Sunday, March 29, 2015

စီးပွားရေး လုပ်ငန်းတိုင်း ပြည်ပ ဈေးကွက်ဦးတည် ထုတ်လုပ်လာရေး (Internationalization of Firm)

ဆောင်းပါး
ပြည်တွင်းရှိ စီးပွားရေး လုပ်ငန်းများ အနေဖြင့် ကုန်စည် ထုတ်လုပ်သည် ဖြစ်စေ၊ ဝန်ဆောင်မှု ပေး သည်ဖြစ်စေ နိုင်ငံ တကာ ဈေးကွက် များတွင် ရောင်းချခြင်း သို့မဟုတ် ပြည်တွင်းသို့ လာရောက် ကြသည့် နိုင်ငံခြား သားများကို ရောင်း ချခြင်းတို့သည် ကုန်စည်ပို့ကုန်နှင့် ဝန်ဆောင်မှု ပို့ကုန်များ ရောင်းချခြင်းပင် ဖြစ်သည်။ ထို့အတူ ပြည်တွင်းသို့ လာရောက် ရင်းနှီးမြှုပ်နှံ လုပ်ကိုင် ကြသည့် နိုင်ငံတကာ လုပ်ငန်းကြီးများတွင် ဝင်ရောက် လုပ်ကိုင် နေသူများ သည်လည်း နိုင်ငံခြားငွေ ရှာပေးနေသည့် ဝန်ဆောင်မှု ပို့ကုန်ရှင်များပင် ဖြစ်သည်။

ယခုအခါ ကုန်စည်ပို့ကုန်ကဏ္ဍ သိသိသာသာ တိုးတက်လာမှုကြောင့် ပို့ကုန်နှင့် ဆက်စပ်နေသည့် ထုတ်လုပ်မှု လမ်းကြောင်း (Supply Chain) တစ်လျှောက်ရှိ ပါဝင်သူများ အကျိုး ပိုမိုရှိနေပြီဖြစ်သည်။ ဆိုလိုသည်မှာ လယ်ယာ ပို့ကုန်များဖြစ်သည့် ဆန်စပါး၊ ပဲမျိုးစုံ၊ နှမ်း၊ ပြောင်း စသည်တို့ ယခင်ကထက် တိုးချဲ့ တင်ပို့လာမှုကြောင့် ကုန်သည်များ သာမက သယ်ယူ ပို့ဆောင်သူ၊ ကြိတ်ခွဲသူ၊ သိုလှောင်သူနှင့် စိုက်ပျိုးသည့် လယ်သမား အထိပါ အကျိုးကျေးဇူး ပိုမိုရှိလာပြီ ဖြစ်သည်။ ထို့အတူ CMP အခြေခံ အထည်ချုပ်ပို့ကုန်များ တိုးချဲ့နိုင်သည့် အတွက် အထည်ချုပ် လုပ်ငန်းရှင်များ အကျိုးရှိသလို အလုပ်အကိုင် အများအပြား ဖန်တီးပေးနေမှုကြောင့် ဆင်းရဲမှု လျှော့ချရေး အတွက် အရေးပါနေခြင်း ဖြစ်သည်။
ယခုအခါ ဒေသဆိုင်ရာ ဆက်သွယ်ရေး လမ်းကြောင်းများ ယခင်ကထက် ပိုမို ကောင်းမွန်လာသလို မကြာခင် ပြီးစီးတော့မည့် လမ်းသစ်ကြီးများကြောင့် မြန်မာနိုင်ငံနှင့် အိမ်နီးချင်း နိုင်ငံများသာမက ဆက်စပ်နေသည့် နိုင်ငံ များနှင့်ပါ စီးပွားရေး၊ လူမှုရေး ပေါင်းစည်းမှုများ အထူး တိုးတက် လာတော့မည် ဖြစ်သည်။ လမ်းသစ်များအနက် အာရှ အရှေ့အနောက် လမ်းမ၊ တောင်ဘက်လမ်းမ၊ GMS နိုင်ငံများ ဆက်စပ်နေသည့် တရုတ်- ယူနန်-ကျောက်ဖြူလမ်း၊ တရုတ်- မြန်မာ- အိန္ဒိယ ဆက်ပေးမည့်လမ်းမ၊ အိန္ဒိယ၊ မြန်မာ၊ ထိုင်း အကျုံးဝင်သည့် Trilateral road project စသည်တို့ မကြာမီ ပေါ်ပေါက် လာတော့မည် ဖြစ်သည်။ အထူးသဖြင့် ဗန်ကောက်မှ ထားဝယ် တောင်ဘက် စင်္ကြံလမ်း မကြာမီ ပြီးစီးတော့မည် ဖြစ်ရာ လမ်းမတစ်လျှောက် ထိုင်းနယ်စပ်နှင့် မြန်မာဘက်ပိုင်းတို့တွင် စက်ရုံအလုပ်ရုံများ သိသိသာသာ ပေါ်ထွန်းလာမည် ဖြစ်ပြီး နှစ်နိုင်ငံအကြား ကုန်သွယ်မှု သည်လည်း မြန်မာ- တရုတ်နိုင်ငံကဲ့သို့ တစ်ဟုန်ထိုး တိုးတက် လာတော့မည် ဖြစ်သည်။ ထားဝယ်ရေနက် ဆိပ်ကမ်းသာ ပြီးစီးမည် ဆိုလျှင် ဗီယက်နမ်၊ ကမ္ဘောဒီးယား၊ ထိုင်းနိုင်ငံတို့၏ ကုန်သွယ်မှု အတွက် အရေးပါသည့် အတွက် တစ်ဆင့်ခံ ကုန်သွယ်မှု၊ ပြန်လည် ပို့ကုန် သွင်းကုန်များ ထွန်းကားလာမည် ဖြစ်သည်။ ထို့ပြင် ညီအစ်မမြို့များ အဖြစ် မြဝတီ- မဲဆောက် ဖွံ့ဖြိုးမှုပုံစံ အသစ်အနေဖြင့် အထူး အရေးပါလာမည့် အပြင် စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှုနှင့် ဘာသာရေး အရ နှစ်နိုင်ငံ အကြား ကူးလူး ဆက်ဆံမှုများ အထူး တိုးတက်လာမည် ဖြစ်ပြီး လက်ရှိ နှစ်စဉ် မြန်မာနိုင်ငံသို့ အများဆုံး ဝင်ရောက်နေသည့် ထိုင်းလူမျိုးများ အဆိုပါ ဝင်ပေါက်မှ ယခုထက်ဆတိုး ဝင်ရောက်လာတော့မည် ဖြစ်သည်။
ထို့အတူ မြန်မာ ရွှေ့ပြောင်း လုပ်သားများ အများဆုံး ရှိနေသည့် ထိုင်းနိုင်ငံသို့ အဓိက ဝင်ပေါက် ဖြစ်သည့် မြဝတီ-မဲဆောက်ဂိတ်သည် ယခုထက် ပိုမို ဖွံ့ဖြိုးလာဦးမည် ဖြစ်ပြီး တရားဝင် သွားရောက် လုပ်ကိုင်နိုင်ရေးနှင့် ပိုမို အာမခံချက်ရှိရေး နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရန် သဘောတူထားပြီး ဖြစ်သည်။ တရုတ်နှင့် နယ်စပ် ဆက်သွယ်ရေး လမ်းကြောင်း တစ်လျှောက် ကုန်သွယ်မှု တစ်နေ့တခြား တိုးပွားနေသည့် အတွက် လမ်းသစ်များ ဖော်ထုတ်ခြင်းနှင့် လက်ရှိလမ်းများ တိုးချဲ့ခြင်းတို့ လုပ်ဆောင်နေမှုကြောင့် ယခုထက် ဘက်စုံပေါင်းစည်းမှု တိုးပွားလာမည် ဖြစ်သည်။ ၂ဝ၁၅ ခုနှစ် အကုန်တွင် ဖြစ်ပေါ်လာမည့် အာဆီယံစီးပွားရေး အသိုက်အဝန်း ကြောင့်လည်း လွတ်လပ်စွာ ကုန်သွယ်မှု၊ ဝန်ဆောင်မှု၊ လုပ်သားရွှေ့ပြောင်းမှု၊ အရင်းအနှီး ရွှေ့ပြောင်းမှုတို့ ပိုမို ရှိလာမည်ဖြစ်၍ ပြည်တွင်း လုပ်ငန်းများနှင့် လူငယ်လူရွယ်များ အတွက် အခွင့်အလမ်းများစွာ ပေါ်ပေါက်လာမည် ဖြစ်သည်။
