Thursday, March 19, 2015

နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ ကျင့်ဝတ်များထုတ်ပြန်ခြင်း



ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်
နေပြည်တော်
အမိန့်ကြော်ငြာစာအမှတ်၊ ( ၂ / ၂၀၁၅ )
၁၃၇၆ ခုနှစ်၊ တပေါင်းလပြည့်ကျော်    ၁၅    ရက်
( ၂၀၁၅ ခုနှစ်၊ မတ် လ     ၁၉     ရက် )

နိုင်ငံတကာရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ ကျင့်ဝတ်များထုတ်ပြန်ခြင်း

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည်လွှတ်တော်ရွေးကောက်ပွဲများတွင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသူများ စောင့်ကြည့်လေ့လာနိုင်ရန်အတွက် ရွေးကောက်ပွဲဥပဒေ ပုဒ်မ ၉၀ အရ အပ်နှင်းထားသော လုပ်ပိုင်ခွင့်များကိုကျင့် သုံး၍ အောက်ပါ နိုင်ငံတကာရွေးကောက် ပွဲ စောင့်ကြည့် လေ့လာ သူများ၏ ကျင့်ဝတ်များကိုထုတ်ပြန်လိုက်သည်။

နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများ၏ ကျင့်ဝတ်များ
၁။ နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူအဖွဲ့အစည်း သို့မဟုတ် နိုင်ငံတကာ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ မစ်ရှင်တစ်ခုခုမှ စောင့်ကြည့်လေ့လာသူအဖွဲ့ဝင်တိုင်းသည် ဤကျင့်ဝတ်ပါအချက်များကိုဖတ်ရှုပြီး နောက်ဆက်တွဲတွင်ဖော်ပြထားသော ပူးတွဲပါဝန်ခံချက်ကို လက်မှတ်ရေးထိုးရမည်။
၂။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ အချုပ်အခြာအာဏာ ကိုလည်းကောင်း၊ နိုင်ငံသားများ၏ မူလအခွင့်အရေးများနှင့် လွှတ်လပ်ခွင့် များကို လည်းကောင်း လေးစားလိုက်နာကြရမည်။
၃။ ရွေးကောက်ပွဲစောင့်ကြည့်လေ့ လာသူများသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများကို လေးစား လိုက်နာပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်နှင့် မဲရုံဝန်ထမ်းများ၏ အခွင့်အာဏာများကိုလည်း လေးစားလိုက်နာကြရမည်။
၎။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများသည် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် တိုင်း ဒေသကြီး၊ ပြည်နယ်များမှ ရဲတပ်ဖွဲ့ဝင်များ၊ ရွေးကောက်ပွဲလုံခြုံရေး တာဝန်ယူ ထားသူများ အပါအဝင် အာဏာပိုင်များကထုတ်ပြန် ထားသော ညွှန်ကြားချက်များကို လိုက်နာ ဆောင်ရွက်ပြီး ၎င်းပုဂ္ဂိုလ် များအား လေးစားစွာပြုမူ ဆက်ဆံရမည်။
၅။         ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများသည် ရွေးကောက်ပွဲလုပ်ငန်းစဉ်အတွင်း နိုင်ငံရေး ဘက်လိုက်ခြင်းကင်းမှုကို တိကျစွာထိန်းသိမ်းရမည်။ နိုင်ငံတော်အာဏာပိုင်များ၊ နိုင်ငံရေးပါတီများ နှင့် ကိုယ်စားလှယ်လောင်းများအား လည်းကောင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် ပတ်သက်သော ပြဿနာများကိုလည်းကောင်း၊ ဘက်လိုက်ခြင်းနှင့် ဦးစားပေးသောအသွင်အပြင်များ ထုတ်ဖော် ပြသခြင်းမပြုရ။
၆။         ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများသည် နိုင်ငံရေးပါတီတစ်ခုခု သို့မဟုတ် ကိုယ်စား လှယ်လောင်းတစ်ဦးဦး အား ထောက်ခံ အားပေးခြင်း၊ ဆန့်ကျင်ကန့်ကွက်ခြင်းပြုရာရောက်သည့် လှုပ်ရှားမှုများကိုဆောင်ရွက်ခြင်း၊ ယင်းလှုပ်ရှားမှုများတွင်ပါဝင်ခြင်းမပြုရ။
၇။         ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများသည် မေးခွန်းများမေးမြန်းခွင့် မရှင်းလင်းသည့် အချက်များကို မေးမြန်း ခွင့်ရှိသည်။ သို့သော် ရွေးကောက်ပွဲအကြိုကာလ၊ ရွေးကောက်ပွဲကာလနှင့် ရွေးကောက်ပွဲလွန်ကာလများ၏ လုပ်ငန်းစဉ်များတွင် တိုက်ရိုက်သော်လည်းကောင်း၊ သွယ်ဝိုက်၍ သော်လည်းကောင်း အဟန့်အတားမဖြစ်စေရ။
