Saturday, March 14, 2015

ဒုတိယသမ္မတ ဦးဉာဏ်ထွန်း မြေအသုံးချမှုဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲသို့ တက်ရောက် အမှာစကားပြောကြား



နေပြည်တော် မတ် ၁၄
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရ မြေအသုံးချမှုစီမံခန့်ခွဲရေးဗဟို ကော်မတီနှင့် ပြည်ထောင်စု လွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်းခံရမှု များကြောင့် ပြည်သူများနစ်နာမှု မရှိစေရေး အတွက် စုံစမ်းရေးကော်



မရှင်တို့၏ မြေအသုံးချမှု ဆိုင်ရာ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက်(၈)နာရီခွဲတွင် နေပြည်တော် ရှိ မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၂)၌ကျင်းပရာ မြေအသုံးချမှုစီမံ ခန့်ခွဲရေးဗဟို ကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက် အမှာစကား ပြောကြားသည်။
ဆွေးနွေးပွဲသို့ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ ပြည်ထောင်စု ဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်များ၊  စုံစမ်းရေးကော်မရှင်မှ တာဝန်ရှိသူများ၊ ဒုတိယဝန်ကြီးများ၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စား လှယ်များ၊ တိုင်းဒေသကြီးဝန်ကြီးများ၊ မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီမှ တာဝန်ရှိသူများ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အခမ်းအနားတွင်မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီဥက္ကဋ္ဌ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက အမှာစကား ပြောကြားရာ၌ နိုင်ငံတော်အစိုးရ အနေဖြင့်  မြေကိစ္စရပ် များကို ထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး အတွက် မြေအသုံးချမှုစီမံ ခန့်ခွဲရေး ကော်မတီအဆင့်ဆင့်ကို လုပ်ငန်းတာဝန်များ သတ်မှတ်ပေးကာ မြေသိမ်း ဆည်းမှု ဆိုင်ရာ ပြဿနာများကို အလျင်အမြန် ပြီးပြတ်နိုင်ရေး အလေးထားဆောင်ရွက်ခဲ့ပါကြောင်း။
ယင်းကော်မတီ အဆင့်ဆင့်ကို ဖွဲစည်းခဲ့ရာတွင် ကောင်းမွန်သော အုပ်ချုပ်ရေး၏ သွင်ပြင်လက္ခဏာ တစ်ရပ်ဖြစ်သည့် ပြည်သူလူထု ပူးပေါင်းပါဝင် ခြင်းကို ဖော်ဆောင်သည့် အနေဖြင့် အခြေခံအကျဆုံးဖြစ်သော ရပ်ကွက်။ ကျေးရွာအုပ်စု မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီတွင်ရပ်မိ။ ရပ်ဖဖြစ်သည့် ရပ်ကွက်။ ကျေးရွာအုပ်စု ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြု ကော်မတီ ဥက္ကဋ္ဌနှင့် တောင်သူလယ်သမား ကိုယ်စား လှယ်ဖြစ်သည့် လယ်ယာ ကုန်ထုတ် သမဝါယမအသင်းများမှ ကိုယ်စားလှယ်တို့ကို အဖွဲ့ဝင်အဖြစ် ထည့်သွင်း ဖွဲ့စည်းခဲ့ ပါကြောင်း၊ အလားတူ မြို့နယ်မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီတွင်လည်း မြို့နယ်ဖွံ့ဖြိုး တိုးတက်ရေး အထောက်အကူပြုကော်မတီ ဥက္ကဋ္ဌကို အဖွဲ့ဝင် အဖြစ် ထည့်သွင်းဖွဲ့စည်းခဲ့ပါကြောင်း။
