ဒို့ပြည်ထောင်စု
ဒို့ညီနောင်ထု
ဒို့တည်ထောင်မှု
ယှဉ်တုနှောင့်ယှက်၊ ဝင်စွက်ဖက်သော်
လှေခွက်ချည်းကျန်၊ မလျှော့မာန်နှင့် . . .
အလံမလှဲ၊ သတ္တိဇွဲနှင့် . . .
ကျူးလည်း မခံ၊ မာန်လည်း မကြောက်
ခြောက်လည်း မလန့်၊ ဟန့်လည်း မဖယ်
ဆွယ်လည်း မလိုက်၊ တိုက်လည်း မဆုတ်
ကျားကုတ်ကျားခဲ၊ အားကုန်နွှဲ၍
တုံးပဲတိုက်တိုက်၊ ကျားကိုက်ကိုက်တည့်
မငိုက်ဦးခေါင်း၊ စဉ်လာကောင်းဖြင့်
ထောင်းထောင်းကြေညက်၊ မှုန်းချေဖျက်ကာ
ပြည့်တွက်စွန့်စားခဲ့ကြသည်။
သမိုင်းကြောင်းက သက်သေတည်။
လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာသည့် မြန်မာ့တပ်မတော်
ကြည်းတပ်၊ ရေတပ်၊ လေတပ်တို့ဖြင့် ဖွဲ့စည်းထားရှိသည့်
မြန်မာ့ တပ်မတော် ဖြစ်တည် ပေါ်ပေါက်ခဲ့သည်မှာ နှစ်ပေါင်း (၇ဝ) တိုင်ခဲ့ပြီ ဖြစ်ပါသည်။
မြန်မာ့တပ်မတော်၏ သမိုင်းကြောင်းသည် မြန်မာနိုင်ငံ၏ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းနှင့်အတူ
ယှဉ်တွဲ ပေါက်ဖွားလာခဲ့ပြီး တပ်မတော်နှင့် ပြည်သူတို့၏ အမျိုးသားရေး ပေါင်းစည်း စွမ်းအားစုဖြင့်
နိုင်ငံ့ လွတ်လပ်ရေးကို အရယူပေးနိုင်ခဲ့ပါသည်။
ကျွန်ုပ်တို့နိုင်ငံ သူ့ကျွန်ဘဝ ကျရောက်ခဲ့ရခြင်းနှင့်
နှစ်ပေါင်း တစ်ရာကျော်မျှ ကျွန်သက် ရှည်ခဲ့ရခြင်းများ၏ အဓိက အကြောင်းအရင်း တစ်ချက်သည်
ထိုစဉ်က နိုင်ငံကို ကာကွယ်နိုင်စွမ်း ရှိသော စနစ်တကျ ဖွဲ့စည်းထားသည့် အမြဲတမ်း တပ်မတော်
တစ်ရပ် မရှိခဲ့၍ဟု ဆိုလျှင် မည်သူမျှ ငြင်းနိုင်မည် မထင်ပါ။
မျိုးချစ် စိတ်ဓာတ် မည်မျှပင် လွှမ်းခြုံပတ်ပါစေ၊
စနစ်မကျသော၊ အကွဲကွဲ အပြားပြား ဖြစ်နေသော မြန်မာ့တော်လှန်ရေး အင်အားစုများ၏ နယ်ချဲ့
ဆန့်ကျင်ရေး တိုက်ပွဲများသည် မထိရောက်ခဲ့ဘဲ နှစ် ၁ဝဝ ကျော် သူတစ်ပါး လက်အောက် ကျွန်သပေါက်ဘဝနှင့်
ကျွန်သက် ရှည်ခဲ့ကြရသည် မဟုတ်ပါလော။
ထို့ကြောင့်လည်း ခေတ်ပညာတတ် မျိုးချစ်လူငယ်များ၏
ကြံစည် ကြိုးပမ်း အားထုတ်မှုနှင့်အတူ တပ်မတော်၏ ဖခင် လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း
ဦးဆောင်သော ရဲဘော် သုံးကျိပ်ဖြင့် ယနေ့မြန်မာ့ တပ်မတော်၏ အစ ဗမာ့လွတ်လပ်ရေး တပ်မတော်
(BIA) ကို ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာလ (၂၇) ရက်နေ့တွင် စနစ်တကျ စတင် ဖွဲ့စည်းနိုင်ခဲ့ပါသည်။
