Sunday, March 8, 2015

ပုံနှိပ်မီဒီယာများ

လမ်းညွှန်မှတ်စု-၆
''လွတ်လပ်သော ပုံနှိပ်မီဒီယာများသည် ကောင်းချင် လည်းကောင်းမည်၊ ဆိုးချင်လည်းဆိုးမည်။ သို့သော် လွတ်လပ်ခွင့်လုံးဝမရှိသော မီဒီယာများမှာမူ ကောင်းဖို့ လုံးလုံးမရှိဘဲဆိုးဖို့သာရှိပေလိမ့်မည်'' ဟု ပြင်သစ်တွေးခေါ် ပညာရှင် အဲလ်ဗတ်ကမူးက ပြောဖူးသည်။

စတင်လုပ်ကိုင် ရန် ခက်ခဲခြင်းနှင့်ပျံ့နှံ့မှု အကန့်အသတ်ရှိခြင်းတို့ကြောင့် ပိုမိုတင်းကျပ်သော ကြပ်မတ်ကွပ်ကဲရေးစနစ်များ လိုအပ် လေ့ရှိသည့် ရုပ်သံမီဒီယာနှင့်နှိုင်းယှဉ်လျှင် သီးခြားလွတ်လပ် ပြီး အမျိုးအစားစုံ လင်ကွဲပြားသော ပုံနှိပ်မီဒီယာများ ထွန်း ကားရေးအတွက်မူ မဆိုစလောက်ကြပ်မတ်ကွပ်ကဲမှုများသာ လိုအပ်သည်။
ထုတ်ဝေခွင့်လိုင်စင်နှင့် မှတ်ပုံတင်ခြင်းဆိုင်ရာလိုအပ်ချက်များ
နိုင်ငံတကာဥပဒေများအရ သတင်းစာများနှင့် အခြား ပုံနှိပ်လုပ်ငန်းများ လုပ်ကိုင်ရန်အတွက် မဖြစ်မနေလိုင်စင် လျှောက်ထားရန်လိုအပ်ချက်သည် တရားမဝင်သော ဖိနှိပ်ကန့်သတ်မှုတစ်ခုဖြစ်သည်။ မဖြစ်မနေလိုင်စင်စနစ် သည်အဆင့်သုံးဆင့်ပါသော စစ်ဆေးမှုကို မအောင်မြင် ပါ။
လိုင်စင်စနစ်သည် အသရေဖျက်မှုများနှင့် မဖွယ်မရာ အကြောင်းအရာများ ကဲ့သို့သော ပြဿနာများကို ထိန်းချုပ် ရာတွင် အထောက်အကူပြုနိုင်သည် မှန်သော်လည်း အဆင့် သုံးဆင့်စစ်ဆေးမှုအရ နိုင်ငံတော်အနေနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကိုထိပါးနှောင့်ယှက်မှု အနည်း ဆုံး ဖြစ်သော ကြီးကြပ်ကွပ်ကဲရေးစနစ်များကို ကျင့်သုံးဖို့လို သည်။ လိုင်စင်ထုတ်ပေးရန် ငြင်းဆိုခြင်း၊ လိုင်စင်ပယ်ဖျက် ခြင်းစသည်တို့သည် ကြိုတင်ရသော ဆင်ဆာစနစ်ကဲ့သို့ ပင် ဤလွတ်လပ်ခွင့်ကို အကြီးအ ကျယ်ထိပါးနှောင့်ယှက် ခြင်းဖြစ်သည်။ အငြင်းပွားဖွယ်ဖြစ်သော အကြောင်းအရာ များ မီဒီယာတွင်ဖော်ပြခြင်းကို ကိုင်တွယ်ဖြေရှင်းရန် သက်သက်အတွက်မူ လွတ်လပ်ခွင့်ကို ထိပါးမှုနည်းသော ရွေးချယ်စရာ အခြားနည်းလမ်းများစွာရှိသည်။