ထို့အပြင် နိုင်ငံတော်သမ္မတက ပြည်ထောင်စု လွှတ်တော် နာယကထံသို့ (၂၈-၂-၂၀၁၄) ရက်နေ့ပေးပို့ခဲ့သည့် သ၀ဏ်လွှာတွင်“ မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီ၏ ကြီးကြပ်မှုအောက်၌ မြေပြင်ကွင်းဆင်း ဆောင်ရွက် လျက်ရှိသော မြို့နယ်မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီအသီးသီးတွင် သက်ဆိုင်ရာ မြို့နယ် အလိုက် ရွေးကောက်တင်မြှောက် ခံထားရသည့် လွှတ်တော်ကိုယ်စားလှယ် များက ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် အများ ပြည်သူတို့ မနစ်နာစေရန် ပွင့်လင်း မြင်သာစွာ ရှင်းလင်း ဆောင်ရွက်နေမှုအား  အထောက် အကူပြုစေမည့်အပြင် ပကတိအခြေအနေမှန်ကိုလည်း လွှတ်တော်များက အချိန်နှင့်တစ်ပြေးညီ သိရှိ နိုင်မည် ဖြစ်ပါ၍ စီစဉ်ပေးနိုင်ပါရန်” တိုက်တွန်းထားခဲ့ပါကြောင်း။
မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီအနေဖြင့် အစီရင်ခံစာအပိုင်း အသီးသီးပါ မြေသိမ်းဆည်းမှု ပြဿနာများကို လျင်မြန်စွာ ဖြေရှင်းဆောင်ရွက် ရာတွင် လျင်မြန်ချောမွေ့စေရေးအတွက် မူဝါဒများ ချမှတ်နိုင် ရန်နှင့် လုပ်ငန်းစဉ် များသတ်မှတ်နိုင်ရန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးများကို အကြိမ်ကြိမ်ကျင်းပ ခြင်း၊ မြေပြင်တွင်မြေကိစ္စများ ရှင်းလင်းဆောင်ရွက်နေကြသည့် သက်ဆိုင်ရာ ကော်မတီအဆင့်ဆင့်အား ထိတွေ့ နိုင်ရန်နှင့် ပြန်လည်စွန့်လွှတ်မြေများကို သက်ဆိုင်သများ လက်ဝယ်သို့ ပေးအပ်ရာတွင် မြေလက်ခံရ ယူကြသည့် ပြည်သူလူထုနှင့် တိုက်ရိုက်ထိတွေ့နိုင်ရန်အတွက် တိုင်းဒေသကြီး။ ပြည်နယ်များသို့ ကွင်းဆင်း ဆောင်ရွက်ခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။ မြေအသုံးချမှု စီမံခန့်ခွဲ ရေးဗဟိုကော်မတီ အနေဖြင့် ပြည်ထောင်စု ၀န်ကြီးဌာနများ၊ မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီ အဆင့်ဆင့်မှ မြေကိစ္စများအပေါ် စိစစ်ဖြေရှင်းဆောင်ရွက် ရာတွင် လျင်လျင်မြန်မြန် ဆောင်ရွက် နိုင်စေရေးအတွက် လုပ်ငန်းလမ်းညွှန် အဖြစ် လိုက်နာဆောင်ရွက်ရန် မူဝါဒ(၅)ရပ်နှင့် လုပ်ငန်းစဉ်(၄)ရပ်ကို ချမှတ် ဆောင်ရွက်ခဲ့ပါကြောင်း၊ ယနေ့အထိ ဆိုလျှင် ပြည်ထောင်စုလွှတ်တော်မှ ပေးပို့ လာသည့် စိစစ်ဖြေရှင်းရန် အမှုတွဲပေါင်း (၁၃ယ၆၃၂)မှု ရှိပါကြောင်း။
