ရန်ကုန်၊
မတ် ၂၁
ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ
(UPWC) နှင့် တစ်နိုင်ငံလုံး ဆိုင်ရာ အပစ်အခတ် ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့
(၇)ကြိမ်မြောက် ဆွေးနွေးလျက် ရှိသည့် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ်
(NCA) ပဉ္စမမြောက်နေ့ ဆွေးနွေးပွဲတွင် နိုင်ငံရေးဆိုင်ရာ အာမခံချက်များနှင့် ပတ်သတ်ပြီး
ဆွေးနွေး နိုင်ခဲ့သည်ဟု ဆွေးနွေးပွဲအပြီး ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲမှ သိရသည်။
UPWC နှင့် NCCT တို့၏ ငါးရက်မြောက်နေ့ ဆွေးနွေးပွဲအား
မတ်လ (၂၁)ရက်တွင် ရန်ကုန်မြို့၊ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်
ထူထောင်ရေး လုပ်ငန်းဗဟိုဌာန (MPC) ၌ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။
NCA စာချုပ်၏ ပဉ္စမမြောက် အခန်းဖြစ်သည့်
"နိုင်ငံရေးဆိုင်ရာ အာမခံချက်များ" အခန်းတွင် (၁) နိုင်ငံရေးလမ်းပြ မြေပုံ
(Road Map) ချမှတ်ခြင်း၊ (၂) နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးခြင်းနဲ့ (၃) အားလုံး ပါဝင်သော
နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲများ ကျင်းပခြင်းဟူသည့် ခေါင်းစဉ်ခွဲ သုံးခု ပါရှိပြီး
ယနေ့ပြုလုပ်သည့် ဆွေးနွေးပွဲတွင် ပြီးပြတ်အောင် ဆွေးနွေးနိုင်ခဲ့သည်ဟု MPC မှ ဦးလှမောင်ရွှေက
ပြောကြားသည်။
တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး
စာချုပ် (NCA)အခန်း (၅) နိုင်ငံရေးဆိုင်ရာ အာမခံချက်များ ခေါင်းစဉ် အောက်တွင် ပါဝင်သည့်
နိုင်ငံရေးလမ်းပြ မြေပုံ (Road Map) ချမှတ်ခြင်း၊ နှစ်ဖက် ကိုယ်စားလှယ်များ ညှိနှိုင်းရန်ခက်ခဲ့သည်။
၂၀၁၄ စက်တင်ဘ နောက်ပိုင်းမှစ၍ ပြန်လည် တွေ့ဆုံ ဆွေးနွေးရန် အတွက် ခြောက်လကြာတိုင် ကြန့်ကြာခဲ့ရသည့်
အခန်းဖြစ်သည်။ ယနေ့ ဆွေးနွေးပွဲ၌ နိုင်ငံရေးလမ်းပြ မြေပုံ (Road Map)ပါ အချက် (၇) အား
သဘောတူနိုင်ခဲ့သည်။ ထို့ကြောင့် နှစ်ဖက် ခေါင်းဆောင်များ ပြန်လည် ဆွေးနွေးရန် လိုအပ်သည့်
အပိုဒ်ခွဲ နှစ်ခုမှလွဲ၍အခန်း (၅)အား သဘောတူ ဆွေးနွေးနိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။
NCCT အဖွဲ့ဝင် ဒေါ်စောမြရာဇာလင်းက "ဒီနေ့
အထူး အောင်မြင်တဲ့ အချက်တွေ ရှိပါတယ်။ အခန်း (၅) ကို အောင်အောင် မြင်မြင်နဲ့ ကျော်ဖြတ်နိုင်ခြင်းဟာ
ဆိုရင် ကျွန်မတို့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းတွေ နဲ့ ဖွဲ့စည်းထားတဲ့
NCCT နဲ့ UPWC က ခေါင်းဆောင်များရဲ့ တစ်ဦးအပေါ် တစ်ဦး စိတ်ရှည် သည်းခံ အနစ်နာ ခံမှုကြောင့်ပါ။
ဆွေးနွေးပွဲဟာ အောင်မြင် ရပါလိမ့်မယ် ဆိုတဲ့ သန္နိဌာန် ထားခဲ့လို့ အခန်း (၅) ကို ကျော်ဖြတ်
နိုင်ခဲ့တာ ဖြစ်ပါတယ်" ဟု ဆွေးနွေးပွဲအပြီး သတင်း မီဒီယာများနှင့်တွေ့ဆုံစဉ် ပြောကြားသည်။
(၇)ကြိမ်မြောက် ဆွေးနွေးလျက်ရှိသည့် တစ်နိုင်ငံလုံး
ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (NCA) ဆွေးနွေးပွဲအား မတ်လ (၂၂) ရက် နေ့လည် (၁၂)
နာရီတွင် ဆက်လက် ကျင်းပမည် ဖြစ်သည်။ အခန်း (၆)၊ NCA စာချုပ် လက်မှတ် ရေးထိုးပြီးနောက်
ရှေ့ဆက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ နှင့် အခန်း (၇)၊ အထွေထွေ တို့ကို ဆက်လက် ဆွေးနွေးသွားမည်
ဖြစ်သည်။
ဆဌမနေ့တွင် ဆက်လက် ဆွေးနွေးမည့် အကြောင်းအရာများနှင့်
ပတ်သက်၍ "ကျွန်မတို့ တိုင်းပြည်ကြီးကို ဘယ်လို တည်ဆောက်ကြမလဲ၊ လက်နက်ကိုင် တော်လှန်ရေးမှာ
ရှိနေတဲ့ တိုင်းရင်းသားတွေ၊ နိုင်ငံရေးပါတီထဲမှာရှိနေတဲ့ တိုင်းရင်းသားတွေ အပြင် အခြား
တိုင်းရင်းသား တွေကို ပါဝင်လာနိုင်ဖို့အတွက် ပါဝင်ထိုက်သူများ အားလုံးပါ ဝင်တဲ့ နိုင်ငံရေး
တွေ့ဆုံဆွေးနွေပွဲကို ဘယ်လို အကောင် ထည်ဖော်မလဲ။ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု
ရပ်စဲရေး စာချုပ်ကို လက်မှတ် ရေးထိုးပြီးတာနဲ့ အနာဂါတ်မှာလည်း နိုင်ငံရေး မူဘောင်ကို
ရေးဆွဲဖို့ အချိန်ကျရင် ဘယ်လို ပုဂ္ဂိုလ်မျိုးတွေကို ဖိတ်ခေါ်သွား မလဲဆိုတဲ့ အချက်တွေ
ကျန်သေးတယ်။ အဲဒီအချက်တွေက စိုးရိမ်စရာမရှိဘူး။ မနက်ဖြန် ပြီးပြတ်နိုင်တယ်" ဟုNCCT
အဖွဲ့ဝင် ဒေါ်စောမြရာဇာလင်းက ပြောသည်။


No comments:
Post a Comment