မျိုးချစ်တပ်မတော်
ရဲဘော်သုံးကျိပ် အစပြု ထူထောင်ခဲ့သည့် ဗမာ့လွတ်လပ်ရေး
တပ်မတော် (BIA) ကို လွယ်ကူ ချောမွေ့စွာ ထူထောင် ဖွဲ့စည်းနိုင်ခဲ့ခြင်း မဟုတ်ပါ။ နယ်ချဲ့
ဗြိတိသျှများကို တော်လှန် တိုက်ထုတ်ရန် စနစ်တကျ ဖွဲ့စည်းထားသည့် လက်နက်ကိုင် တော်လှန်ရေးတစ်ရပ်
ဆင်နွှဲခြင်းဖြင့်သာလျှင် အောင်မြင်နိုင်မည်ကို သိရှိလာသည့် ဗိုလ်ချုပ် အောင်ဆန်း (ထိုစဉ်က
သခင်အောင်ဆန်း) ဦးဆောင်သော မျိုးချစ် လူငယ်များက အခက်အခဲ ပေါင်းများစွာကို ဖြတ်သန်းကာ
ဂျပန်တို့ထံတွင် စစ်ပညာများ သင်ယူ၍ လက်မောင်းသွေး ဖောက်ကာ သစ္စာရေသောက်၍ စတင် သန္ဓေတည်ခဲ့ခြင်း
ဖြစ်ပါသည်။ ထို့ကြောင့် မြန်မာ့ တပ်မတော်သည် နိုင်ငံတော် လွတ်လပ်ရေးကို အရယူပေးရန်
မွန်မြတ်သော ရည်ရွယ်ချက်ဖြင့် မျိုးချစ် လူငယ်တို့ဖြင့် စတင်စုစည်း ထူထောင်ခဲ့ခြင်းကြောင့်
မျိုးချစ် တပ်မတော် ဟူသော အစဉ်အလာ ကောင်းကို ပိုင်ဆိုင်ခဲ့ပါ၏။ ခေတ် အဆက်ဆက် တွင်လည်း
မျိုးချစ် တပ်မတော် ပီသစွာ မယိုင်မလဲ ခိုင်မြဲသော အဖွဲ့အစည်းကြီး တစ်ခုအဖြစ် ဆက်လက်
ရှင်သန်လျက် ရှိပါသည်။
ထိုစဉ်က တပ်မတော်သည် နိုင်ငံ့ လွတ်လပ်ရေးကို
အရယူပေးလိုကြသည့် မြန်မာ့သားကောင်း ရတနာများ ဖြစ်ကြသည့် ကချင်၊ ကယား၊ ကရင်၊ ချင်း၊
ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း ပြည်ထောင်စုသား သွေးချင်းများ အားလုံး စုဝေးရာနေရာ ဖြစ်လာခဲ့ပြီး
ဂျပန်တို့နှင့် ပူးပေါင်းကာ နယ်ချဲ့စနစ်ကို တိုက်ထုတ် ချေမှုန်းနိုင်ခဲ့ပါသည်။ အလားတူ
ယနေ့ခေတ်တွင်လည်း ပြည်ထောင်စုသား သွေးချင်းများဖြင့် စုစည်းထားသော တပ်မတော်ကြီးကို
ခေတ်မီ တပ်မတော် ဖြစ်စေရေး အတွက် ကြိုးပမ်း တည်ဆောက်လျက် ရှိပါသည်။
ဂျပန်တို့ပေးခဲ့သည့် လွတ်လပ်ရေးမှာ ရွှေရည်စိမ်မျှသာ
ဖြစ်ပြီး ဖက်ဆစ်ဝါဒအောက် တစ်ဖန် ကျရောက် ခဲ့ရပြန်ပါသည်။ ဖက်ဆစ်ဂျပန်တို့ အနေဖြင့် တစ်စတစ်စ
အင်အား တိုးတက် ကြီးထွားလာသော မြန်မာ့ လွတ်လပ်ရေး တပ်မတော် (BIA)ကို စိုးရိမ်မှုရှိလာပြီး
အင်အား အဆမတန် လျှော့ချစေလျက် ဗမာ့ ကာကွယ်ရေး တပ်မတော် (BDA) အဖြစ်သို့ ၁၉၄၂ ခုနှစ်
ဇူလိုင်လ ၂၇ ရက်နေ့တွင် ပြောင်းလဲ ဖွဲ့စည်းပေးခဲ့ပါသည်။ မည်သို့ပင် တပ်မတော်၏ အင်အားကို
လျှော့ချစေကာမူ မျိုးချစ်စိတ်မာန် အရင်းခံ၍ ရှင်သန်ဆင့်ဆင့် ရင့်ကျက် ထွန်းပေါ် တပ်မတော်၏