အစိုးရအဖွဲ့အစည်းအဆင့်ဆင့်သို့ သီးခြားတင်ပြတိုင်ကြားလာသော တိုင်ကြားစာ အရေအတွက်မှာ (၂ယ၁၂၃) စောင်ရှိပြီး သက်ဆိုင်ရာ မြေအသုံးချမှု စီမံခန့်ခွဲရေး ကော်မတီများနှင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများသို့ စိစစ် ဖြေရှင်း ဆောင်ရွက်စေလျက်ရှိပါကြောင်း။
မြေအသုံးချမှုစီမံခန့်ခွဲရေး ဗဟိုကော်မတီအနေဖြင့် စိစစ်ဖြေရှင်းဆောင်ရွက် ပြီးစီးမှုအခြေအနေကို နိုင်ငံတော် သမ္မတက ပြည်ထောင်စုလွှတ်တော် နာယက ထံသို့ (၂၅-၆-၂၀၁၄)နေ့တွင် သဝဏ်လွှာပေးပို့ ခဲ့၍ လည်းကောင်း၊ ပြန်လည် စွန့်လွှတ်မြေများအား သက်ဆိုင်သူများသို့ ပြန်လည်လွှဲပြောင်းပေးအပ်မှု အခြေ အနေကို (၁၉-၁၂-၂၀၁၄)နေ့တွင် ထုတ်ဝေသော နိုင်ငံပိုင်သတင်းစာများ တွင်ထည့်သွင်း ဖော်ပြခြင်းဖြင့် လည်းကောင်း၊  (၁၇-၂-၂၀၁၅)နေ့တွင် ကျင်းပ ပြုလုပ်သော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန် အစည်းအဝေး(၁၅)ရက် မြောက်နေ့တွင် ရှင်းလင်း တင်ပြခြင်းဖြင့် လည်းကောင်း ပြည်ထောင်စု လွှတ်တော်နှင့် ပြည်သူလူထုထံသို တင်ပြခဲ့ပြီးဖြစ်ပါကြောင်း။
ပြန်လည်စွန့်လွှတ် မြေများနှင့် ပတ်သက်၍ နိုင်ငံတော်အစိုးရအနေဖြင့် ပြည်ထောင်စုလွှတ်တော် စုံစမ်းရေး ကော်မရှင်မှ ပေးပို့သည့် အစီရင်ခံစာအပိုင်း များတွင်ပါရှိသည့် ပြန်လည် စွန့်လွှတ်သည့် မြေများအပြင် ပြည်ထောင်စု ဝန်ကြီး ဌာနများနှင့် ပုဂ္ဂလိကကုမ္ပဏီ အဖွဲ့အစည်းများမှ သီးခြားပြန်လည်စွန့်လွှတ်မြေ များကိုလည်း သက်ဆိုင်သူများထံသို့ ပြန်လည်လွှဲပြောင်းပေးအပ်လျက်ရှိ ပါကြောင်း။
မြေအသုံးချမှုစီမံ ခန့်ခွဲရေးကော်မတီ အဆင့်ဆင့် အနေဖြင့်လည်း ပြန်လည် စွန့်လွှတ်မြေများတွင် ပါဝင်သည့် လယ်ယာမြေများအား တောင်သူများထံသို့ လယ်ယာမြေ လုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ဖြင့်လည်းကောင်း၊ နိုင်ငံတော်မှ စီမံခန့်ခွဲပိုင်ခွင့်ရှိသည့် စားကျက်မြေ၊ သစ်တောမြေ၊ မြေလွတ်မြေလပ်နှင့် မြေရိုင်း စသည့် မြေများတွင်ပါဝင်နေ သည့်စိုက်ပျိုးမြေများကိုလည်း အမှန်တကယ် လုပ်ကိုင်နေသည့် တောင်သူများထံ ယာယီပုံစံဖြင့် လည်းကောင်း ပြန်လည် လွှဲပြောင်းပေးအပ်ထားခဲ့ပါကြောင်း၊ ထို့အပြင် စိုက်ပျိုးမြေ မဟုတ်သော အခြားမြေများကိုလည်း သက်ဆိုင်သူ ပုဂ္ဂလိက၊ အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများသို့ ပြန်လည်လွှဲပြောင်း ပေးအပ်ထားပြီး လွှဲပြောင်း ပေးအပ်ရန် ကျန်ရှိမြေ များအား စိစစ်ဆဲဖြစ်ပါကြောင်း။
