ရန်ကုန် မတ် ၁၇
ပြည်ထောင်စုငြိမ်းချမ်းရေး
ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးဆိုင်ရာအပစ် အခတ်ရပ်စဲရေး
ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ တစ်နိုင်ငံလုံး
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (Nationwide Ceasefire Agreement-NCA) အတွက် သတ္တမ
အကြိမ်မြောက် အစည်းအဝေးအား ၂၀၁၅ ခုနှစ် မတ် ၁၇ ရက် နေ့လည် (၁၁) နာရီတွင် ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေး
လုပ်ငန်း ဗဟိုဌာန (MPC) ၌ ပြန်လည် ကျင်းပခဲ့သည်။
အဆိုပါ
(၇) ကြိမ်မြောက်ဆွေးနွေးပွဲ၌ ပဋိပက္ခ လျော့ချရေး၊ တစ်နိုင်ငံလုံး
ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ ရေး စာချုပ် (NCA) ပါ တပ်ပိုင်းဆိုင်ရာ ကိစ္စများကိုဆွေးနွေးခြင်း၊
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA)တွင် ဆက်လက် ဆွေးနွေးရန်
ကျန်ရှိနေသေးသော အချက်များ နှင့် အထွေထွေ ကိစ္စရပ်များကို အဓိကထား ဆွေးနွေးသွားမည် ဖြစ်ကြောင်း
သိရသည်။
ယင်းဆွေးနွေးပွဲ ပထမနေ့၌
UPWC ၏ ဒုတိယဥက္ကဌ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းက
ပြောကြားရာတွင် ယနေ့သည် မိမိတို့ နိုင်ငံငြိမ်းချမ်းရေးလုပ်ငန်း အကောင်အထည်ဖော်မှုအတွက်
အရေးကြီးသည့်အခန်း ကဏ္ဍတစ်ခုကို ရောက်ရှိ လာခြင်းဖြစ်ကြောင်း၊ ယခုအစည်းအဝေးသည် တစ်နိုင်ငံလုံးပစ်ခတ်
တိုက်ခိုက်မှုရပ်စဲရေးကို အပြီးသတ်ညှိနိုင်းနိုင်ရန် အရေးကြီးသည့် အစည်းအဝေးဖြစ်ကြောင်း၊
မိမိတို့အစိုးရအနေဖြင့် နောင်ပေါ်ပေါက်လာမည့် အစိုးရလက်ထက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းဆက်လက်
လက်ဆင့်ကမ်းသွားနိုင်ရန်၊ အပစ်အခတ် ရပ်စဲရေးကိုခိုင်မာစွာ လုပ်ဆောင်နိုင်ရန်၊ နိုင်ငံရေး
ဆွေးနွေးပွဲများ စတင်နိုင်ရန် စသည့်ရည်မှန်းချက် (၃) ခုကို အခြေခံ၍ ကြိုးပမ်းနေကြောင်း၊
မိမိတို့ UPWCအနေဖြင့် ယခုဆွေးနွေးပွဲမှ ရလဒ်ကောင်းများ ထွက်ပေါ် လာစေရန်နှင့် NCA ညှိနှိုင်းမှုအားလုံး ပြီးပြတ်သွားစေရန်
အစွမ်းကုန်ကြိုးစား သွားရန် ရည်မှန်းထားကြောင်းဖြင့် ပြောကြားသည်။
ဆက်လက်၍ NCCT၏ အဖွဲ့ခေါင်းဆောင်
ဦးနိုင်ဟံသာက မိမိတို့ NCCT အဖွဲ့သည် တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူ စာချုပ်ချုပ်ဆိုနိုင်ရေးအတွက်
ဆွေးနွေးညှိနှိုင်းရန် တာဝန်ပေးခြင်းခဲ့သည့်အဖွဲ့ လည်းဖြစ်ကြောင်း၊ ထို့အတူ NCCT အဖွဲ့သည်
တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် မူကြမ်းကို မိမိတို့တိုင်းရင်းသားများဘက်တွင်
အကြိမ်ကြိမ် ညှိနှိုင်းဆွေးနွေး ပြင်ဆင်လာခဲ့ကြောင်း၊ အကယ်၍ အစိုးရနှင့် သဘော တူညီမှုရရှိပါက NCA ကို အပြီးသတ်
သဘောတူညီ သွားရန်ရှိကြောင်း၊ တနိုင်ငံလုံး အတိုင်းအတာဖြင့် အပစ်အခတ်ရပ်စဲ၍ လက်နက်ကိုင်အဖွဲ့ဝင်အားလုံး
