နှစ်နိုင်ငံ နယ်စပ်နှင့် မီတာ ၁၅၀၀ ခန့် အကွာတွင်
ရှိသော ကိုးကန့် သောင်းကျန်း သူများ အတွက် စစ်နည်းဗျူဟာ လိုအပ်ချက် တောင်ကုန်းများ
ဖြစ်သည့် ပွိုင့်-၁၅၆၄ တောင်ကုန်းနှင့် အနီး ပတ်ဝန်းကျင်ရှိ တောင်ကုန်းများအား တပ်မတော်
စစ်ကြောင်းများက တိုက်စစ်ဆင် ချေမှုန်း တိုက်ခိုက်လျက် ရှိရာ ယနေ့ နံနက်ပိုင်းတွင် ပွိုင့်-၁၅၆၄
တောင်ကုန်းအား သိမ်းပိုက်ရရှိခဲ့သည်။ ထို့အတူ ရှင်ခုတ်ထန် မြောက်ဘက် တောင်ကြောရှိ ကိုးကန့်
သောင်းကျန်းသူများအား တပ်မတော် စစ်ကြောင်းများက ဆက်လက် ထိုးစစ်ဆင် တိုက်ခိုက် ချေမှုန်းလျက်ရှိသည်။
အလားတူ ယနေ့တွင် တပ်မတော် စစ်ကြောင်းများက ရှင်ပင်ကိုင်း
ကျေးရွာ အနီးရှိ ပွိုင့်-၁၉၆၈ တောင်ကုန်းနှင့် ပွိုင့်-၁၉၅၁ တောင်ကုန်းများအား ရှင်းလင်း
သိမ်းပိုက်ခဲ့သည်။
ကိုးကန့် သောင်းကျန်း သူများသည် မြေအနေအထား အသာစီးရမှုကို
အခွင့်ကောင်း ယူ၍ တောင်ကုန်းများ ပေါ်တွင် အခိုင်အမာ ခံကတုတ်များ ဆောက်လုပ်ကာ ဆက်သွယ်ရေး
မြောင်းများ၊ ဗုံးခိုကျင်းများနှင့် ပစ်ကျင်းများ တူးထားပြီး လောင်ချာ၊ လက်ပစ်ဗုံး၊
စက်သေနတ်ကြီးနှင့် တိုက်မိုင်းများဖြင့် တပ်မတော် စစ်ကြောင်းများအား ပစ်ခတ် တိုက်ခိုက်
ခဲ့သော်လည်း တိုက်စစ် ဆင်နေသည့် တပ်မတော် စစ်ကြောင်းများက လက်နက်ကြီး ပစ်ကူ ပစ်အားများ
ရယူ၍ ဟန်ချက်ညီစွာ ရွပ်ရွပ်ချွံချွံ ထိုးဖောက် တိုက်ခိုက် ခဲ့ခြင်းကြောင့် အခိုင်အမာ
ခံစစ်ယူထားသော တောင်ကုန်းများအား သိမ်းပိုက် ရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ တိုက်ပွဲများတွင် ကိုးကန့် သောင်းကျန်းသူ
အလောင်း ၃ လောင်း၊ လက်နက်ငယ် ၅ လက် ၊ ကျည်အိမ် ၁ ခု ၊ ကျည်မျိုးစုံ ၃၃၅ တောင့် ၊ တိုက်မိုင်း
၁၁ လုံး၊ အီနာဂါဗုံးသီး ၂ လုံး၊ လောင်ချာ ဗုံးသီး ၁ လုံး ၊ လက်ပစ်ဗုံး ၃ လုံး၊ လုပ်သေနတ်
ပြုလုပ်မည့် ဆက်စပ်ပစ္စည်းများ၊ MNDAA လက်မောင်း တံဆိပ်ပါ ယူနီဖောင်း ၈ စုံ၊ စစ်စိမ်းရောင်
ဘောင်းဘီ ၂ထည်နှင့် အသုံးအဆောင် ပစ္စည်းများအား သိမ်းဆည်း ရမိခဲ့သည်။ တပ်မတော်မှ အရာရှိ
၊ စစ်သည် ၁၁ ဦး နိုင်ငံတော် အတွက် အသက် ပေးလှူခဲ့ပြီး ၁၁ ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်း
ရရှိသည်။

No comments:
Post a Comment