Saturday, March 14, 2015

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဟင်္သာတ၊ ဇလွန် ပြန်/ဆက်ရုံးများ ကြည့်ရှုစစ်ဆေးစာအုပ် စာစောင်နှင့် ဆေးဝါးများ ပေးအပ်လှူဒါန်း


ဟင်္သာတ မတ် ၁၄
 ပြန်ကြားရေး ၀န်ကြီးဌာန၊ ဒုတိယ၀န်ကြီး ဦးပိုက်ထွေးသည် မတ်(၁၂)ရက် နံနက်ပိုင်းတွင် ဟင်္သာတခရိုင်၊ ဇလွန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးသို့ရောက်ရှိပြီး မြို့နယ်ရုံးဝန်ထမ်းများနှင့်တွေ့ဆုံ၍ မြို့နယ်ပြည်သူ့ စာကြည့် တိုက်တွင် နေ့စဉ်သတင်းစာများ အချိန်မီရောက်ရှိရေး၊ စာငှားစာဖတ်သူတိုးပွားရေး၊ လစဉ်အလှူရှင်စာအုပ်များကို စနစ်တကျထားရှိပြီး မှာကြားသည်။










နေ့လယ်ပိုင်းတွင် ဒုတိယ၀န်ကြီးသည် ဟင်္သာတခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနရုံးသို့ ရောက်ရှိ၍ ခရိုင်ရုံးတွင် အင်တာနက်(WIFI) သုံးစွဲနေသူ များအား ရင်းရင်းနီးနီးတွေ့ဆုံနှုတ်ဆက်ပြီး နံရံကပ် စာစောင်၊ ဓာတ်ပုံပြခန်းများ ဆောင်ရွက်ထားရှိမှုအား ကြည့်ရှုစစ်ဆေးသည်။ ထို့နောက် ဟင်္သာတခရိုင် (၆)မြို့နယ်မှ မြို့နယ် ဦးစီးမှူးများနှင့်တွေ့ဆုံ၍ စံညီစာကြည့်တိုက်တိုးပွားရေးနှင့် အရည်အသွေး မြင့်မားသော စာကြည့် တိုက်များ ဖြစ်အောင် ဆောင် ရွက်ရန်၊ စာငှားစာဖတ် တိုးပွားရေးနှင့် စာအုပ်စာစောင်တိုးပွားရေး အလေးထားဆောင်ရွက်ရန်၊ စာပေရေချမ်းစင်များကို လစဉ်စာအုပ် အသစ်များ ဖြည့်တင်းပေးရန် မှာကြားသည်။
ဆက်လက်၍ မတ် ၁၃ ရက်နေ့ နံနက်ပိုင်းတွင် ပြန်ကြားရေးဝန်ကြီးဌာန၊ ဒုတိယ ၀န်ကြီးသည် ဟင်္သာတ မြို့တော် ခမ်းမတွင် ကျင်းပပြုလုပ်သော ရုပ်မြင်သံကြား ထပ်ဆင့်လွှင့်စက်ရုံ (ဟင်္သာတ)ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်၍ ဧရာဝတီတိုင်း ဒေသကြီးအတွက်  DVB T2 Set Top Box များနှင့်   စာအုပ် စာစောင်များကို ပေးအပ်သည်။ နေ့လည်ပိုင်းတွင် ဒုတိယ၀န်ကြီးသည် လေးမျက်နှာမြို့    အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲသို့ တက်ရောက်သည်။ အခမ်းအနားတွင်  ဧရာဝတီ တိုင်းဒေသကြီး အစိုးရအဖွဲ့စည်ပင် သာယာရေးဝန်ကြီး ဦးကျော်ဝင်းနိုင်က   နှုတ်ခွန်းဆက် မိတ်ဆက် စကားပြောကြားပြီး လေးမျက်နှာမြို့နယ် ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုကော်မတီ   ဥက္ကဋ္ဌ ဦးစိုးမြင့်က ဒေသအခြေ အနေများကို ဆွေးနွေးတင်ပြသည်။ ထို့နောက် ဒုတိယ ၀န်ကြီးက နိုင်ငံတော်၏ ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ရာတွင် ပြန်ကြားရေးဝန်ကြီး ဌာနသည် ပြည်သူဗဟိုပြုမူဝါဒကို အကောင် အထည်ဖော် ဆောင်ရွက်လျက်ပြီး၊ ကျေးလက်ဒေသဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှု လျော့နည်း ပပျောက်ရေး လုပ်ငန်း စဉ်များကို တစ်ဖက်တစ်လမ်းက အထောက်အကူပြု ဆောင်ရွက်နေသည် များကို ရှင်းလင်း ပြောကြားသည်။
ထို့နောက် လေးမျက်နှာမြို့နယ်အတွင်းရှိ စာကြည့်တိုက်များအတွက် စာအုပ် စာစောင်များပေးအပ်လှူဒါန်းရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးက လက်ခံရယူ သည်။
ဆက်လက်၍ ဒုတိယ၀န်ကြီးသည် လှော်ကထားကျေးရွာ ရောင်ခြည်ဦး စာကြည့်တိုက်သို့ သွားရောက်ကြည့် ရှုကာ စာအုပ်စာစောင်များ ပေးအပ်လှူဒါန်းရာ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် စာကြည့်တိုက် ဥက္ကဋ္ဌတို့က လက်ခံရယူခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment