Thursday, March 19, 2015

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် ဒုတိယနေ့ ဆွေးနွေးပွဲတွင် တပ်ပိုင်းဆိုင်ရာ ကိစ္စများ အဓိကထား ဆွေးနွေးနိုင်



ရန်ကုန် မတ် ၁၈
 
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (Nationwide Ceasefire Agreement- NCA) အတွက် တွေ့ ဆုံဆွေးနွေးနေသည့် ပြည်ထောင်စု ငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်း ကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ် အခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT)တို့၏ (၇)ကြိမ်မြောက် တွေ့ဆုံဆွေးနွေးမှု ဒုတိယနေ့ အစည်းအဝေးအား မတ်လ ၁၈ ရက်နေ့နံနက် (၁၀) နာရီက ရန်ကုန်မြို့ ရွှေလီလမ်းရှိ မြန်မာနိုင်ငံ ငြိမ်းချမ်းရေး ပြန်လည် ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) ၌ ဆက်လက် ကျင်းပခဲ့သည်။
 



ယနေ့ပြုလုပ်သည့် ဒုတိယနေ့ ဆွေးနွေးပွဲတွင် UPWC နှင့် NCCT တို့သည် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှုရပ်စဲရေး စာချုပ်တွင်ပါဝင်သည့် နှစ်ဖက် တပ်များလိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ (Military CoC) နှင့် ယင်းစည်းမျဉ်း စည်းကမ်း များကို ပူးတွဲစောင့်ကြည့်မည့် စောင့်ကြည့်ရေး ကော်မတီ (Joint Monitering Committee) ဖွဲ့စည်းရေး အစရှိသည့် တပ်ပိုင်းဆိုင်ရာ ထားရှိ ရေးကိစ္စရပ်များတွင် ပါဝင်သည့် အချက်များကို အဓိကထား ဆွေးနွေးခဲ့သည်။
ဒုတိယနေ့ တွေ့ဆုံဆွေးနွေးပွဲသည် မူအားဖြင့် သဘောတူညီထားသည့် အချက်များအား ဆက်လက်ဆွေးနွေးခြင်းဖြစ်ပြီး ဆက်လက်ဆွေးနွေးရန် ကျန်ရှိနေသည့် အချက်များဖြစ်သည့် တပ်ပိုင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများ ကိုပူးတွဲ စောင့်ကြည့် မည့် စောင့်ကြည့်ရေး ကော်မတီ (JMC) ဖွဲ့စည်းရေးကို အသေးစိတ်ထည့်သွင်း ညှိနှိုင်းဆွေးနွေးသွားမည် ဖြစ်ကြောင်း UPWC ဒုတိယဥက္ကဌ ဦးအောင်မင်း ကပြောသည်။
ယနေ့ပြုလုပ်သော ဒုတိယနေ့အစည်းအဝေးသည် တစ်နိုင်ငံလုံး ပစ်ခတ် တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (ဒုတိယမူကြမ်း) တွင် ပါဝင်သည့် တပ်ပိုင်းဆိုင်ရာ ကိစ္စရပ်များကို ဆက်လက်ဆွေးနွေးခဲ့ပြီး ယခင် ဆွေးနွေးပွဲများတွင် ဆွေးနွေးရန် ကျန်ရှိနေသော အချက်များကို သဘောတူညီနိုင်ခဲ့ကြောင်း၊
ဆက်လက်ဆွေးနွေးရန် ကျန်ရှိသည့်တပ်ပိုင်း ဆိုင်ရာကိစ္စများကိုမတ်လ (၁၉) ရက်နေ့တွင် ဆွေးနွေး သွားမည်ဖြစ်ကြောင်း၊ ယနေ့ဆွေးနွေးပွဲသည် အရင်ဆွေးနွေးပွဲမှ သင်ခန်းစာများအား နှစ်ဘက်စလုံးမှ နမူနာယူ၍ ဆက်လက်ဆွေးနွေး နေကြောင်း ဆွေးနွေးပွဲ အပြီးတွင် MPC ၏ နည်းပညာဆိုင်ရာ အထောက်အကူပြုအဖွဲ့မှ ဦးလှမောင်ရွှေ ၊ NCCT၏ ဒုတိယ အဖွဲ့ ခေါင်းဆောင် ပဒိုစောကွယ်ထူးဝင်း နှင့် NCCT အဖွဲဝင် ဗိုလ်မှူးကြီး ခွန်ဥက္ကာတို့က မီဒီယာများ အား တွေ့ဆုံ ပြောကြားခဲ့သည်။
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (ဒုတိယမူကြမ်း) ဆွေးနွေးပြီး ရပ်နားထားခဲ့သည့် နှစ်ဖက်တပ်များ လိုက်နာရ မည့် စည်းမျဉ်းစည်းကမ်းများ (Military CoC) နှင့် ယင်းစည်းမျဉ်း စည်းကမ်းများကို ပူးတွဲ စောင့်ကြည့်ရေး ကော်မတီ (Joint Monitering Committee) ဖွဲ့စည်းရေး ကိစ္စရပ်များကို နှစ်ဖက်သဘော တူညီ ချက်ဖြင့် ပြန်လည် ဆွေးနွေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရသည်။
ယနေ့ ဆွေးနွေးပွဲ၌ သဘောတူညီမှုရခဲ့သည် မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်များကို တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးစာချုပ် (ပဉ္စမမူကြမ်း) ၏ တပ်ပိုင်း ဆိုင်ရာ ကိစ္စရပ်များနှင့် သက်ဆိုင်သည့် အခန်းများတွင် ပြန်လည် ထည့်သွင်း သွားမည် ဖြစ်သည်။
ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ (UPWC) နှင့် တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းရေး အဖွဲ့ (NCCT) တို့၏ ပထမနေ့ ဆွေးနွေးပွဲ၌ ပဋိပက္ခ လျော့ချရေး၊ လက်ရှိ ဖြစ်ပေါ်နေသည့် တိုက်ပွဲများအား လျော့ချပြီး ယင်းမှတစ်ဆင့် လုံးဝရပ်တန့်သွားရန် အတွက် ဆွေးနွေး ညှိနှိုင်းခဲ့ကြောင်းနှင့် နားလည်မှုအချို့ ရရှိခဲ့ကာ အသေးစိတ် ဆွေးနွေး ရန် ကျန်ရှိသေးကြောင်း NCCT အဖွဲ့ ခေါင်းဆောင် ဦးနိုင်ဟံသာထံမှ သိရသည်။
ယနေ့ပြုလုပ်သော ဒုတိနေ့ အစည်းအဝေးသို့ UPWC ဘက်မှ ၀န်ကြီး (၆) ဦး၊ လွှတ်တော် ကိုယ်စားလှယ် (၄) ဦး၊ တပ်မတော် ကိုယ်စားပြုသူ (၄) ဦးတို့ တက်ရောက်ခဲ့ပြီး NCCT အဖွဲ့မှ ကိုယ်စားလှယ်များ အပါအ၀င်ရုံးအဖွဲ့နှင့် အထောက်အကူပြုအဖွဲ့များ အများဆုံး တက်ရောက်ခဲ့သည့် ဆွေးနွေးပွဲ ဖြစ်ကြောင်း သိရသည်။ (၇)ကြိမ်မြောက် UPWC နှင့် NCCT တို့၏ တတိယနေ့ အစည်းအဝေးအား မတ်လ (၁၉) ရက်နေ့ နံနက် ၀၉း၀၀ နာရီတွင် ဆက်လက် ကျင်းပသွားမည် ဖြစ်သည်။

No comments:

Post a Comment