၈။         ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအသီးသီးက တရားဝင် ထုတ်ပေးထားသည့် သက်သေခံကတ်ပြားများကို ရွေးကောက်ပွဲစောင့်ကြည့် လေ့လာနေစဉ်အတွင်း ချိတ်ဆွဲထားရမည်။ မဲရုံမှူးများ၊ မဲရုံတာဝန်ခံများနှင့် အခြားအာဏာပိုင် များကတောင်းခံ လာပါကပြသရမည်။
၉။         ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများသည် ၎င်းတို့၏ စောင့်ကြည့်လေ့လာချက်များကို ဘက်လိုက်မှုကင်းခြင်း၊ ဓမ္မဓိဋ္ဌာန်ကျခြင်းနှင့် မှန်ကန်မှုအဆင့်မြင့်မားခြင်းရှိကြောင်း သေချာစေ ရမည်။
၁၀။       ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ တစ်ဦးချင်းအနေဖြင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ယင်းတို့၏ ပုဂ္ဂလိက သဘောထားအမြင်များ၊ သုံးသပ်ချက်များကို မီဒီယာသို့တင် ပြခြင်း မပြုရ။ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းများ၊ အစုအဖွဲ့များသည် ရွေးကောက်ပွဲ လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် သဘောထားမှတ်ချက်များကို တာဝန်ခံ ပုဂ္ဂိုလ်များ ကသာ ထုတ်ပြန်ရန်သေချာစေရမည်။
၁၁။       ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် အဖွဲ့အစည်းများသည် ယင်းတို့၏ တွေ့ရှိချက်များ၊ နည်းလမ်းများ၊ အကြံပြုချက်များကို ပြည်ထောင်စုရွေး ကောက်ပွဲကော် မရှင်ကိုတင်ပြရမည်။
၁၂။       ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသည့် လုပ်ငန်းစဉ်တစ်လျှောက် နိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့ ထုံးစံများကို အလေး ထားကြောင်းပြသခြင်းအပါအဝင် အခြားပုဂ္ဂိုလ်များအား အလေးထား ဆက်ဆံခြင်းနှင့် စောင့်ကြည့်လေ့လာမှု ကိုပညာရှင်ပီသစွာ ပြုမူဆောင်ရွက်ရမည်။
၁၃။       ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အသိမှတ်ပြုရန် တောင်းခံထားသော အဖွဲ့အစည်း အသီးသီးသည် ၎င်းတို့၏ အဖွဲ့ဝင်အသီးသီးအား လိုက်နာရန်ကျင့်ဝတ်အပါအဝင် ရွေးကောက်ပွဲ ဥပဒေများ၊ လုပ်ထုံးလုပ်နည်းများကို သိရှိနားလည်ရေး အတွက် ပညာပေးခြင်း၊ သင်တန်းပေးခြင်း များပြုလုပ်ပေးရန်တာဝန်ရှိသည်။
၁၄။       မြန်မာနိုင်ငံသို့ လာရောက်ရန်ရည်ရွယ်ထားသော ရွေးကောက်ပွဲစောင့်ကြည့်လေ့လာ သူများသည် မြန်မာနိုင်ငံအစိုးရမှ ထုတ်ပြန်ထားသော နည်းဥပဒေများနှင့်အညီ အချိန်မီ ဗီဇာလျှောက်ထားရမည်။ ခွင့်ပြုသည့် ဗီဇာရက်သတ်မှတ်ချက် ထက်ကျော်လွန်၍ မြန်မာနိုင်ငံတွင် နေထိုင်ခြင်း မပြုရ။
၁၅။       ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူများသည် မြန်မာနိုင်ငံအတွင်းနေထိုင်စဉ် လုံခြုံမှုရှိစေ ရေးအ တွက် နိုင်ငံတော် အစိုး ရနှင့် လုံခြုံရေးအဖွဲ့အစည်းများက ထုတ်ပြန်ထားသော အကြံပြုချက် များကို လိုက်နာရမည်။
၁၆။       ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူ တစ်ဦးချင်းသည်လည်းကောင်း၊ အဖွဲ့အစည်း တစ်ခုခု သည်လည်းကောင်း ဤကျင့် ဝတ် ကိုဖောက်ဖျက်ပါက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်အနေဖြင့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာသူအဖြစ် အသိအမှတ်ပြုခြင်းကို ရုပ်သိမ်းခွင့်ရှိသည်။ ဤသို့ ရုပ်သိမ်းခွင့်ကို အဆုံးအဖြတ်ပြုရန် ပြည်ထောင် စုရွေးကောက် ပွဲ ကော်မရှင်ကသာ ဆောင်ရွက်ခွင့်ရှိ သည်။

ဥက္ကဋ္ဌ
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်





No comments:

Post a Comment