Tuesday, March 17, 2015

ရွေးကောက်ပွဲကော်မရှင်မှ တောင်းခံထားသည့် ဧည့်ခံကျွေးမွေးစရိတ် ကျပ်သန်း(၅၇၀၀) ကျော် များပြားလွန်းကြောင်း လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၏ ဆွေးနွေးချက်အပေါ် ၂၀၁၅ ရွေးကောက်ပွဲတွင် မဲရုံ (၄၆၄၈၉)မှ မဲရုံအဖွဲ့ဝင်များအတွက် ကျွေးမွေးစရိတ်ငွေကျပ် (၄၆၀၂ ဒသမ ၄၁၁) သန်း ပါဝင်ကြောင်း ရွေးကောက်ပွဲကော်မရှင်က ရှင်းလင်းတင်ပြ






နေပြည်တော် မတ်  ၁၇
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၂)ကြိမ်မြောက်ပုံမှန်အစည်းအဝေး (၂၈)ရက်မြောက် နေ့ကို ယနေ့မွန်းလွဲပိုင်း တွင် နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပရာ ၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေအရအသုံးဆိုင်ရာ ဥပဒေကြမ်း နှင့်စပ်လျဉ်း၍ ဥပဒေကြမ်းပူးပေါင်းကော်မတီ၏ အစီရင်ခံစာနှင့် လွှတ်တော်ကိုယ်စားလှယ်များ၏မူနှင့် အခြေခံသဘော အပါအဝင် ရငွေသုံးငွေများ ဆွေးနွေးခြင်းအပေါ် သက်ဆိုင်ရာ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များက ပြန်လည်ရှင်းလင်းဆွေးနွေးကြသည်။

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်က ရှင်းလင်းရာတွင် လွှတ်တော် ကိုယ်စားလှယ် ဦးခိုင်မောင်ရည်က ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်းသည် ငွေကျပ် (၆) ဘီလီယံ အမြတ်ရှိသည်ဟု ဝန်ကြီးဌာနမှ ရှင်းလင်းသွားပါကြောင်း၊ အမြတ်ငွေနှင့်ဝင်ငွေကို ခွဲခြားရမည်ဟု ထင်မြင်မိပါကြောင်း၊ သတင်းစာများ မြတ်ခြင်း၊ မမြတ်ခြင်း အပေါ် သတင်းစာရောင်းချရငွေ၊ ကြော်ငြာခရရှိငွေနှင့် အခြားဝန်ဆောင်မှုများမှ ရရှိငွေများကို တိတိကျကျဖော်ပြပေးသင့် ကြောင်းကို ဆွေးနွေးခဲ့ပါကြောင်း။
ယင်းကိစ္စနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြရလျှင် မိမိတို့ ရရှိသော အမြတ်ငွေမှာ ဝင်ငွေမဟုတ်ပါကြောင်း၊ ဝင်ငွေထဲမှ အသုံးစရိတ်များအားလုံး နုတ်ပြီးဖြစ်သည့် အသားတင်အမြတ်ငွေသာဖြစ်ပါကြောင်း၊ ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံးက စစ်ဆေးစဉ်ကပင် အမြတ်ငွေနှင့်ဝင်ငွေတို့ကို ခွဲခြား၍ စိစစ်ပြီးဖြစ်ပါကြောင်း၊ သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ ကုန်သွယ်မှု ဝင်ငွေများသည် သတင်းစာရောင်းရငွေ၊ ကြော်ငြာခဝင်ငွေနှင့် အထွေထွေဝင်ငွေများ ပါဝင်ပါကြောင်း၊ လုပ်ငန်း ကုန်ကျစရိတ်များမှာ ထုတ်လုပ်မှုစရိတ်၊ စီမံခန့်ခွဲမှုစရိတ်၊ ရောင်းချဖြန့်ဖြူးမှုစရိတ်နှင့် ကုန်သွယ်ခွန်တို့ ပါဝင်ပါကြောင်း၊ ပြန်ကြားရေးဝန်ကြီးဌာန သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ ဝင်ငွေအနက် အထွေထွေဝင်ငွေသည် နှစ်စဉ်ကျပ် သန်း (၁၀၀) ကျော် သာဖြစ်ပြီး အများစုမှာ သတင်းစာရောင်းရငွေနှင့် ကြော်ငြာဝင်ငွေတို့ဖြစ်ပါကြောင်း။
သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ Assets များမှာလည်း ရှေ့ကထည့်ဝင်ထားခြင်းများရှိသကဲ့သို့ ခေတ်နှင့်လျော်ညီစွာ ဆောင်ရွက်နိုင်ရန်အတွက် ထပ်မံဝယ်ယူဖြည့်တင်းမှုများလည်း ရှိပါကြောင်း၊ Assets  များ၏ မူလတန်ဖိုးများအပေါ်တွင် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ တန်ဖိုးလျှော့ နှုန်းထားများတွက်ချက်ပြီး နှစ်အတွင်း အသုံးစရိတ် အဖြစ် စာရင်းဖော်ပြ၍ နိုင်ငံတော်သို့ ပေးသွင်းပြီးမှသာ အရှုံးအမြတ်ကို တွက်ချက်ခြင်းဖြစ်ပါကြောင်း၊ သတင်းနှင့် စာနယ်ဇင်းလုပ်ငန်း၏ အမြတ်ငွေ ရရှိသည့်ဝင်ငွေများထဲမှ အသုံးစရိတ်များအား လုံးနုတ်ပြီးဖြစ်ပါကြောင်း ရှင်းလင်းသည်။
ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ဝင် ဦးဝင်းကိုက လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒမင်း၏ ဆွေးနွေးချက်၌ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်၏ ၂၀၁၅-၂၀၁၆ သာမန်အသုံး စရိတ် စုစုပေါင်း (၄၉၈၇၈ ဒသမ ၃၃၆) သန်းမှ ဧည့်ခံကျွေးမွေးစရိတ်အဖြစ် ကျပ်သန်း(၅၇၀၀ ဒသမ ၈၁၁)တောင်းခံထားခြင်းသည် အလွန်များပြားပါကြောင်း၊ ၂၀၁၅ ခုနှစ်တွင် ရွေးကောက်ပွဲအသစ်  ပြုလုပ်ရန်ရှိနေခြင်းကြောင့် ဧည့်ခံစရိတ်များ များပြားရခြင်းအကြောင်းကို နားလည်နိုင် ပါကြောင်း၊ သို့ရာတွင် ကျပ်သန်းပေါင်း (၅၇၀၀)သည် တိုက်နယ်ဆေးရုံပေါင်း(၁၄)ရုံ၊ သို့မဟုတ် ကျေးလက်ကျန်းမာရေး ဌာနခွဲ ပေါင်း(၁၂၆)ခု ဆောက်လုပ်ခြင်းနှင့် ငွေပမာဏတူနေခြင်းကြောင့် ဧည့်ခံကျွေးမွေးစရိတ် ကျပ်သန်းပေါင်း (၅၇၀၀) ကို လျှော့ချခွင့်ပြုသင့်ပါတယ်ဟု ထောက်ပြဆွေးနွေးခဲ့ပါကြောင်း။
လွှတ်တော်ကိုယ်စားလှယ် ဒေါ်စန္ဒာမင်း၏ ဆွေးနွေးချက်နှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြ လိုသည်မှာ ယခုတောင်းခံ ထားသည့် ကျပ်သန်းပေါင်း(၅၇၀၀)တွင် ဧည့်ခံစရိတ်မှာ (၂ ဒသမ ၅) သန်းသာ ဖြစ်ပါကြောင်း၊ ကျွေးမွေးစရိတ်ခေါင်းစဉ်မှာ (၅၆၉၈ ဒသမ ၃၁၁)သန်းဖြစ်ပါကြောင်း၊ ကျွေးမွေးစရိတ် (၅၆၉၈ ဒသမ ၃၁၁)သန်းအနက် (၇၃ ဒသမ ၅)သန်းသည် ကော်မရှင်နှင့် ကော်မရှင်အဖွဲ့ခွဲများ၏ တစ်နှစ်လုံးစာ ပုံမှန်ကျွေးမွေးစရိတ်ဖြစ်ပါကြောင်း။
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အသီးသီးတွင်ရှိကြသည့် အများယုံကြည်လေးစားခံရသော ပုဂ္ဂိုလ်များသည် လစာ၊ စရိတ်/ချီးမြှင့်ငွေ ရရှိကြသူများမဟုတ်ကြဘဲ စေတနာ့ဝန်ထမ်းများ ဖြစ်ကြပါကြောင်း၊ ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲနှင့် သက်ဆိုင်သည့် ကော်မရှင်အဖွဲ့ခွဲရုံး လုပ်ငန်းတာဝန်များ၊ ပါတီများကို ဥပဒေနှင့်အညီကြီးကြပ်ခြင်း၊ ဆက်သွယ်ညှိနှိုင်း ဆောင်ရွက်ခြင်းတို့အတွက် အစည်းအဝေး များ ထိုင်ကြရပါကြောင်း၊ ယင်းအစည်းအဝေးများတွင် တစ်ဦးလျှင် (၅၀၀၀) ကျပ်၊ (၃၀၀၀)ကျပ် စသည်ဖြင့် သတ်မှတ်ပြီး ကျွေးမွေးစရိတ်များကို ဘဏ္ဍာရေးညွှန်ကြားချက်နှင့်အညီ  ထုတ်ပေးရ ပါကြောင်း၊ သို့ဖြစ်၍ ကော်မရှင်အဖွဲ့ခွဲတစ်ခုလျှင် တစ်နှစ်လုံးစာ (၁၂)လအတွက် ငွေကျပ်တစ်သိန်းခွဲစီဖြင့် လျာထား တောင်းခံ ထားခြင်းဖြစ်ပါကြောင်း၊ ယင်းသို့ဆောင်ရွက်ပေးမှုသည်လည်း မြို့နယ်ကော်မရှင်အဖွဲ့ခွဲအထိသာ ကျွေးမွေးစရိတ်ပေးနိုင်ပြီး ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှာ ပုံမှန်ကျွေးမွေးစရိတ်မရရှိကြပါကြောင်း။
အထူးတင်ပြလိုသည့်အချက်မှာ ၂၀၁၅ ခုနှစ်တွင်ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲအတွက် လျာထားချက်ဖြစ် ပါကြောင်း၊ ကျွေးမွေးစရိတ်ခေါင်းစဉ်အောက်တွင် အထွေထွေရွေးကောက်ပွဲအတွက် ကျပ်သန်းပေါင်း(၅၆၂၄ ဒသမ ၈၁၁) လျာထား တောင်းခံထားပါကြောင်း၊ တွက်ချက်ပုံအသေးစိတ်အနေ ဖြင့် တင်ပြရလျှင် တိုင်းဒေသကြီးနှင့်ပြည်နယ် ၁၅ ဖွဲ့အား တစ်လလျှင်နှစ်ကြိမ်၊  ၆ လစာအတွက် ငွေကျပ် ၂  သိန်းနှုန်းဖြင့် ငွေကျပ် (၃၆)သန်း၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသ/ခရိုင် ၈၁ ဖွဲ့အား  တစ်လလျှင်နှစ်ကြိမ်၊ ၆လစာအတွက် ငွေကျပ်  ၂ သိန်းနှုန်းဖြင့် ငွေကျပ် (၁၉၄ ဒသမ ၄) သန်း၊ မြို့နယ် အဖွဲ့(၃၃၀)အား  တစ်လလျှင်နှစ်ကြိမ်၊  ၆ လစာအတွက် ငွေကျပ်(၂)သိန်းနှုန်းဖြင့် ငွေကျပ်(၇၉၂)သန်း  (ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲများအပါအဝင်) စုစုပေါင်း ငွေကျပ် (၁၀၂၂ ဒသမ ၄)သန်းဖြစ်ပါကြောင်း။
ထို့အပြင် အများဆုံးကုန်ကျခံရသည့် ကျွေးမွေးစရိတ်မှာ မဲရုံအဖွဲ့ပင်ဖြစ်ပြီး ယင်းအတွက်ခန့်မှန်း တွက်ချက်မှုအရ မဲရုံတစ်ရုံလျှင် မဲရုံမှူး တစ်ဦးအတွက် ငွေကျပ် ၅၀၀၀ နှုန်းဖြင့်  ၃ ရက်အတွက် ငွေကျပ် (၁၅၀၀၀)၊ မဲရုံပေါင်း (၄၆၄၈၉) ရုံအတွက်  စုစုပေါင်းငွေကျပ် (၆၉၇ ဒသမ ၃၃၅)သန်း၊ မဲရုံ တစ်ရုံလျှင် ဒုမဲရုံမှူးတစ်ဦးအတွက် ငွေကျပ် ၄၀၀၀ နှုန်းဖြင့် ၃ ရက်အတွက် (၁၂၀၀၀)၊ မဲရုံပေါင်း (၄၆၄၈၉)ရုံအတွက် ငွေကျပ်(၅၅၇ ဒသမ ၈၆၈)သန်း၊ မဲရုံတစ်ရုံလျှင် မဲရုံအဖွဲ့ဝင် တစ်ဦးအတွက် ငွေကျပ် ၃၀၀၀ နှုန်းဖြင့် (၈)ဦးအတွက် (၂၄၀၀၀)ဖြစ်၍ ၃ ရက်စာအတွက် ငွေကျပ်(၇၂၀၀၀)ဖြစ်ပြီး မဲရုံပေါင်း (၄၆၄၈၉) ရုံအတွက် ငွေကျပ် (၃၃၄၇ ဒသမ ၂၀၈)သန်း၊ မဲရုံအဖွဲ့အတွက် ကျွေးမွေးစရိတ် စုစုပေါင်း ငွေကျပ်မှာ (၄၆၀၂ ဒသမ ၄၁၁)သန်း ဖြစ်ပါကြောင်း။

ထို့ကြောင့် ကော်မရှင်၏ကျွေးမွေးစရိတ်ခေါင်းစဉ်အောက်တွင် အများဆုံးသုံးစွဲရသည်မှာ မဲရုံအဖွဲ့ ကျွေးမွေးစရိတ်ကျပ် (၄၆၀၂ ဒသမ ၄၁၁)သန်း ဖြစ်ပါကြောင်း၊ လွှတ်တော်အသီးသီး၏ အထွေထွေ ရွေးကောက်ပွဲများ ကျင်းပရသည့် လုပ်ငန်းစဉ်သည် အမျိုးသားရေးတာဝန်တစ်ရပ်ဖြစ်ပါကြောင်း၊ ယခုတွက် ချက်တောင်းခံသည့် ကျွေးမွေးစရိတ်များသည့် စေတနာ့ဝန်ထမ်း တာဝန်ထမ်းဆောင်ကြသည့် မဲရုံအဖွဲ့ဝင် (နိုင်ငံသားများ) အတွက် ရွေးကောက်ပွဲမပြုလုပ်မီတစ်ရက်၊ ရွေးကောက်ပွဲရက်နှင့် ရွေးကောက်ပွဲပြီး နောက်တစ်ရက် စုစုပေါင်း(၃)ရက်အတွက် သင့်လျော်သည့်ကျွေးမွေးစရိတ်များ ဖြစ်သောကြောင့် လျှော့ချရန် သင့်/မသင့် သုံးသပ်စေလိုပါကြောင်းဖြင့် ရှင်းလင်းဆွေးနွေးသည်။

No comments:

Post a Comment