စုစည်းမှုအား၊ ပြည်သူတို့၏ ယုံကြည် ထောက်ခံမှု အားတို့ကိုမူ ရိုက်ချိုး ချေဖျက်နိုင်ခဲ့ခြင်း
မရှိခဲ့ပါ။
ပြည်သူတို့ လိုလား တောင့်တသည်က အချုပ်အခြာ အာဏာ
ပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံ အဖြစ် လွတ်လပ်ရေး၊ ဖက်ဆစ်တို့ ပေးအပ်သည်က အတုအယောင်
ရွှေရည်စိမ် လွတ်လပ်ရေး ဖြစ်လေရာ ရက်စက် ယုတ်မာ ရိုင်းစိုင်းသော ဖက်ဆစ် စနစ်ဆိုးအောက်မှ
လွတ်မြောက်ရန်မှာ ဖက်ဆစ်ဂျပန်တို့ကို တော်လှန်ရန်မှတစ်ပါး အခြားနည်းလမ်း မရှိတော့သည်ကို
သိမြင်လာခဲ့ပါသည်။
ဖက်ဆစ်ဂျပန်ကို တိုက်ထုတ်နိုင်စွမ်း ရှိသော
အဖွဲ့အစည်းမှာ ပြည်သူလူထုနှင့် တစ်သားတည်း ရှိနေသော၊ ပြည်သူကြားမှ ပေါက်ဖွားလာသော၊
မျိုးချစ်လူငယ် တိုင်းရင်းသား ပေါင်းစုံပါဝင်သော ပြည်ထောင်စု တပ်မတော်ပင် ဖြစ်ပါသည်။
တပ်မတော်နေ့ပေါ်ပေါက်လာပုံ
တပ်မတော်၏ ဖခင် ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသော
မြန်မာ့တပ်မတော်သည် ဖက်ဆစ်ဂျပန်အား မြန်မာ့မြေမှ အပြီးတိုင် တိုက်ထုတ်ရန် ဆုံးဖြတ်၍
၁၉၄၅ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် ရန်ကုန်မြို့တော်လှန်ရေး ပန်းခြံ၌ စစ်ထွက်အခမ်းအနား
ကျင်းပကာ မတ်လ ၂၇ ရက်နေ့တွင် မြန်မာ့တပ်မတော်နှင့် အတူ တစ်တိုင်း တစ်ပြည်လုံး ပါဝင်သော
တော်လှန်မှုဖြင့် ဖက်ဆစ် ဂျပန်တို့အား အတိအလင်း စစ်ကြေညာ၍ တိုက်ခိုက်ခဲ့ပါသည်။
မြန်မာ့လွတ်လပ်ရေးကို အရယူပေးနိုင်ခဲ့သည့်၊
နယ်ချဲ့နှင့် ဖက်ဆစ်စနစ်ကို မြန်မာ့မြေမှ အပြီးတိုင် မောင်းထုတ်နိုင်ခဲ့သည့် အဓိကလက်နက်မှာ
တပ်မတော်နှင့် ပြည်သူ ညီတူစွာ လက်တွဲ၍ တစ်သွေးတည်း၊ တစ်သားတည်း၊ တစ်စိတ်တည်း၊ တစ်ဝမ်းတည်း
ခိုင်ဖီးအင်အား ကြီးမားလှသည့် အမျိုးသားစည်းလုံး ညီညွတ်ရေးပင် ဖြစ်ကြောင်း သမိုင်းကြောင်းက
မီးမောင်း ထိုးပြနေပါသည်။ ထိုအစဉ်အလာကောင်းကို ဆက်လက် စောင့်ထိန်းကာ တပ်မတော်သား အပါအဝင်
တိုင်းရင်းသား ပြည်သူတစ်ရပ်လုံး၏ စိတ်ဝယ် စစ်မှန်သော မျိုးချစ် စိတ်ဓာတ်ကို အရင်းခံသည့်
ပြည်ထောင်စု စိတ်ထားများ ထက်သန် တိုးပွားစေရန် အထူးလိုအပ်လှပါသည်။ သို့မှသာလျှင် ကမ္ဘာမှာ
မြန်မာဟူ၍ ဝင့်ထည်ခိုင်မတ်စွာ ရပ်တည်နိုင်မည် ဖြစ်ပါသည်။
တပ်မတော်အနေဖြင့် ဖက်ဆစ်ဂျပန်တို့အား တွန်းလှန်
