အမေး၊ အရေး မင်းမင်းဇော်(သတင်းစဉ်)
ဓာတ်ပုံ - ကျော်ထိုက်စိုး
နေရောင်ခြည် စွမ်းအင်သုံး လေယာဉ် Solar
Impulse-2 သည် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်အတွင်း ရပ်နားလျက် ရှိသည့်နည်းတူ ဆိုလာ
လေယာဉ်မှူးများနှင့် တာဝန် ရှိသူများကလည်း သန့်ရှင်းသည့် သဘာဝစွမ်းအင်ဖြင့် လူမှုစီးပွားဘဝများ
ဖွံ့ဖြိုး တိုးတက် နိုင်သည်များကို လေ့လာသူများအား ဟောပြောလျက် ရှိသည်။
လေ့လာသူများက မိမိတို့ သိလိုသည်များကို လွတ်လပ်စွာ
မေးမြန်းရသည့် အတွက် ကျေနပ် ဝမ်းမြောက်သည့် အသံများကို မြင်တွေ့ ကြားသိနေရသည်။ ဆန်းသစ်
တီထွင်လိုမှု၊ စိတ်အား ထက်သန်မှု ဟူသည့် အပြန်အလှန် ပြောဆိုသံများကလည်း လေဆိပ် ဧရိယာတစ်ဝန်း
ပျံ့နှံ့လျက်ရှိသည်။ ထိုထက်သန် မျှော်လင့် နေကြသည့် အသံများနှင့် ပတ်သက်၍ မျှဝေခံစားနိုင်ရန်
ပြန်လည် ရေးသား တင်ပြလိုက်ရပါသည်။
ဦးတင်အေး (ဥက္ကဋ္ဌ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်)
ဆန်းသစ်တဲ့ နည်းပညာတွေနဲ့ ရောက်လာတဲ့ လေယာဉ်ကို
ကြိုဆိုရမယ်။ အတတ်ပညာတွေကို လေ့လာ ဆည်းပူးရမယ်။ လေ့လာ သင်ယူတတ်ဖို့ လိုအပ်တယ်။ တို့တစ်တွေလည်း
ဒီလို ဘယ်လိုလုပ်မလဲ ဆိုတဲ့ အတွေးအမြင် တွေရပြီး ဆန်းသစ်တဲ့ နည်းပညာတွေ ရအောင် ကြိုးစားသွားဖို့
လိုတယ်။ လေ့လာပြီး မေ့လိုက်တယ် ဆိုတာ အကျိုးမရှိဘူး။ လေ့လာပြီးရင် လုပ်နိုင်အောင် ကြိုးစားရမယ်။
ဆရာမ ဒေါ်ဌေးဌေး (ဖောင်တော်ဦး ပရဟိတ ဘုန်းတော်ကြီးသင်
ပညာရေး ကျောင်း၊ မန္တလေး)
ဆိုလာ လေယာဉ်အကြောင်းကို သတင်းစာတွေ တီဗွီတွေထဲမှာ
ကြားဖူးနေတာ ကြာပါပြီ။ ပါရမီစွမ်းအင်အဖွဲ့ရဲ့ ကူညီမှုတွေနဲ့ ဒီကို လာရောက်လေ့လာ ဖြစ်ပါတယ်။
ကျောင်းသား ကျောင်းသူ ၁၈ဝ ကျော်နဲ့ လာရောက် လေ့လာခြင်း ဖြစ်ပါတယ်။ ကျွန်မတို့ကျောင်းက
ကလေးတွေ ကိုယ်တိုင် မြင်တွေ့လေ့လာ ရတော့ သူတို့စိတ်တွေထဲမှာ တီထွင် ဆန်းသစ်လိုမှုတွေ