နိုင်ငံတော်အစိုးရအနေဖြင့် ဖြေရှင်းပေးရမည့် မြေယာအငြင်းပွားမှု များသည် ပမာဏအားဖြင့် များပြားလှ ပါကြောင်း၊ ဖြေရှင်းဆောင်ရွက်မှု လုပ်ငန်း အပိုင်းများမှာ နှောင့်နှေးကြန့်ကြာမှုများနှင့်ပတ်သက်ပြီး ပြည်ထောင်စု လွှတ်တော် အတွင်းမှလည်းကောင်း၊  လွှတ်တော်ပြင်ပမှလည်းကောင်း မိမိတို့အစိုးရအပေါ် အပြုသဘောဖြင့် ထောက်ပြဝေဖန် မှုများကို လည်းကြိုဆိုပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် မြေကိစ္စများ အပေါ်ဖြေရှင်း ဆောင်ရွက်ပေးနေမှုများတွင် လက်ရှိ အခြေအနေထက် ပိုမိုထိရောက် ကောင်းမွန်၍ လွယ်ကူ ရှင်းလင်းမည့် လုပ်ငန်းစဉ်များ ထပ်မံဖြည့်စွက် ဆောင်ရွက်နိုင်ရန်နှင့်  မြေသိမ်းဆည်းခံရမှု များကြောင့် အမှန်တကယ် နစ်နာဆုံးရှုံး ခဲ့ကြသည့် ပြည်သူများအတွက် ရသင့် ရထိုက်သည့် ပြန်လည်စွန့်လွှတ်မြေများ (သို့မဟုတ်) လျော်ကြေးငွေများအား သက်ဆိုင်သူများလက်ဝယ် အမြန်ပြန်လည်ပေးအပ်ရာတွင် နှောင့်နှေး ကြန့်ကြာ နေသည့် အတားအဆီး အခက်ခဲများကို ဖြေရှင်းကျော်လွှားနိုင်မည့် နည်းလမ်း ကောင်းများကို ဖော်ထုတ်နိုင်ရန် ဆိုသည့် ရည်ရွယ်ချက်နှင့် ယခုလိုတွေ့ဆုံ ဆွေးနွေးပွဲကို စီစဉ်ဆောင်ရွက်ခဲ့ခြင်း ဖြစ်ပါကြောင်း။
ယနေ့ကာလတွင် နိုင်ငံတော်ပိုင်ဖြစ်သည့် သစ်တောမြေ၊ မြေလွတ် မြေရိုင်းများ၊ လမ်းမကြီးနယ်နိမိတ်များ စသည့်မြေများပေါ်တွင် တရားမဝင် ကျူးကျော်နေထိုင်မှုများရှိလာသည့်အပြင် အများပြည်သူပိုင် လယ်မြေ၊ ယာမြေနှင့် စားကျက်မြေများ၊ အစိုးရဌာန ဆိုင်ရာ မြေများပေါ်မှာလည်း တရားမဝင် ကျူးကျော်နေထိုင်မှုများ နယ်မြေအသီးသီးမှာ ရှိလာသည်ကိုတွေ့ရ ပါကြောင်း၊ ယင်းကျူးကျော်မှုများကို သက်ဆိုင်ရာ တည်ဆဲ ဥပဒေများ နှင့်အညီ ဟန့်တားအရေးယူသော်လည်း ပြဋ္ဌာန်းထားသည့်ဥပဒေများသည် ခေတ်ကာလ နှင့် လိုက်လျောညီထွေမှု မရှိသည့်အတွက် ထိရောက်ဟန့်တားနိုင်မှုမရှိတာကို တွေ့ရပါကြောင်း၊ မြေအမျိုး အစားအလိုက် ပြည်သူလူထု၏ ပိုင်ဆိုင်ခွင့်၊ ရပိုင်ခွင့်များအား ဥပဒေကြောင်းအရ အခိုင်အမာအကာ အကွယ် ပေးနိုင်ရန် အတွက် ခေတ်ကာလနှင့် လိုက်လျောညီထွေဖြစ်မည့် ဥပဒေများအား ပြင်ဆင်ရေး ဆွဲရန် လိုအပ်ပါကြောင်း။
အခါအခွင့်သင့်ခိုက် ရေရှည်တည်တံ့သည့် မြေအသုံးချမှုနှင့် ခိုင်မာသည့် မြေစီမံခန့်ခွဲမှု စနစ်တစ်ရပ်ပေါ်ထွန်း လာစေရေး အတွက် နိုင်ငံတော်အစိုးရမှ အမျိုးသားမြေအရင်းအမြစ် စီမံခန့်ခွဲရေးဗဟို ကော်မတီ ဖွဲ့စည်း ဆောင်ရွက်မှု အခြေအနေ အကျဉ်းချုပ်အား ရှင်းပြလိုပါကြောင်း။       
မြေအရင်းအမြစ် စီမံခန့်ခွဲရာတွင် စီးပွားရေး၊ နိုင်ငံရေး၊ ဥပဒေရေးရာနှင့် လူမှုရေး ဆိုင်ရာရှုထောင့်စုံမှသုံးသပ်ပြီး မှန်ကန်ပြည့်စုံသည့် မူဝါဒ၊ ခိုင်မာသည့် ဥပဒေမူဘောင်နှင့် စွမ်းရည်ရှိသည့် မြေစီမံအုပ်ချုပ်ရေးစနစ်များအား ချမှတ် ကျင့်သုံး အကောင်အထည်ဖော်ရန် လွန်စွာအရေးကြီးပါကြောင်း။
သက်ဆိုင်သူများ မြေပိုင်ဆိုင်လုပ်ကိုင်ခွင့် စိတ်ချလက်ချ ရရှိရေး၊ မြေအခွင့်အရေးများ ခွဲဝေပေးမှု ယန္တရား တစ်ရပ် သတ်မှတ်နိုင်ရေး၊ လူမှုရေး တည်ငြိမ်မှုကို မြှင့်တင်နိုင်ရေး၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံ ကောင်းဖန်တီးရေး၊ ရေရှည်တည်တံ့သည့် မြေအသုံးချမှုနှင့် ခိုင်မာသည့် မြေစီမံ ခန့်ခွဲမှုစနစ်ပေါ်ထွန်းရေး၊ ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့် အရည်အသွေး ပြည့်ဝသော အဖွဲ့အစည်းများ ဖြစ်ထွန်းပေါ်ပေါက်ရေး တို့အတွက် မြေမူဝါဒမှာ အလွန်အရေးကြီးပါကြောင်း။
ဥပဒေရေးရာ မူဘောင်တွင် မြေနှင့်မရွှေ့မပြောင်းနိုင်သည့် ပစ္စည်းဥစ္စာ များ၏  ဥပဒေအရ အဆင့်အတန်း၊ မြေပိုင်ဆိုင်လုပ်ကိုင်ခွင့်၊ မြေဆိုင်ရာ စာချုပ်စာတမ်း မှတ်ပုံတင်ခြင်း၊ မြေအမျိုးအမည် သတ်မှတ်ခြင်း၊ မြေနယ် နိမိတ်များ ရေးဆွဲခြင်း၊ မြေကွက်များ တိုင်းတာခြင်း၊ မြေကွက် သတင်းအချက်များ ဖော်ပြခြင်း စသည့် အချက်များ ပြည့်စုံစွာပါဝင်ရန် လိုအပ်ပါကြောင်း၊ မူဝါဒ၊ ဥပဒေများနှင့်အညီ အကောင်အထည်ဖော်ဖို့ ခိုင်မာ အားကောင်းသည့် မြေယာ အုပ်ချုပ်မှုစနစ် လိုအပ်ပါကြောင်း။
မြေယာအုပ်ချုပ်မှု ဆိုသည်မှာ မြေအရင်းအမြစ် စီမံခန့်ခွဲမှု မူဝါဒများကို အကောင် အထည်ဖော်ရာတွင် မြေပိုင်ဆိုင်မှု၊ မြေတန်ဖိုးနှင့် မြေအသုံးချမှုဆိုင်ရာ သတင်းအချက် အလက်များကို အတည်ပြုခြင်း၊ မှတ်တမ်း တင်ထားရှိခြင်းနှင့် ဖြန့်ဝေခြင်းဆိုင်ရာ လုပ်ငန်းစဉ်များ ဖြစ်ပါကြောင်း။
မြေယာအုပ်ချုပ်မှု ကောင်းမွန်ရေးအတွက် ရှင်းလင်းပြီး သင့်တော် ထိရောက်သည့် တရားဥပဒေစံနစ်နှင့်အညီ ဆုံးဖြတ်လုပ်ဆောင်ပေးမည့် ဓမ္မဓိဋ္ဌာန်ကျသည့် ဥပဒေရေးရာမူဘောင် နှင့် လုပ်ပိုင်ခွင့်နှင့် အခွင့်အာဏာများကို ရိုးရှင်းထိရောက်သည့် လုပ်ထုံးလုပ်နည်းများဖြင့် တည်ကြည်ဖြောင့်မတ်စွာ ကိုင်တွယ်၊ ကျင့်သုံးခြင်းတို့ လိုအပ် ပါ ကြောင်း။
မိမိတို့ အနာဂတ်မှာ သွားလိုသည့် မြေအရင်းအမြစ်အသုံးချမှုကို ရိုးရိုးရှင်းရှင်း စီမံခန့်ခွဲနိုင်ရန် အရေးကြီး ပါကြောင်း၊ ပဏာမ ရှေ့လုပ်ငန်းစဉ် (၃)ရပ်အဖြစ် ရေရှည် တည်တံ့သော အနာဂတ်အခြေခံ အုတ်မြစ်အဖြစ် ဖြစ်တည် စေမည့် မြေအရင်းအမြစ်ဆိုင်ရာ အခြေခံမူများကို အများပါဝင်မှုဖြင့် ချမှတ်ရန်၊ မြေအရင်းအမြစ် မူဝါဒဆိုင်ရာ အရေး ကိစ္စများကို ကိုင်တွယ်ဖြေရှင်းပေးနိုင်မည့် လက်တွေ့ကျသော ထီးရိပ်ဥပဒေတစ်ရပ်  ပေါ်ထွက် လာရေးအတွက် သက်ဆိုင်သူ များအားလုံး ပေါင်းစပ်ညှိနှိုင်းရေးဆွဲရန်၊ ပြည်သူ့ဗဟိုပြုဖွံ့ဖြိုးမှု ရလဒ်များ လက်ငင်းရရှိနိုင်ရေး မြေယာအုပ်ချုပ်စီမံမှု ပြုပြင် ပြောင်းလဲရေး ရှေ့ပြေး စမ်းသပ်စီမံချက်များကို အကောင်အထည်ဖော်သွားရန်ချမှတ် ဆောင်ရွက်နေပါ ကြောင်း။ 
