Thursday, March 19, 2015

ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ကျင့်ဝတ်များ ထုတ်ပြန်ခြင်း



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
နေပြည်တော်
အမိန့်ကြော်ငြာစာအမှတ်၊ ( ၁ / ၂၀၁၅ )
၁၃၇၆ ခုနှစ်၊ တပေါင်းလပြည့်ကျော်     ၁၅   ရက်
( ၂၀၁၅ ခုနှစ်၊ မတ်လ   ၁၉   ရက် )

ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ကျင့်ဝတ်များ ထုတ်ပြန်ခြင်း
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်သည် လွှတ်တော်ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့ လာသူများ စောင့်ကြည့်လေ့ လာနိုင်ရန်အတွက် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၉၀ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များ ကိုကျင့်သုံး၍ အောက်ပါ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ ကျင့်ဝတ်များကို ထုတ်ပြန်လိုက်သည် -


ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ ကျင့်ဝတ်များ

၁။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာကိုလည်းကောင်း၊ နိုင်ငံသားများ၏ မူလအခွင့်အ ရေးများနှင့် တာဝန်များကိုလည်းကောင်း လေးစားကြရမည်။
၂။ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ဥပဒေများနှင့်ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားသော နည်းဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် အမိန့်ညွှန်ကြားချက်များကို လေးစား လိုက်နာကြရမည်။
၃။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများသည် ပါတီစွဲ၊ ပုဂ္ဂိုလ်စွဲကင်းရှင်းရမည်။
၎။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများသည် ဘက်လိုက်မှု မရှိစေရန် စောင့်ထိန်းကြရမည်။
၅။ နိုင်ငံရေးပါတီတစ်ခုခု သို့မဟုတ် ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်လောင်း တစ်ဦးဦးအား ထောက်ခံအားပေးခြင်း၊ ဆန့်ကျင်ကန့်ကွက်ခြင်း၊ မဲဆွယ်စည်းရုံးခြင်း ပြုရာရောက်သည့် အပြောအဆို၊ အပြုအမူ မပြုရ။ ထိုသို့ အဓိပ္ပါယ် သက်ရောက်စေမည့် အဝတ်အစား၊ သင်္ကေတ၊ အမှတ်တံဆိပ် စသည်တို့ကိုလည်း ဝတ်ဆင်ခြင်း၊ ကိုင်ဆောင်ခြင်း  မပြုရ။
၆။ လျှို့ဝှက်မဲပေးစနစ်ကို ထိန်းသိမ်းသောအားဖြင့် ဆန္ဒမဲပေးပြီးသော မဲဆန္ဒရှင်တစ်ဦးအား မဲရုံပရဝုဏ်မှ ၁၅ ကိုက်အတွင်း မည်သူ့ကို မဲပေးခဲ့ကြောင်း မေးမြန်းခြင်း မပြုရ။
၇။ ဒေသနှင့် တိုင်းရင်းသားလူမျိုးများ၏ ယဉ်ကျေးမှုဓလေ့ထုံးစံများကို လေးစားရမည်။
၈။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ တာဝန်ခံများနှင့်ကြီးကြပ်သူများသည် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်နှင့် သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတို့က အခါအားလျော်စွာ ပြုလုပ်သော ညွှန်ကြားချက်များနှင့် သတင်းအချက်အလက် များ ရှင်းလင်းတင်ပြသည့် အခမ်းအနားများသို့ တက်ရောက်ရန် တာဝန်ရှိသည်။
၉။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးက ထုတ်ပေးထားသည့် သက်သေခံကတ်ပြားများကို ရွေးကောက်ပွဲစောင့်ကြည့်လေ့လာနေစဉ်အတွင်း ချိတ်ဆွဲထားရမည်။
၁၀။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့အစည်းများသည် ရွေးကောက်ပွဲစောင့်ကြည့် လေ့လာရေးလုပ်ငန်း စဉ်နှင့် ပတ်သက်၍ သဘောထားအမြင်များကို ထုတ်ပြန်ရာတွင် ၎င်းတို့၏ ပြောရေးဆိုခွင့်ရပုဂ္ဂိုလ်များကသာ လုပ်ဆောင်ကြရမည်။
၁၁။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းများသည် ၎င်းတို့၏ စောင့်ကြည့် လေ့လာရေး အဖွဲ့ဝင်များအား လိုက်နာရန်ကျင့်ဝတ်စည်းကမ်းများ၊ ရွေးကောက်ပွဲဥပဒေများ၊ လုပ်ထုံးလုပ်နည်းများနှင့် မသန်စွမ်း သူများ လွယ်ကူ အဆင်ပြေစွာ၊ လျှို့ဝှက်လုံခြုံစွာ မဲပေးနိုင်ရေး များကို သိရှိနားလည်ရေးအတွက် ပညာပေးခြင်း၊ သင်တန်းပို့ချပေးခြင်းများ ပြုလုပ်ပေးရန် တာဝန်ရှိသည်။
၁၂။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း လက်နက်များ၊ ပေါက်ကွဲစေ သောပစ္စည်းများ ယူဆောင်ခြင်း မပြုရ။
၁၃။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများသည် ရွေးကောက်ပွဲစီမံခန့်ခွဲသူများနှင့် မဲဆန္ဒရှင်များ၏ တာဝန်နှင့် ရပိုင်ခွင့်ကို လွှမ်းမိုးသက်ရောက်စေသော လှုံ့ဆော်မှုများကို မပြုလုပ်ရ။
၁၄။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများသည် မဲပေးခြင်း၊ မဲရေတွက်ခြင်း၊ မဲရလဒ်များ ထုတ်ပြန်ခြင်းတို့နှင့် စပ်လျဉ်း၍ ဝင်ရောက်စွက်ဖက်ခြင်းမပြုရ။
၁၅။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများသည် ယင်းတို့၏ တာဝန်ကို စေတနာပြည့်ဝစွာနှင့် ပွင့်လင်းမြင် သာစွာ ဆောင်ရွက်ရမည်။
၁၆။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများသည် ၎င်းတို့၏ အစီရင်ခံစာများကို  မှန်ကန် ရိုးသားစွာ တင်ပြရမည်။
၁၇။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများသည် အခြားရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူ များကို အလေး ထားပြီး ပူးပေါင်းဆောင်ရွက်ခြင်း၊ သတင်းအချက်အလက်များ ဖလှယ်ခြင်းတို့ကို  ဆောင်ရွက်နိုင်သည်။
၁၈။ ရွေးကောက်ပွဲအငြင်းပွားမှုများတွင် တာဝန်ရှိသူများက အဆုံးအဖြတ်ပြုရန် ဆောင်ရွက်ရာ၌ ဝင်ရောက် စွက်ဖက် ခြင်းမပြုရ။
၁၉။ မဲရုံအတွင်းတွင်လျှို့ဝှက်မဲပေးစနစ်ကို မထိခိုက်စေရန်အတွက် မဲရုံမှူး၏တာဝန်အရ ဆောင်ရွက်ခြင်းကို လိုက်နာ ရမည်။


 ဥက္ကဋ္ဌ
 ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်









No comments:

Post a Comment