နေပြည်တော် မတ် ၇
လားရှိုးမြို့တွင်ရောက်ရှိနေသော ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပြန်လည်ထူထောင်
ရေးအုပ်ချုပ်မှု အထောက် အကူပြုကော်မတီဥက္ကဋ္ဌ သမ္မတရုံးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနှင့်အဖွဲ့သည်
မတ် ၆ ရက် နံနက်ပိုင်းတွင် တပ်မတော်ခုတင်(၁၀၀)ဆေးရုံတွင် တက်ရောက်ကုသနေသော လောက်ကိုင်တိုက်ပွဲမှ
ဒဏ်ရာရ အရာရှိ၊ စစ်သည်များအား သွားရောက် ကြည့်ရှုအားပေးသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့်
ဦးလှထွန်း၊ ဦးအုန်းမြင့်၊ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်၊ စစ်ဆင်ရေးအထူးအဖွဲ့မှူး
ဒုတိယဗိုလ်ချုပ်ကြီး အောင်သန်းထွဋ်၊ အရှေ့မြောက် တိုင်းစစ် ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်အောင်စိုးနှင့်
ကော်မတီအဖွဲ့ဝင်များက ဒဏ်ရာရ အရာရှိ၊ စစ်သည်များအား တစ်ဦးချင်း ထောက်ပံ့ငွေများကို
ပေးအပ်ပြီး အားပေးစကားပြောကြားသည်။
ထိုမှတစ်ဆင့် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့ဝင်များသည်
လားရှိုးမြို့ ပြည်နယ် အထွေထွေရောဂါကု ဆေးရုံသို့ သွားရောက်ပြီး ကိုးကန့်သောင်းကျန်သူများ၏
တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိ၍ ဆေးဝါးကုသမှု ခံယူနေသည့် လူနာများအား တစ်ဦးချင်းထောက်ပံ့ငွေများပေးအပ်ပြီး
အားပေးစကားပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့ဝင်များသည်
၂၀၁၅ ခုနှစ်၊ နှစ်(၇၀)ပြည့် တပ်မတော်နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ရှမ်းပြည်နယ်
ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၁၄-၂၀၁၅ ခု ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေဖြင့်
လားရှိုးမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ ဆောင်ရွက်ခဲ့သည့်
ဆုံကွယ်ကျေးရွာအဝင်လမ်း ကတ္တရာလမ်းသစ်ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်အားပေး သည်။
ရှေးဦးစွာ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ
အမှာစကားပြောကြားပြီး ရှမ်းပြည်နယ်ရုံးခွဲ (လားရှိုး) ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊
ပြည်နယ်ရုံးခွဲဦးစီးမှူး ဦးဇော်ဝင်းမှ ဆုံကွယ်ကျေးရွာ အဝင် လမ်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြကာ
ဆုံကွယ်ကျေးရွာ ရပ်မိရပ်ဖတစ်ဦးမှ ကျေးဇူးတင် စကား ပြောကြားသည်။
ထို့နောက် လားရှိုးမြို့နယ်၊ ဆုံကွယ်ကျေးရွာကတ္တရာလမ်းဖွင့်ပွဲမုဒ်ဦးအား
ရှမ်းပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းကြူ၊ ရှမ်းပြည်နယ် ဒုတိယအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
ပြည်နယ်ဒုတိယ အုပ်ချုပ် ရေးမှူး ဦးစိန်အုပ်နှင့် ရှမ်းပြည်နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး
ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမောင်မောင်ဝင်း တို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကာ ကတ္တရာလမ်းသစ်အား
လှည့်လည်ကြည့်ရှု စစ်ဆေး ကြသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနှင့်အဖွဲ့ဝင်များသည်
(၁၅)မိုင် (၄) ဖာလုံရှိ လားရှိုးမြို့ မြို့ရှောင်လမ်းအား သွားရောက်ကြည့်ရှုသည်။
ထို့နောက် အမှတ်(၅၂၂)ခြေမြန်တပ်ရင်းတွင် ကျဆုံးအရာရှိ၊
စစ်သည် မိသားစုများအား တစ်ဦးချင်း ထောက်ပံ့ငွေများကို ပေးအပ်ပြီး အားပေးစကားပြောကြားသည်။
ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းနှင့်အဖွဲ့ဝင်များသည်
နေ့လည်ပိုင်းတွင် လားရှိုးမြို့ မြို့တော်ခန်းမ၌ ကျင်းပပြုလုပ်သည့် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသပြန်လည်ထူ
ထောင်ရေးအတွက် အလှူငွေပေးအပ်ပွဲ အခမ်းအနားသို့တက်ရောက်သည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက
အမှာစကားပြောကြားရာတွင် ကိုးကန့်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသအတွင်း ကိုးကန့်သောင်းကျန်းသူများ၏
တိုက်ခိုက်မှုကြောင့် ဒေသံပြည်သူများ၏ အသက် အိုးအိမ် စည်းစိမ်ဥစ္စာများ ဆုံးရှုံးခဲ့ရပြီး
ဒေသအတွင်း တည်ငြိမ်မှု ပျက်ပြားခဲ့သဖြင့် နိုင်ငံတော်သမ္မတရုံး၏ ၁၇-၂-၂၀၁၅ ရက်စွဲပါ ဥပဒေကဲ့သို့အာဏာတည်သော
အမိန့်အမှတ်(၁/၂၀၁၅)ဖြင့် အရေးပေါ်အခြေအနေ ကြေညာခြင်း ကိုလည်းကောင်း၊ (၂/၂၀၁၅) ဖြင့်
စစ်အုပ်ချုပ်ရေးအမိန့်ကို ထုတ်ပြန်ကြေညာခဲ့ပါကြောင်း။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ဒေသခံပြည်သူများ၏
ပညာရေး၊ ကျန်းမာရေးနှင့် လူမှုစီးပွား အခြေ အနေများကို ပြန်လည်ထူထောင်နိုင်ရေးအတွက်
တပ်မတော်ကို အထောက်အကူပြုရန် ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ
ပြန်လည်ထူထောင်ရေးအုပ်ချုပ်မှု အထောက်အကူပြုကော်မတီကို ဖွဲ့စည်း ပေးခဲ့ပါကြောင်း။
ပြည်သူများ၏ တူညီသောဆန္ဒဖြစ်သည့် တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး
ထာဝရငြိမ်းချမ်း ရေးရရှိအောင် ဆောင်ရွက် သွားကြရမည်ဖြစ်ပါကြောင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင်
တည်ငြိမ်မှုများ အမြန်ဆုံး ပြန်လည်ရရှိရန်အတွက် ဆောင်ရွက်ရာတွင် ပြည်သူများမှလည်း ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားကြရန်
ပြောကြားသည်။
ဆက်လက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ လှူဒါန်းသည့်
ဆန်အိတ်(၃၀၀၀)အား ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်က ပေးအပ်လှူဒါန်းရာ ပြည်ထောင်စုဝန်ကြီး
ဦးလှထွန်းမှ လက်ခံသည်။
ထို့နောက် အေးရှားဝေါလ်ဖောင်ဒေးရှင်းမှ လှူဒါန်းသည့်
ငွေကျပ်သိန်း(၁၅၀၀)အား အေးရှားဝေါလ် ဖောင်ဒေးရှင်း မှ ဒေါ်ခင်နှင်းဖြူက ပေးအပ်ရာ ပြည်ထောင်စုဝန်ကြီး
ဦးအုန်းမြင့်က လည်းကောင်း၊ JEWELLERY LUCK GROUP OF COMPANIES (Family အထပ်သား)မှ လှူဒါန်းငွေကျပ်
သိန်း(၁၀၀၀)အား ကုမ္ပဏီ ဒုတိယဥက္ကဋ္ဌ ဦးသောင်းထိုက်မင်းမှ ပေးအပ်ရာ ဝန်ကြီးချုပ်မှ လည်းကောင်း၊