မြေမူဝါဒ မူဘောင် ကောင်းမွန်ခြင်း၊ မြေဆိုင်ရာသတင်းအချက်အလက် အခြေခံ အဆောက်အအုံ ကောင်း မွန်ခြင်း၊ လုပ်ငန်းစွမ်းဆောင်ရည် မြင့်မားသည့် ဖွဲ့စည်းမှု အစီအမံ ကောင်းမွန်ခြင်းများနှင့် ပြည့်စုံမှသာ မြေလုပ်ပိုင်ခွင့်၊ မြေတန်ဖိုး၊မြေအသုံးချမှု၊ မြေယာဖွံ့ဖြိုးတိုးတက်မှုစသည့် မြေယာအုပ်ချုပ်မှု လုပ်ငန်းဆောင် တာများ ချောမွေ့ ကောင်းမွန်မည်ဖြစ်ပါကြောင်း၊ မြေယာ အုပ်ချုပ်မှုလုပ်ငန်းများ ကောင်းမွန်မှလည်း စီးပွားရေး၊ လူမှုရေးနှင့် သဘာဝ ပတ်ဝန်းကျင် နယ်ပယ်(၃)ရပ်သဟဇာတဖြစ်သည့် ရေရှည်တည်တံ့သော ဖွံ့ဖြိုးတိုး တက်မှုကို ရရှိမှာဖြစ်ပါကြောင်း။
ယခု လုပ်ငန်းစဉ်ကြီးအောင်မြင်ဖို့ ပြည်သူလူထု၏ အားပေးထောက်ခံမှုနှင့် တက်ကြွစွာပူးပေါင်းဆောင်ရွက်မှု အဓိကလိုအပ်သည့်အတွက် လူထုထံ အသိပေးချပြ ဆောင်ရွက်လျက် ရှိပါကြောင်း၊ လက်ရှိမြေယာ ပြဿနာ များ ဖြေရှင်းရင်းနှင့် ရေရှည် တည်တံ့သည့် မြေယာစီမံခန့်ခွဲမှု စနစ်ကောင်းတစ်ရပ်ဖော်ထုတ်နိုင်ရေး ပြည်ထောင်စု အစိုးရ အဖွဲ့အနေဖြင့် ကြိုးပမ်း ဆောင်ရွက်လျက် ရှိပါကြောင်း။
ပြည်ထောင်စု လွှတ်တော်စုံစမ်းရေး ကော်မရှင်က ပေးပို့လာသော မြေယာပြဿနာများနှင့် ပတ်သက်၍  မြေကိုရယူ ထားသည့် သက်ဆိုင်ရာနှင့် ပြည်ထောင်စုဝန်ကြီး ဌာနများ၏ရှုထောင့်မှလည်းကောင်း၊ မြေသိမ်းခံရသူပြည်သူ များနှင့် ပြည်ထောင်စုလွှတ်တော် စုံစမ်းရေးကော်မရှင်တို့၏ ရှုထောင့်မှ လည်းကောင်း၊ စိစစ်ဖြေရှင်းပေးနေသည့် မြေအသုံးချမှုစီမံခန့်ခွဲရေး ကော်မတီ အဆင့်ဆင့်၏ ရှုထောင့်မှလည်းကောင်း အချက်အလက် ခိုင်ခိုင်မာမာဖြင့် လေ့လာသုံးသပ်၍ ပါဝင်ပတ်သက်သူအဖွဲ့အစည်းများ တေ့တေ့ဆိုင်ဆိုင် ဆွေးနွေးပြီး မြေယာပြဿနာများ ယခုထက်ပိုမိုလွယ်ကူမြန်ဆန်စွာ ဖြေရှင်း နိုင်မည့်နည်းလမ်းကောင်းများကို ဖော်ထုတ်ရှာဖွေ၍ မြေယာဆိုင်ရာ လူထုနစ်နာဆုံးရှုံးမှုများကို အမြန်ဆုံးကုစားပေးသွားကြရန် တိုက်တွန်း ပါကြောင်းဖြင့် ပြောကြားသည်။  
ထို့နောက် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက အမှာစကား ပြောကြား ရာတွင် လွှတ်တော်သည် လည်းကောင်း၊ အစိုးရအဖွဲ့သည်လည်းကောင်း ပြည်သူများ၏ အကျိုးစီးပွားနှင့် နိုင်ငံ့အကျိုးစီးပွားအတွက် ရည်ရွယ်ချက်တူညီစွာ ဆောင်ရွက်နေ ပါကြောင်း၊ လွှတ်တော်နှင့်အစိုးရအဖွဲ့များ ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် ယနေ့ကြုံတွေ့ နေရသော မြေယာပြဿနာများကို တရားနည်းလမ်းကျစွာ ဖြေရှင်းပေးနိုင်မည် ဖြစ်ပါကြောင်း။