တိုက်ခိုက်ခဲ့သည့် မတ်လ ၂၇ ရက်နေ့ကို တပ်မတော်သားများ အလေးအမြတ်ပြုရမည့် နေ့အဖြစ် ခံယူ၍
တပ်မတော်နေ့ အဖြစ် ကျင်းပခဲ့ကြပါသည်။ ပြည်သူများ အနေဖြင့်လည်း တပ်မတော်နှင့် အတူလက်တွဲကာ
ဖက်ဆစ်တို့အား တိုက်ထုတ်နိုင်ခဲ့သည့် အထိမ်းအမှတ် အနေဖြင့် တပ်မတော်နေ့ ကျရောက်တိုင်း
တပ်မတော်နေ့ စစ်ရေးပြဆင်နွှဲသည့် တပ်မတော်သား အပေါင်းတို့အား လေးမြတ် ချစ်ကြည်စွာ ကြိုဆို
နှုတ်ဆက်ပြီး အောင်စံပယ် ပန်းကုံးများဖြင့် ဆီးကြို ဂုဏ်ပြုကြသည့် ကြည်နူးဖွယ် ကောင်းသော
အစဉ်အလာ ဖြစ်ပေါ်လာခဲ့ပါသည်။ ထို့ကြောင့်လည်း မြန်မာ့အဘိဓာန်တွင် တပ်မတော်နေ့ကို ''တပ်မတော်နှင့်
ပြည်သူ လက်တွဲကာ ဖက်ဆစ်စနစ်ကို တော်လှန်ခဲ့သော ၁၉၄၅ ခု၊ မတ်လ ၂၇ ရက်နေ့ကို အထိမ်းအမှတ်ပြု၍
နှစ်စဉ် ကျင်းပမြဲဖြစ်သော နေ့'' ဟု ဖော်ပြထားသည်ကို တွေ့ရှိရ မည် ဖြစ်ပါသည်။
တပ်မတော်၏ စွမ်းပကား
တိုင်းရင်းသား ပြည်သူတို့၏ အကျိုးစီးပွား ဖော်ဆောင်ရန်
လွတ်လပ်ရေးကို ရယူပေးနိုင်ခဲ့သည့် တပ်မတော်သည် စတင်ပေါ်ပေါက်ချိန်မှ ယနေ့အထိ ပြည်ထောင်စု
မပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာ အာဏာ တည်တံ့
ခိုင်မြဲရေးတည်း ဟူသော အရေးသုံးပါးကို အမျိုးသားရေးအဖြစ် ခံယူလျက် အစဉ်တစိုက် ကာကွယ်
ထိန်းသိမ်း စောင့်ရှောက်လျက် ရှိပါသည်။
အရေးသုံးပါးအား ထိပါး ကျူးကျော်လာမည့် ရန်စွယ်များ
တစ်နည်းအားဖြင့် မတရားသော စစ်ပွဲများကို ကာကွယ် တွန်းလှန်နိုင်ရေး အတွက် တရားသောစစ်
ဆင်နွှဲနိုင်ရန် လေးနက်သော သစ္စာအဓိဋ္ဌာန် လေးချက်ဖြင့် အမြဲ အသင့်ရှိနေသော ပြည်သူ့ တပ်မတော်
ဖြစ်ပါသည်။
တုနှိုင်းမဲ့မြတ်ဂုဏ်ဒြပ်နှင့် တပ်မတော်
လူ့ဘဝ၏ အဓိကအချက်မှာ အသက်ရှင်ရပ်တည်နိုင်ရေးပင်
ဖြစ်ပါ၏။ နိယာမအရ မွေးဖွားခြင်းရှိလျှင် သေဆုံးခြင်းဟူသည် ရှိမြဲဖြစ်သော်လည်း သက်တမ်းအရ
သေဆုံးရသည်မှလွဲ၍ အသက်ရှင် နေထိုင်ရာ သက်တမ်း တစ်လျှောက် ကိုယ်လက်အင်္ဂါ စုံလင်စွာဖြင့်
အသက်ရှည်ရာ အနာမဲ့ကြောင်း ကောင်းကောင်း မွန်မွန် သက်သောင့် သက်သာ နေထိုင် လိုကြသူချည်းသာ
ဖြစ်ပါသည်။ ဤသည်ကား သာမန် လူသားတို့၏ ဆန္ဒဖြစ်ပါသည်။ သို့သော် လူထဲကလူဖြစ်သည့် တပ်မတော်သားတို့မှာမူ
သာမန် လူသားတို့နှင့်မတူ နိုင်ငံနှင့် လူမျိုးအတွက် အသက်ကိုပင် ပေးအပ်ပါမည်ဟု သစ္စာအဓိဋ္ဌာန်