ပြီးခဲ့သည့်နှစ် ၂ဝ၁၄ တွင် လာရောက်သည့် နိုင်ငံခြား ခရီးသွားဦးရေ သုံးသန်းကျော်ရှိခဲ့ပြီး ယခင်နှစ်ထက် တစ်သန်း ပိုမို ဝင်ရောက်လာကြောင်း တွေ့ရသည်။ ယခုနှစ် ၂ဝ၁၅ တွင်လည်း အနည်းဆုံး လေးသန်းခွဲမှ ငါးသန်းအထိ မြင့်တက်လာနိုင်ပြီး အကယ်၍ တောင်အာရှစင်္ကြံသာ မျှော်မှန်းသည့် အတိုင်း ၂ဝ၁၅ နှစ်လယ်တွင် ပြီးခဲ့လျှင် အဆိုပါ ခန့်မှန်းချက်ထက် များမည်သာ ဖြစ်သည်။ ယခင်နှစ် ခရီးသွားလုပ်ငန်းမှ ဝင်ငွေ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ကျော်ဟုသိရပြီး အမှန်တကယ်မူ ယခုထက်များစွာ ရရှိနိုင်သည့် အခွင့်အလမ်းများ ဖော်ထုတ်ရဦးမည် ဖြစ်သည်။ ဆိုလိုသည်မှာ ခရီးသွားများအတွက် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများကို တိုးချဲ့နိုင်လျှင် အဆိုပါဝင်ငွေ အနည်းဆုံး နှစ်ဆမက တက်လာမည် ဖြစ်သည်။ သဘာဝအခြေခံ လမ်းကြောင်းသစ်များ ဖော်ထုတ်ခြင်း၊ အပန်းဖြေစခန်းများ ဖွင့်လှစ်ခြင်း၊ ဒေသ အစားအစာနှင့် ယဉ်ကျေးမှုများဖြင့် လာလည်စေရန် ဆွဲဆောင်မှုများ ပေးခြင်း၊ စင်ကာပူ၊ ဗန်ကောက်၊ ကွာလာလမ်ပူ၊ မနီလာ စသည့် မြို့ကြီးများ ကဲ့သို့ ညပိုင်း အပန်းဖြေစခန်းများ ဆောက်လုပ်ခြင်း၊ ဒေသအလိုက် ရိုးရာ ယဉ်ကျေးမှု ဓလေ့ထုံးစံများဖြင့် ဧည့်ခံခြင်း စသည်တို့ လုပ်ဆောင်ရန် လိုအပ်သလို ခရီးသွား များအတွက် ဘေးကင်း လုံခြုံမှုတို့လည်း အထူး ဂရုစိုက်ရန် လိုပေသည်။ မြန်မာနိုင်ငံ အနေဖြင့် အဘက်ဘက်မှ ယုံကြည်မှု တည်ဆောက်နေရဆဲ ဖြစ်ရာ ခရီးသွားများနှင့် ပတ်သက်၍ တည်းခိုသည့် ဟိုတယ်၊ သယ်ယူ ပို့ဆောင်ရေး၊ အစားအသောက်များ၊ မှန်ကန်သည့် သတင်း အချက်အလက် ဖြန့်ဝေမှု၊ ဒေသထွက် လက်ဆောင် ပစ္စည်းများ ရောင်းချမှု စသည်တို့တွင် အရည်အသွေး ပြည့်ဝမှု၊ မြင်သာ ထင်သာရှိမှု၊ ဖော်ရွေပွင့်လင်းမှု၊ ရိုးသားမှုတို့ အထူးလိုအပ်ပေသည်။ ဆိုလိုသည်မှာ နိုင်ငံတကာမှ လာရောက်သော ခရီးသွား များအတွက် အရည်အသွေးမီသည့် ဝန်ဆောင်မှုလုပ်ငန်းများ များများ လုပ်ဆောင်နိုင်လေ အကျိုးများလေ ဖြစ်သည်။ အထူးသဖြင့် စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင် စသည့်နိုင်ငံများ လုပ်ဆောင်နေသည့် ဝန်ဆောင်မှု လုပ်ငန်းများကို မြန်မာ့ လုပ်ငန်းရှင်များနှင့် လူငယ်များ အသေးစိတ် လေ့လာပြီး ပြန်လည် အသုံးချရတော့မည် ဖြစ်သည်။ ထို့အတွက်လည်း လုပ်ငန်းရှင်တိုင်း၊ လူငယ်တိုင်း နိုင်ငံတကာနှင့် ပေါင်းစည်း လုပ်ဆောင်နိုင်ရေး အထူးကြိုးစားရမည့် အချိန်ဖြစ်သည်။
အခွင့်အလမ်းများ သိအောင်လုပ်
ယခုအခါ လုပ်ငန်းရှင်များ အတွက်ရော လူငယ်များအတွက် စီးပွားရေးနှင့် ကြီးပွား တိုးတက်ရေး အခွင့်အလမ်း များစွာရှိနေပြီ ဖြစ်သည်။ သို့သော် အဆိုပါ အခွင့်အလမ်းများ အပြည့်အဝ ရယူနိုင်ရေး အတွက် ဦးစွာ အခွင့်အလမ်းများ သိရှိအောင် ကြိုးစားရမည် ဖြစ်ပြီး ဒုတိယ အဆင့်အဆိုပါ အခွင့်အလမ်းများ ရရှိအောင် လိုအပ်ချက်များ၊ ပြင်ဆင် ရမည့် အချက်များကို ပြည့်မီအောင် လုပ်ဆောင်နိုင်မှသာ ကြီးပွား တိုးတက်နိုင်မည် ဖြစ်သည်။ ယခုအခါ အခွင့်အလမ်း များစွာ ရှိသော်လည်း အသုံးပြုနိုင်သူ အနည်းငယ်မျှသာ ရှိနေသေးသည်။ ''မသိသူကျော်သွား သိသူဖော်စား'' ဆိုသည့် ဆောင်ပုဒ် အတိုင်း အခွင့်အလမ်းကို သိအောင်လုပ်ရန် ကြိုးစားရမည် ဖြစ်သည်။ ဥပမာအားဖြင့် ဂျပန်နိုင်ငံမှ အထူး ကုန်သွယ်မှု ကင်းလွတ်ခွင့် (Generalized System of Preference-GSP) ဟုခေါ်သည့် အထူး အခွင့်အရေးကို လယ်ယာကုန်စည် တော်တော်များများကို ပေးထားပြီး အခွန်အကောက် ကင်းလွတ်ခွင့်သာမက ကိုတာ သတ်မှတ်ချက်ပါ ကင်းလွတ်သောကြောင့် အခြားနိုင်ငံများထက် အခွင့်အရေး ရရှိထားပြီးဖြစ်သည်။ လယ်ယာကုန်စည်များ အတွက် အာရှတွင် ဂျပန်ဈေးကွက်သည် ဈေးအကောင်းဆုံး ဖြစ်ပြီး ဝယ်လိုအား များပေသည်။ ဥပမာအားဖြင့် ''ဝ''ဥခြောက် အမှုန့်ဆိုလျှင် တစ်တန်လျှင် ဒေါ်လာ သောင်းဂဏန်းရှိပြီး ဝယ်လိုအား များသော်လည်း ယနေ့အထိ ဂျပန်သို့ အဆိုပါ ကုန်စည် တင်ပို့နိုင်သည့် ကုမ္ပဏီတစ်ခုသာရှိပြီး