ယခုဖြစ်ပေါ်နေသော မြေယာပြဿနာများတွင် ယခုအစိုးရလက်ထက်တွင် ပေါ်ပေါက်သောကိစ္စများ အနည်း အကျဉ်းသာရှိပြီး  အများစုတွင် ယခင်အစိုးရ လက်ထက်က ပေါ်ပေါက်ခဲ့သောကိစ္စများ ကိစ္စများဖြစ်နိုင် ပါကြောင်း၊ ယခင်အစိုးရ လက်ထက်က ရည်ရွယ်ချက်ကောင်း၊ ရည်မှန်းချက် ရှိရှိ စေတနာဖြင့် ဆောင်ရွက် ခဲ့သော်လည်း မြေကြီးနှင့်မြေပုံ ကွဲလွဲမှု၊ အချို့လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများ၏ အားနည်းချက်၊ ချို့ယွင်းချက် များကြောင့် ပြဿနာအချို့ရှိနေပါကြောင်း၊ ယနေ့ဖြစ်ပေါ် နေသော မြေယာပြဿနာအချို့ကို အစိုးရနှင့် လွှတ်တော်တို့ ပူးပေါင်းဖြေရှင်း ဆောင်ရွက်ရန် လိုအပ်ပါကြောင်း။
ဖြေရှင်းပေးရမည့် အချိန်ကာလ မကျန်တော့သဖြင့် လုပ်သင့်လုပ်ထိုက်သည် များကို ဥပဒေ၊ လုပ်ထုံးလုပ်နည်း များနှင့်အညီ လွှတ်တော်သက်တမ်းနှင့် အစိုးရသက်တမ်း မကုန်မီ ဖြေရှင်းဆောင်ရွက်ပေးရန် လိုအပ်ပါ ကြောင်း။
လွှတ်တော်နှင့် မြေယာစီမံခန့်ခွဲရေး ဗဟိုကော်မတီ အနေဖြင့် မူဝါဒများချမှတ်ပေး မည်ဖြစ်ပြီး အကောင် အထည်ဖော်ရသော အဖွဲ့အစည်း များမှလည်း တရားနည်းလမ်း ကျစွာ ဆောင်ရွက် ပေးရန်လိုအပ်ပါကြောင်း၊ မြေယာပြဿနာများအပေါ် ကိုယ်ကျိုး စီးပွားအတွက် နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး အမြတ်ထုတ်မှုများ ရှိလာနိုင်၍ ထိုသို့မဖြစ်ပေါ်စေရန် သတိပြုဆောင် ရွက်ရမည်ဖြစ်ပါကြောင်း၊ သက်ဆိုင်ရာမြေယာ အသုံးချမှု စီမံခန့်ခွဲရေး ကော်မတီ အဆင့်ဆင့်မှလည်း တာဝန်ယူ၊ တာဝန်ခံ၍ ပွင့်လင်းမြင်သာစွာ ဆောင်ရွက် ရမည်ဖြစ် သကဲ့သို့ လွှတ်တော်ကိုယ်စားလှယ်များနှင့် ပါဝင်ပတ်သက်သူ အားလုံးကလည်း ရိုးသားဖြောင့်မတ်စွာ ပါဝင်ဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ မြေယာပြဿနာများကို အချိန်ကာလသတ်မှတ်ပြီး ဖြေရှင်း ဆောင်ရွက် ပေးနိုင်မှသာ ပြည်သူ အပေါ်၊ နိုင်ငံတော်အပေါ် တာဝန်ကျေ၊ သစ္စာရှိမည်ဖြစ်သကဲ့သို့ ပြည်သူ၏ ယုံကြည် လေးစားမှုကို ရရှိမည် ဖြစ်ပါကြောင်းဖြင့် ပြောကြားသည်။
ယင်းနောက် ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခံရမှု များကြောင့် ပြည်သူများ နစ်နာမှုမ ရှိစေရေး အတွက် စုံစမ်းရေးကော်မရှင် ဥက္ကဋ္ဌကိုယ်စား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမောင်ဦးက သိမ်းဆည်းမြေကိစ္စ ဆိုင်ရာများနှင့်စပ်လျဉ်း၍ အစိုးရ၏ဆောင်ရွက်ချက်များ၊ ဌာနဆိုင်ရာ အဖွဲ့အစည်း များ၏ ပူးပေါင်းဆောင်ရွက်မှုအခြေအနေ၊ လယ်ယာမြေသိမ်းဆည်းခံရသူများ၏ အခြေအနေ၊ ဖြေရှင်းဆောင်ရွက်ပေးမှုအပေါ် တွေ့ရှိချက်များအား ရှင်းလင်း တင်ပြခဲ့သည်။