ဖြစ်ပေါ်နေမှာ အမှန်ပါပဲ။ သူတို့ကို မေးကြည့်ရင် တစ်နေ့မှာ ငါတို့လည်း ဒီလို တီထွင်
ဆန်းသစ်နိုင်ရမယ် ဆိုတဲ့ အသံတွေကို ကြားသိရမှာ ဖြစ်ပါတယ်။
မဟေမာစိုး (ကျောင်းသူ၊ ဖောင်တော်ဦး ပရဟိတ ဘုန်းတော်ကြီးသင်
ပညာရေးကျောင်း)
သမီးတို့ ကျောင်းကနေ ဆိုလာ လေယာဉ်လေ့လာဖို့
စီစဉ်ပေးလို့ လာရောက် လေ့လာခြင်း ဖြစ်ပါတယ်။ အရင်က ဆိုလာရဲ့ ကောင်းကျိုးတွေကို စာအုပ်တွေထဲမှာပဲ
လေ့လာခဲ့ရတယ်။ နေရောင်ခြည် စွမ်းအင်နဲ့ သဘာဝ ပတ်ဝန်းကျင်ကို မထိခိုက်စေဘဲ ကောင်းကျိုး
ပြုစေတဲ့ အကြောင်းတွေရောပေါ့။ လူတွေက ဆိုလာနဲ့ ကောင်းကင်မှာ ပျံသန်းဖို့ ဆိုတာ မယုံကြည်ခဲ့ကြဘူး။
အဲဒါကို ဒီနေ့ လက်တွေ့ မြင်တွေ့ရတော့ တအံ့တဩ လေ့လာမိတယ်။ ကိုယ်တိုင် စီးဖူးချင်တယ်။
ကိုယ်တိုင် တီထွင်ချင်လာတယ်။ အဓိကကတော့ ပညာပေါ့လေ။ နည်းပညာတွေကို အဆက်မပြတ် လေ့လာနေဖို့
လိုပါတယ်။
ဆရာမ ဒေါ်ရွှေရည်ဦး (ဖောင်တော်ဦး ပရဟိတ ဘုန်းတော်ကြီးသင်
ပညာရေးကျောင်း၊ မန္တလေး)
သတင်းစာတွေမှာ ဖတ်ရလို့ ဒီဆိုလာလေယာဉ် အကြောင်းကို
တော်တော်လေး သိထားပါတယ်။ ဆရာတော်ကလည်း သေချာလေ့လာဖို့ တိုက်တွန်းတယ်ရှင့်။ ကျွန်မ ကိုယ်တိုင်ကလည်း
လေ့လာချင်လို့ ဒီကိုရောက်လာ တာပေါ့။ ဒီကိုရောက်တော့ သိချင်တာတွေကို လွတ်လွတ်လပ်လပ်
မေးမြန်းခွင့် ရတယ်။ သူတို့ကလည်း စိတ်ပါလက်ပါ ဖြေပေးတော့ ကျွန်မတို့ တော်တော်လေး ဗဟုသုတလည်းရ၊
ဝမ်းလည်း သာကြတယ်။ ဒီဆိုလာစွမ်းအင်နဲ့ ပတ်သက်လို့ ကျောင်းသား ကျောင်းသူတွေကို သင်ပေးသင့်တယ်
ဆိုတဲ့ အသိတွေလည်း ဝင်လာတယ်။ လူငယ်တွေက ဒီလိုအလုပ်တွေ ဆက်လက်လုပ်နိုင်မှာ ဖြစ်တဲ့အတွက်
ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ရဖို့ လိုအပ်ပါတယ်။ ဆန်းသစ် တီထွင်လိုစိတ်တွေ ဖြစ်ပေါ်
စေနိုင်တဲ့ စာသင်နည်းတွေလည်း လိုအပ်ပါတယ်။
မအိဇင်မွန် (အဖွဲ့ခေါင်းဆောင်၊ ဖောင်တော်ဦး
ပရဟိတ ဘုန်းတော်ကြီးသင် ပညာရေးကျောင်း လေ့လာရေး အဖွဲ့)
အခု ကျွန်မတို့လေ့လာရေးအဖွဲ့မှာ ဆရာ ဆရာမတွေ