ပါဝင်ဆွေးနွေးနိုင်မည့် နိုင်ငံရေးဆွေးနွေးပွဲကိုကျင်းပ ပေးနိုင်ပါမှပြည့်စုံခိုင်မာပြီး
ရေရှည်တည်တံ့မည့် ပြည်တွင်းငြိမ်းချမ်း ရေးကို ဖော်ဆောင်နိုင်မည်ဟု ယုံကြည်ပါ ကြောင်း၊
အင်အားသုံး ဖြေရှင်းမှုများကြောင့် တိုင်းရင်းသားပြည်သူအတွက် ပိုမိုဒုက္ခရောက်ကြရမှာဖြစ်ပြီး
တိုင်းပြည် လည်းပိုမိုခေတ်နောက်ကျမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးများ အချင်းချင်း
အကြားတွင်လည်း အမုန်းတရားများ ပိုမိုတိုးပွား လာမှာဖြစ်ကြောင်း၊ တိုင်းရင်းသားလူမျိုးများ
အချင်းချင်းအကြား ယုံကြည်မှု ပျက်ပြား၍ အမုန်းတရားများ ကြီးထွားခိုင်မြဲသွားပါက ဖြေရှင်းရန်မလွယ်သည့်
အခြေအနေသို့ ရောက်သွားမည် ဖြစ်ကြောင်း၊ ထို့ကြောင့် မိမိတို့ခေတ်ကာလ တွင် မိမိတို့ တာဝန်ယူနေသည့်
ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်းကို ပြီးမြောက်အောင်မြင် အောင်ကြိုးပမ်းကြ ပါဟု သက်ဆိုင်သူ အားလုံးကို
ပန်ကြားလိုပါကြောင်းဖြင့် ပြောကြားသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး
ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC) ၏ ဒုတိယဥက္ကဌဦးသိန်းဇော်
နှင့် UPWC အဖွဲ့ဝင် ဒုတိယ ဗိုလ်ချုပ်ကြီးမြင့်စိုး၊ NCCT
၏ ဒုတိယအဖွဲ့ခေါင်းဆောင် များဖြစ်ကြသော ပဒိုစောကွယ်ထူးဝင်းနှင့် ဗိုလ်ချုပ် ဂွမ်မော်
တို့က အဖွင့်နှုတ်ခွန်းဆက်စကား အသီးသီးပြောကြားကြသည်။
ပြည်ထောင်စုငြိမ်းချမ်းရေး
ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးဆိုင်ရာအပစ် အခတ်ရပ်စဲရေး
ညှိနှိုင်းရေးအဖွဲ့ (NCCT) တို့၏ သတ္တမ
အကြိမ်မြောက်ပထမနေ့ အစည်းအဝေးကို ညနေ (၃) နာရီတွင် ရပ်နားခဲ့သည်။ ပထမနေ့ညှိနှိုင်းဆွေးနွေးမှု
အပြီး၌ UPWC၏ နည်းပညာ အထောက် အကူပြုအဖွဲ့မှ ဦးလှမောင်ရွှေ၊ NCCT၏ အဖွဲ့ ခေါင်းဆောင် ဦးနိုင်ဟံသာနှင့် အဖွဲ့ဝင်
ဒေါက်တာ ဆလိုင်း လျန်မှုန်း ဆာခေါင်း တို့က ယနေ့အစည်းအဝေးနှင့်စပ်လျဥ်း၍ သတင်းစာရှင်းလင်းပွဲ
ပြုလုပ်ခဲ့သည်။ ဒုတိယနေ့ အစည်းအဝေးကို မတ် (၁၈) ရက်နံနက် (၁၀) နာရီတွင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC)
၌ ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။
ယနေ့ပြုလုပ်သော အစည်းအဝေးသို့
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ (UPWC)မှ
ကိုယ်စားလှယ်များ၊ NCCT မှ ခေါင်းဆောင်ကိုယ်စားလှယ်အဖွဲ့ဝင်များ၊ လွှတ်တော်ကိုယ်စား
လှယ်များ၊ တပ်မတော် အရာရှိကြီးများ၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ အစည်းများမှ ကိုယ်စားလှယ်များ၊
မြန်မာနိုင်ငံငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန
(MPC) မှ တာဝန်ရှိသူများ၊ လေ့လာသူအဖြစ် ကုလသမဂ္ဂနှင့် နိုင်ငံတကာ သံတမန်များ
တက်ရောက်ခဲ့ကြသည်။
No comments:
Post a Comment