တန်ချိန် အနည်းငယ်သာ တင်ပို့နိုင်သေးသည်။ ထို့အတွက်လည်း ယခင်က တရုတ် လုပ်ငန်းရှင်များ အဆိုပါကုန်စည်ကို ဂျပန်ဈေးကွက်သို့ မြန်မာနိုင်ငံထုတ်ကုန်(Country of Origin) ရရှိအောင် ကြိုးစားမှုများ ဖြစ်ပေါ်ဖူးသည်။ ယခုဆိုလျှင် ဥရောပသမဂ္ဂ (အီးယူ)၏ GSP ကို ကုန်စည်တိုင်း အတွက်ပေးနေပြီ ဖြစ်သော်လည်း CMP အထည်ချုပ်နှင့် လယ်ယာ ကုန်စည်အချို့ကိုသာ အနည်းငယ် ပိုမိုတင်ပို့နိုင် သေးပြီး ပေးသည့် အခွင့်အရေးကို ပိုင်ပိုင်နိုင်နိုင် အသုံး မချနိုင်သေးသည်ကို တွေ့ရပေသည်။ ထို့အတွက် မည်သည့် လုပ်ငန်းကို လုပ်ဆောင်သည် ဖြစ်စေ အဆိုပါ လုပ်ငန်းနှင့် ပတ်သက်သော နောက်ဆုံး သတင်းအချက်များ ရရှိအောင် လုပ်ဆောင်ရေးနှင့် ပြန်လည်၍ အကောင်းဆုံး တုံ့ပြန်နိုင် ရေးမဖြစ်မနေ လုပ်ဆောင်ရမည် ဖြစ်သည်။ အရေးကြီးသည်မှာ လုပ်ငန်း သေးသေးကလေး လုပ်သည့် တိုင်အောင် တစ်ရက်ထက် တစ်ရက် ပိုမို တိုးတက်လာစေရန် ကြိုးစား ရမည်ဖြစ်သည်။ ယှဉ်ပြိုင်ရာတွင် အရည်အသွေးအရ လည်းကောင်း၊ ဈေးနှုန်းအရ လည်းကောင်း၊ ပေးသည့် ဝန်ဆောင်မှုအရ လည်းကောင်း အခြားသူများ ထက်သာအောင် အစဉ်ကြိုးစားရမည်ဖြစ်သည်။ စီးပွားရေး လုပ်ငန်းတိုင်း ယခင်ကထက် ကြီးပွားတိုးတက်နိုင်ရန် အခွင့် အလမ်းကောင်းများ၊ ဈေးကွက်များ ပွင့်လင်းလာပြီ ဖြစ်သည်။ ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု ပေးသည့် လုပ်ငန်းတိုင်း ကြီးပွား တိုးတက်လိုလျှင် ယနေ့ပညာရှင်များ လမ်းညွှန်သည့် ဆောင်ပုဒ်မှာ ''ပိုမို လေ့လာ ပိုမိုကောင်းအောင်လုပ် (Learn more, Serve better) ပင်ဖြစ်သည်။ လုပ်ငန်းရှင်တိုင်း အထူးအလေးထားရမည့် အချက်မှာ မိမိလုပ်ငန်း၏ ယှဉ်ပြိုင် နိုင်မှုစွမ်းအား တစ်နေ့တခြား တိုးတက်လာရေး ဖြစ်သည်။
၂၁ ရာစုအဆင့်မြင့် အရည်အသွေး
(21st Century High Quality) 