မြန်မာနိုင်ငံ ဘဏ်လုပ် ငန်းရှင်များ အသင်းမှ လှူဒါန်းငွေကျပ်သိန်း(၅၀၀)အား ဗိုလ်မှူးမိုးသက်ထူး(ငြိမ်း)မှ
ပေးအပ်ရာ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ကျော်ထွန်းမှ
လည်းကောင်း၊ ကုန်သည်ကြီးများအသင်းမှလှူဒါန်းသည့် ဆန်အိတ်(၁၀၀၀)အိတ်၊ ဆီ(၂၀၀)ပိဿာအား
ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးလှမော်ဦးမှ ပေးအပ်ရာ ဒုတိယဝန်ကြီး
ဦးဘုန်းဆွေမှ လည်းကောင်း၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ
ငွေကျပ်သိန်း(၂၀)အား ပေးအပ်လှူဒါန်းရာ ဒုတိယဝန်ကြီး ဦးသန့်ရှင်းမှ လည်းကောင်း၊ ရွှေမင်းဝင်
ကုမ္ပဏီလီမိတက် မှ ငွေကျပ်သိန်း(၂၀)အား ကုမ္ပဏီဥက္ကဋ္ဌ ဦးရည်သွေးမှ ပေးအပ်ရာ ဒုတိယဝန်ကြီး
ဒေါက်တာ ဝင်းမြင့်မှ လည်းကောင်း၊ ကျားခေါင်းဘိလပ်မြေကုမ္ပဏီမှ ငွေကျပ်သိန်း(၂၀)အား မန်နေဂျာ
ဦးမိုးမင်းဦးမှ ပေးအပ် လှူဒါန်း ရာ ရှမ်းပြည်နယ် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းမှ
လည်းကောင်း၊ ကွမ်းလုံမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ်ဦးဟော်ရှောက်ချန်းမှ ငွေကျပ်(၁၀)သိန်းနှင့်
မြန်မာ့ရတနာရွှေခေတ် ဦးဘိုဘိုမှ ငွေကျပ်သိန်း(၃၀) ပေးအပ်လှူဒါန်းရာ ပြည်နယ်ဒုတိယအုပ်ချုပ်ရေးမှူး
ဦးစိန်အုပ်မှ လည်းကောင်း၊ အသီးသီး လက်ခံကြသည်။
ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ လူမှုရေးဝန်ကြီး
ဒေါက်တာမျိုးထွန်းမှ လှူဒါန်းရခြင်းအကြောင်း အရင်းနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြပြီး
ဝန်ကြီးချုပ် ဦးစဝ်အောင်မြတ်မှ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး အခမ်း အနားကို ရုပ်သိမ်းခဲ့သည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား
ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့ဝင်များက လိုက်လံနှုတ်ဆက်ကြပြီး အလှူရှင်များနှင့်အတူ
မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြသည်။ အခမ်းအနားတွင် လှူဒါန်း ရရှိမှု စုစုပေါင်းမှာငွေကျပ်သိန်း(၃၁၀၀)၊
ဆန်အိတ်(၄၀၀၀)နှင့် ဆီ(၂၀၀)ပိဿာဖြစ်ကြောင်း သိရှိရသည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီးများနှင့်အဖွဲ့ဝင်များသည်
လားရှိုးမြို့ မန်ဆူဘုရားကြီး ကျောင်းတိုက်သို့ သွားရောက်ပြီး ဘ၀နတ်ထံ ပျံလွန်တော်မူသွားသည့်
ဆရာတော်သက်တော်(၈၂)နှစ်၊ ဝါတော်(၆၂)ဝါရှိ ဘဒ္ဒန္တကောဏ္ဍည(အဘိဓဇမဟာရဋ္ဌဂုရု)အား သွားရောက်ဖူးမြော်ပြီး
အလှူငွေများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြန်လည်ထူထောင်ရေးအတွက်
အလှူငွေများလှူဒါန်းလိုပါက ရှမ်းပြည်နယ်၊ ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြန်လည်ထူထောင်ရေး
အုပ်ချုပ်မှုအထောက် အကူပြုကော်မတီ အတွင်းရေးမှူး
ဦးဘုန်းဆွေ၊ ဒုတိယဝန်ကြီး ၊ လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး ဝန်ကြီး
ဌာန (ဖုန်း-၀၉-၅၀၅၂၃၅၂)ထံ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။

No comments:
Post a Comment