသလား။ ဘာသာရေး ပြဿနာသည် ကမ္ဘာတစ်ဝန်း အာရုံစိုက်နေရသည့် ပြဿနာဖြစ်ရာ မြန်မာနိုင်ငံကဲ့သို့သော အသွင်ကူးပြောင်းရေး နိုင်ငံတစ်နိုင်ငံတွင် ဘာသာရေးကြောင့် ဖြစ်သော တင်းမာမှုများကို မီဒီယာများက ထိန်းချုပ်နိုင်ပါသလား။
နိုင်ဂျီးရီးယား၊ အစ္စရေးနှင့် ပါလက်စတိုင်းကဲ့သို့ သောနိုင်ငံများတွင် ဘက်လိုက်မှုမရှိဘဲ နိုင်ငံရေးပဋိပက္ခ များနှင့် လူမှုရေး မတည်ငြိမ်မှုများကို သတင်းရယူရေးသား နိုင်ကြပါသလား၊ ငြိမ်းချမ်းရေး မြှင့်တင်ရာတွင် မီဒီယာများက တာဝန် ရှိပါသလား၊ ထောင်ကျခံ အသတ်ခံရသော သတင်းသမားများ၏ မိသားစုများ အနေဖြင့် မီဒီယာ ပညာရပ်အပေါ် ၎င်းတို့၏ အမြင်၊ ပဋိပက္ခနှင့် သဘာဝ ဘေးအန္တရာယ် ကျရောက်ချိန်တွင် ကျွမ်းကျင်သူများ၏ အကြံဉာဏ်နှင့်အတူ ယင်းမိသားစုဝင်များနှင့် သတင်းဌာနများက သတင်းသမားများကို မည်သို့ဘေးကင်း အောင်လုပ်မည်၊ သတင်းသမား မိသားစုများကို မည်သို့ အကာအကွယ်ပေးမည် စသည်ဖြင့် ဆွေးနွေးကြမည် ဖြစ်သည်။

မြန်မာနိုင်ငံရှိ စာနယ်ဇင်းသမားများ အတွက် အသိအမြင်များ တိုးပွားစေပြီး နိုင်ငံတကာမှ စာနယ်ဇင်းသမား များအနေဖြင့်လည်း မြန်မာနိုင်ငံ၏ ပကတိ အခြေအနေကို မြင်တွေ့ခွင့် ရရှိစေမည့် အခွင့်အရေး တစ်ရပ်ဖြစ် သော မြန်မာနိုင်ငံ၌ ပထမဆုံးအကြိမ် ကျင်းပ ပြုလုပ်မည့် အပြည်ပြည်ဆိုင်ရာ စာနယ်ဇင်း အဖွဲ့အစည်း (IPI) ညီလာခံကို ယခု ဆောင်းပါးဖြင့် ဂုဏ်ပြု ကြိုဆိုလိုက်ရပါသည်။ ။

No comments:

Post a Comment