မြနမာနိုင်ငံ အနေဖြင့် တစ်ကမ္ဘာလုံးနှင့် အဘက်ဘက်မှ ပေါင်းစည်းမှု အရှိန်အဟုန် မြင့်မားလာမှုကြောင့် စီးပွားရေး လုပ်ငန်းတိုင်း၊ လူငယ်လူရွယ်တိုင်း တစ်ကမ္ဘာလုံးနှင့် ချိတ်ဆက် လုပ်ဆောင်မှု မြှင့်တင်နိုင်မှသာ သိသာသည့် တိုးတက်မှုကို ဖော်ဆောင်နိုင်မည် ဖြစ်သည်။ ၂၁ ရာစု စီးပွားရေးလုပ်ငန်းများ တိုးတက်စေရန် အဓိကဦးစားပေး လုပ်ဆောင်ရမည့်အချက်မှာ ကုန်ထုတ်လုပ်မှု(သို့မဟုတ်) ဝန်ဆောင်မှုများ ပေးရာတွင် အရည်အသွေးမြင့်မားမှု ရှိမှသာ ယှဉ်ပြိုင်နိုင်မှု စွမ်းအား မြင့်မားမည် ဖြစ်ပြီး အောင်မြင် တိုးတက်မည် ဖြစ်သည်။ အရည်အသွေး မပြည့်ဝလျှင် စီးပွားရေး လုပ်ငန်းများ ရေရှည်ရပ်တည်ရန် မဖြစ်နိုင်ပေ။ မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးဆဲ နိုင်ငံတစ်နိုင်ငံ အနေဖြင့် ဝန်ဆောင်မှု လုပ်ငန်းများ ထွန်းကားရန် များစွာရှိနေသေးပြီး အရည်အသွေးနှင့် ဝန်ဆောင်မှု ကောင်းမွန်မှု၊ မြင်သာ ထင်သာရှိမှု၊ တိကျသေချာမှု၊ ယှဉ်ပြိုင်နိုင်သည့် ဈေးနှုန်းဖြစ်ပေါ်မှုတို့ကို ဦးစားပေး ရမည်ဖြစ်သည်။ ဝန်ဆောင်မှု လုပ်ငန်းများအနေဖြင့် စားသုံးသူများ၏ ကျေနပ်နှစ်သိမ့်မှု အများဆုံးဖြည့်စွမ်း ပေးရေးဟူသော ဦးတည်ချက်ဖြင့် စားသုံးသူများ၏ ယုံကြည်မှုရရှိသည် အထိ လုပ်ဆောင်နိုင်မှသာ မိမိလုပ်ငန်း၏ နာမည်ကောင်း (Brand Name)ကို တည်ဆောက်နိုင်မည် ဖြစ်သည်။
ပြိုင်ဆိုင်မှု ပြင်းထန်လာသည့် ကမ္ဘာ့ဈေးကွက်တွင် ထိုးဖောက် ဝင်ရောက်နိုင်ရေးနှင့် နိုင်ငံတကာအဆင့်မီ လူ့စွမ်းအား အရင်းအမြစ် ဖြစ်လာရေးတို့ အတွက် အလိုအပ်ဆုံးမှာ မြင့်မားသည့် အရည်အသွေး (High Quality)ရှိရေးပင် ဖြစ်သည်။ မြန်မာ့စီးပွားရေး လုပ်ငန်းများ (ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု လုပ်ငန်းများ) အနေဖြင့် ယခင်က ပြည်တွင်း ဈေးကွက်ကိုသာ အဓိကထားထုတ်လုပ် မှုကြောင့်အရည်အသွေး၏ အရေးပါမ အားနည်း ခဲ့သလို ပြည်ပဈေးကွက်သို့ တင်ပို့ရာတွင်လည်း အရည်အသွေးနိမ့် အခြေခံကုန်စည်များကိုသာ အဓိကထား တင်ပို့မှုကြောင့် တန်ဖိုးလည်းနိမ့်ကျခဲ့သည်။ အရည်အသွေး နိမ့်ကျမှု ကြောင့်လည်း မြန်မာ့ပို့ကုန်များ ကမ္ဘာ့ဈေးကွက်ကောင်း များတွင် နာမည်ကောင်းဖြင့် ရေရှည်ထိန်းသိမ်းနိုင်မှု အားနည်းခဲ့သည်။ အရည်အသွေးနိမ့်ကျမှုကို ပိုမိုဖြစ်ပေါ် စေသည့်အချက်မှာ တချို့ကုန်သည်များ၏ မမှန်ကန်သည့် နည်းလမ်းများဖြင့် အလေးချိန်တိုးရန် လုပ်ဆောင်မှု များကိုလည်း ရှောင်ရှားရမည်ဖြစ်သည်။