ပြုထားကြသူများ ဖြစ်ပါသည်။
နိုင်ငံတော် ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်ရာဝယ်
ပစ္စည်းဥစ္စာ၊ သားသမီး၊ ဇနီး၊ ကိုယ်အင်္ဂါ၊ အသက်တည်း ဟူသော စွန့်ခြင်းကြီး ငါးပါးကို စွန့်လွှတ်ရခြင်း၊
ပင်ပန်းဆင်းရဲ အခက်အခဲဟူသမျှကို ရင်ဆိုင် ကျော်လွှားရခြင်းနှင့် စွန့်လွှတ်စွန့်စား ဆောင်ရွက်ရခြင်းစသည့်
ပေးဆပ်မှုများဖြင့် ပြည်သူ့ သားကောင်း ပီသစွာ တာဝန် ထမ်းဆောင်နေသော တပ်မတော်သားများ
ဖြစ်ပါသည်။
'' ငါ့နိုင်ငံတော်၊ ငါ့နိုင်ငံသား၊ ငါ့တပ်မတော်
အတွက် ငါ၏ အသက်ကို စွန့်လွှတ်ရန် အဓိဋ္ဌာန်ပြုပါ၏'' ဟူသော အသက်ကို ပေးဆပ်သည့် ဂုဏ်ဒြပ်ကား
တုနှိုင်းမဲ့ မြတ်လှပါပေ၏။
မြင့်မြတ်သော အစဉ်အလာများနှင့် တပ်မတော်
စတင်ဖွဲ့စည်းချိန်မှ ယနေ့အထိ ကောင်းမြတ်သော
အစဉ်အလာများကို စဉ်ဆက်မပြတ် ထိန်းသိမ်း ထားနိုင်ခြင်းသည်လည်း တပ်မတော်၏ ထင်ရှားသော
စွမ်းဆောင်ရည်ဟု မော်ကွန်းတင် ဂုဏ်ပြုရမည် ဖြစ်ပါသည်။ တပ်မတော်၏ အသက်ဝိညာဉ်ဟု ခေါ်ဆိုအပ်သော
စစ်စည်းကမ်းကို အခြေခံကာ တပ်မတော်၏ အဓိက တာဝန်များ ဖြစ်သော နိုင်ငံတော် ကာကွယ်ရေး တာဝန်နှင့်
တိုင်းကျိုး ပြည်ပြု တာဝန်များကို ခေတ်အဆက်ဆက် မပျက်မကွက် ထမ်းဆောင် နိုင်ခြင်းမှာလည်း
တပ်မတော်၏ ထူးခြားသော ဂုဏ်အင်္ဂါ တစ်ရပ်ပင် ဖြစ်ပါသည်။
တပ်မတော် အနေဖြင့် ယနေ့ကာလ ဒီမိုကရေစီ အစိုးရ
လက်ထက်တွင်လည်း ပြည်သူတစ်ရပ်လုံး ရည်မှန်းထားသည့် ခေတ်မီ ဖွံ့ဖြိုး တိုးတက်သည့် ဒီမိုကရေစီ
နိုင်ငံတော် တည်ဆောက်ရေးကို မိဘပြည်သူတို့နှင့် အတူ လက်တွဲ ကြိုးပမ်း ဆောင်ရွက်လျက်
ရှိလေရာ နိုင်ငံနှင့်လူမျိုးတို့၏ အမျိုးသား အကျိုးစီးပွားကို ဆတက် ထမ်းပိုးတိုး၍ ဖော်ဆောင်
နိုင်စွမ်းရှိသည့် ပြည်ထောင်စု တပ်မတော်ကြီး အဖြစ် အရှည် တည်တံ့နိုင်ပါစေကြောင်း ဆုမွန်ကောင်း
တောင်းရင်း နှစ် ၇ဝ ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြု ကြိုဆိုလိုက်ရပါသည်။
သီဖွဲ့မကုန်၊ ကျော်သည့်ဂုဏ်နှင့်
စုန်ဆန်စီးမြဲ၊ သမိုင်းထဲဝယ်
တပ်လည်း ခေတ်မီ၊ စွမ်းရည်လည်း ကောင်း
ကျိုးကြောင်းလည်း သိ၊ သတ္တိလည်း ပြောင်
အောင်ပွဲဆင်မြန်း၊ 'ပြည်ချစ်ပန်း' ဟု
ပွင့်လန်းနိုင်စေ၊ တောင်းဆုခြွေသည်
မြေမိုးသက်သေ တည်စေသော်ဝ်။ ။
No comments:
Post a Comment