အပါအဝင် ကျောင်းသား ကျောင်းသူ ၁၈ဝ ကျော် ပါဝင်ပါတယ်။ အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ
မြန်မာနိုင်ငံကိုပဲ ဆင်းသက်တာ ဖြစ်တဲ့အတွက် ဝမ်းသာ မိပါတယ်။ အပြင်မှာ လက်တွေ့ လေ့လာခွင့်ရတဲ့အတွက်
ကျွန်မတို့ဟာ ကံကောင်းတဲ့သူတွေ ဖြစ်တယ်လို့ ဆိုနိုင်ပါတယ်။ အခု ကျွန်မတို့ ကျောင်းမှာ
နေရောင်ခြည် စွမ်းအင်နဲ့ ပတ်သက်ပြီး သင်ကြား ပေးနေပါတယ်။ ကျွန်မတို့ ကျောင်းသား ကျောင်းသူတွေဟာ
စာတွေ့တင် မဟုတ်ဘဲ အပြင်မှာ လက်တွေ့လေ့လာခွင့်ရနေ ကြတာဖြစ်ပါတယ်။ ဒါဟာ တိုင်းပြည် အတွက်
အကျိုးဖြစ်ထွန်းစေမယ့် သဘောတရားလည်း ဖြစ်ပါတယ်။ ကျောင်းသား ကျောင်းသူတိုင်းကို ကိုယ်ပိုင်စဉ်းစားတွေးခေါ်မှု
စွမ်းရည်တွေ မြင့်မားတိုးတက်လာအောင် ဆောင်ရွက် ပေးနိုင်မယ်ဆိုရင် ဒါဟာ ကျွန်မတို့တစ်တွေရဲ့
တိုးတက်မှုပဲ ဖြစ်ပါတယ်။
မအေးချမ်းအောင် (အမှတ်(၂၉) အခြေခံပညာ အထက်တန်းကျောင်း၊
ပြည်ကြီးတံခွန်မြို့နယ်)
ဒီနေရောင်ခြည် စွမ်းအင်သုံး လေယာဉ်ကို လက်တွေ့
လေ့လာရတော့ ကျွန်မအံ့ဩမိတယ်။ ဓာတ်ဆီ ဒီဇယ် လေယာဉ်ဆီတွေ မပါဘဲ ဘယ်လို ပျံသန်းနိုင်သလဲ
ဆိုတာကိုပေါ့၊ လေ့လာ မိသလောက်ကို ကျောင်းက သူငယ်ချင်း တွေကို ပြန်ပြီး ပြောပြရှင်းပြမယ်။
ကျွန်မတို့လည်း ဒီလို တီထွင်နိုင်အောင် ကြိုးစားမယ်။
ဆရာမ ဒေါ်ထိုက်ထိုက်ဝင်း (အမှတ် (၂၉) အခြေခံပညာ
အထက်တန်း ကျောင်း၊ ပြည်ကြီးတံခွန်မြို့နယ်)
ကျွန်မကိုယ်တိုင်လည်း လေ့လာချင်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့
ကလေးတွေကို နေရောင်ခြည် စွမ်းအင်နဲ့ လေထဲမှာ ပျံသန်းလို့ရတယ် ဆိုတာကို ရှင်းပြချင်လို့ပါ။
ကျွန်မမှာ သား သုံးယောက် ရှိတယ်။ ကျွန်မသားတွေ၊ ကျွန်မတပည့်တွေကို တီထွင် ဆန်းသစ်လိုမှုတွေ
ရှိအောင် သွန်သင်သွားမှာပါ။ အဆင့်မြင့် စွမ်းအင်တွေနဲ့ လောကကြီးကို တည်ဆောက်နေပြီ ဆိုတာကို
ပြောပြသွားမှာ ဖြစ်ပါတယ်။ ။



No comments:
Post a Comment