ယနေ့ကမ္ဘာ့ဈေးကွက်သို့ ထိုးဖောက် ဝင်ရောက် နိုင်ရေးအတွက် အရည်အသွေး၊ ဈေးနှုန်း၊ ထုပ်ပိုးမှု၊ လုံခြုံစိတ်ချရမှု စသည့် ဘက်ပေါင်းစုံမှ ယှဉ်ပြိုင်ရမည် ဖြစ်သော်လည်း အရည်အသွေး မြင့်မားမှုမှာ အထူး အရေးပါပြီး နိုင်ငံတကာလုပ်ငန်းများ တစိုက်မတ်မတ် ဇောင်းပေး လုပ်ဆောင်နေကြပြီ ဖြစ်သည်။
ယခင်ခေတ်အဆက်ဆက် နိုင်ငံတိုင်း (သို့မဟုတ်) လုပ်ငန်းတိုင်း နှိုင်းယှဉ် အခွင့်အရေးသာသည့် တစ်နည်းအားဖြင့် နှိုင်းယှဉ်စရိတ်သ က်သာသည့် လုပ်ငန်းများကို ဇောက်ချထုတ်လုပ်ပြီး ကုန်သွယ်မှုကို လုပ်ဆောင်ခဲ့ကြ သော်လည်း ယနေ့ခေတ် ဖွံ့ဖြိုးပြီးနိုင်ငံများနှင့် နိုင်ငံတကာ လုပ်ငန်းများအနေဖြင့် လက်ခံ ကျင့်သုံးသည့် မူမှာ ထုတ်လုပ်မှုစရိတ် သက်သာမှုထက် တီထွင် ဆန်းသစ်မှုများပါဝင်သည့် အရည်အသွေး မြင့်မားသည့် ထုတ်ကုန်များ ထုတ်လုပ်ရောင်းချမှုပင် ဖြစ်သည်။ ထို့အတွက် ယနေ့ခေတ် ထုတ်ကုန်တိုင်း ဝန်ဆောင်မှုတိုင်း တွင် မြင့်မားသည့် အရည်အသွေး ဖော်ဆောင်နိုင်ရေး အလေးထားရတော့မည် ဖြစ်သည်။ အရည်အသွေးနှင့် ပတ်သက်၍ နိုင်ငံတကာ၏ စံချိန်စံညွှန်းများ သိဖို့ လိုသလို လက်တွေ့ အသုံးပြုရန်လည်း အရေးကြီးပေ သည်။ ယနေ့ လယ်ယာပို့ကုန်အပါအဝင် ပို့ကုန် အများစုသည် အရည်အသွေးနိမ့်သည့် မူလထုတ်ကုန်များသာ ဖြစ်နေသည့်အတွက် FAQ (Fair Average Quality) သာဖြစ်ပြီး အရည်အသွေး မြင့်သည့် SQ (Special Quality) နည်းနေဆဲပင် ဖြစ်သည်။ ထို့အတွက် မြန်မာ့ ထုတ်ကုန်များ အရည်အသွေး ယခုထက် ပိုမို မြင့်တက်လာစေရေးနှင့် ဝန်ဆောင်မှု ပို့ကုန်လုပ်ငန်းများ အနေဖြင့်လည်း အရည်အသွေးမြင့် ဝန်ဆောင်မှု လုပ်ငန်းများ ဖြစ်ပေါ်လာစေရန် အထူးကြိုးစားရမည့် အချိန်ဖြစ်သည်။ သို့ဖြစ်၍ စီးပွားရေး လုပ်ငန်းများနှင့် ဝန်ဆောင်မှုလုပ်ငန်း များအနေဖြင့် နိုင်ငံတကာနှင့် ပိုမိုပေါင်းစည်းလုပ်ကိုင် ဆောင်ရွက်နိုင်ရန် အထူးဇောင်းပေးကြိုးစားမှသာ တိုးတက်မှုကို ဖော်ဆောင်နိုင်မည် ဖြစ်ပေသည်။ ။

No comments:

Post a Comment