ဆက်လက်၍ မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီ အတွင်းရေးမှူး ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဇံမြင့်က မြေယာစီမံခန့်ခွဲမှု ဗဟိုကော်မတီအနေဖြင့် ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုကြောင့် ပြည်သူများနစ်နာမှု မရှိစေရေးအတွက် စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာ အပိုင်း(၁)မှ အပိုင်း(၁၀)အထိ ပေးပို့ခဲ့ခြင်းအပေါ် အပိုင်း(၇)အထိ (၆၄၄၅)မှု စိစစ်ဖြေရှင်းနိုင်ခဲ့ပြီး ဖြစ်ပါ ကြောင်း၊ ယင်းအစီရင်ခံစာနှင့် စပ်လျဉ်းသည့် စွန့်လွှတ်မြေများအား သက်ဆိုင်သူ၊ တောင်သူ (၁၅၅၇၈)ဦးတို့ထံ စိုက်ပျိုးမြေနှင့် အခြားမြေ (၁၀၀၄၁၆ ဒသမ ၃၉၈)ဧက စွန့်လွှတ်ပြီးဖြစ်ပါကြောင်း၊ သီးခြားပြန်လည် စွန့်လွှတ် မြေများအား တောင်သူ(၁၆၆၅၄)ဦးကို စိုက်ပျိုးမြေနှင့်သီးခြားမြေ (၂၂၀၈၃၅ ဒသမ ၀၉၉)ဧက လွှဲပြောင်းပြီး ဖြစ်ပါကြောင်း ဖြင့် ရှင်းလင်းတင်ပြသည်။
ထို့နောက် မြေအသုံးချမှု စီမံခန့်ခွဲရေး ဗဟိုကော်မတီဝင် ပြည်ထောင်စုဝန်ကြီး ဦးဝင်းထွန်းက သစ်တောကြိုးဝိုင်း မြေများကို အင်္ဂလိပ်ခေတ်မှစ၍ သတ်မှတ်ထားရှိခြင်း ဖြစ်ပါကြောင်း၊ ယင်းသတ် မှတ်ခဲ့မှုအပေါ် ပူးပေါင်း အဖွဲ့များဖြင့် ကွင်းဆင်းစစ်ဆေးပြီး ဖြစ်၍မကြာမီ အတည်ပြုနိုင်ရန် ဆောင်ရွက်လျက်ရှိပါကြောင်း၊ အချို့မြေများ မှာ လက်ရှိသစ်တောကြိုးဝိုင်းအင်္ဂါရပ်နှင့် ဆီလျော်မှုမရှိသော်လည်း  ရေရှည်တွင် နိုင်ငံတော်၏ အကျိုးပြုစီမံကိန်းများ အသုံးပြုနိုင်ရေးအတွက် အရန်မြေအဖြစ် ထားရှိနိုင်ရန် သုံးသပ်အကြံပြုလိုပါကြောင်းဖြင့် ရှင်းလင်းတင်ပြသည်။
ယင်းနောက် မြေအသုံးချမှု စီမံခန့်ခွဲရေးကော်မတီဥက္ကဋ္ဌများဖြစ်သည့် တိုင်း ဒေသကြီးနှင့် ပြည်နယ်များမှ ဝန်ကြီးချုပ်များ၊ သက်ဆိုင်ရာဝန်ကြီးဌာနများ၊ ကုမ္ပဏီ အဖွဲ့အစည်းများနှင့် ပြည်ထောင်စုလွှတ်တော် လယ်ယာမြေနှင့် အခြားမြေများ သိမ်းဆည်း ခံရမှုများကြောင့် ပြည်သူများ နစ်နာမှုမရှိစေရေး စုံစမ်းရေး ကော်မရှင် အဖွဲ့ခွဲ(၁၁)ဖွဲတို့မှ အဖွဲ့ခေါင်းဆောင်များနှင့် တာဝန်ရှိသူများကအဖွဲ့ဝင်များအလိုက် သိမ်းဆည်း မြေများ အားမူဝါဒနှင့်အညီ ပြန်လည်စွန့်လွှတ် နိုင်ရန်နှင့် လုပ်ငန်းများ မြန်ဆန်သွက်လက်မှု ရှိစေရန် ဆက်လက်ဆောင်ရွက်သွားမည့် အစီအမံများအား အသေးစိတ် ဆွေးနွေးညှိနှိုင်းကြသည်။

No comments:

Post a Comment