လိုင်စင်စနစ်အစား လွတ်လပ်မှုကိုထိပါးမှုပိုနည်း သော မှတ်ပုံတင်စနစ်ကို အသုံးပြုနိုင်သည်။ မှတ်ပုံတင်စနစ် တွင် ထုတ်ဝေသူအနေနှင့် ထုတ်ဝေသူအမည်ကဲ့သို့သော အခြေခံသတင်းအချက်အလက်အ ချို့ကိုပေးရုံဖြင့် ကိစ္စ ပြီးမြောက်နိုင်သော်လည်း ထိုမှတ်ပုံတင်စနစ်ကို ကျင့်သုံးရာ တွင်ပင် လွတ်လပ်မှုအပေါ် ထိပါးခြင်းမရှိစေရန် သတိကြီးစွာ ထားဖို့လိုသည်။ မှတ်ပုံတင်အဖွဲ့အစည်းသည် မှတ်ပုံတင်ခြင်း ကို ငြင်းဆိုခြင်း သို့မဟုတ် ပယ်ချခြင်းစသော အခွင့်အာဏာ များရှိမနေဖို့ လိုအပ်သည်။ မှတ်ပုံတင်ခွင့်ပြုချက်အတွက် လျှောက်ထားရသောစနစ်အစား သတ်မှတ်ထားသော အခြေခံ သတင်းအချက်အလက်များ ဖြည့်လိုက်ရုံနှင့် အလိုအလျောက် မှတ်ပုံတင်ပြီးဖြစ်သွားစေသောစနစ်မှာ အကောင်းဆုံး ဖြစ်သည်။
မှတ်ပုံတင်စနစ်သည် မီဒီယာများအပေါ် ပြဋ္ဌာန်း ကန့်သတ်ချက်များစွာဖြင့် ဝန်ထုပ်ဝန်ပိုးကြီးစွာ မဖြစ်စေရန် လိုအပ်သလို မှတ်ပုံတင်အာဏာပိုင် အဖွဲ့အစည်းသည် လည်း သီးခြားလွတ်လပ်သော ကြပ်မတ်ရေးအဖွဲ့သာ ဖြစ် သင့်သည်။ ဂါဝီဒါနှင့် ပိုလန်နိုင်ငံအမှုတွင် လူ့အခွင့်အရေး ဆိုင်ရာ ဥရောပခုံရုံးက အောက်ပါအတိုင်း ဆုံးဖြတ်ချက်ချ သည်။
မှတ်ပုံတင်လျှောက်ထားသော ပုံနှိပ်မီဒီယာ၏အမည် သည် မီဒီယာတွင်ဖော်ပြ မည့် အကြောင်းအရာနှင့် ကွဲလွဲ နေသည်ဟူသော အကြောင်းပြချက် တစ်ခုတည်းဖြင့် (ပိုလန် ဥပဒေပါအတိုင်း) မှတ်ပုံ တင်လျှောက် ထားမှုကို ငြင်းပယ်ခြင်း သည် လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကို တရားမဝင်ကန့်သတ်ဖိနှိပ်ခြင်းပင်ဖြစ်သည်ဟု ခုံရုံးကဆုံးဖြတ်ချက်ချ ခဲ့သည်။
အမည်နှင့်ပတ်သက်၍ မှတ်ပုံတင်ခြင်းကို ငြင်းဆန် ခွင့်ရှိသော တစ်ခုတည်းသောအကြောင်းမှာ အလားတူအမည် ဖြင့် မှတ်ပုံတင်ပြီးဖြစ်သော အခြားမီဒီယာတစ်ခုရှိပြီးဖြစ်မှသာ ဖြစ်နိုင်သည်။
ထိုသို့သော ကန့်သတ်ချက် များရှိနေသည့်တိုင်အောင် မှတ်ပုံတင်စနစ်သည် လိုအပ်ပါ၏လောဟူသော ငြင်းခုံ ဆွေးနွေးမှုများ အများအပြားရှိသည်။ ၂ဝဝ၃ ပူးတွဲကြေညာ ချက်တွင် လွတ်လပ်စွာထုတ်ဖော်ပြောကြားခွင့်နှင့် ပတ်သက်သော နိုင်ငံတကာ အထူးလုပ်ပိုင်ခွင့်ကို အောက်ပါ အတိုင်းသတ်မှတ်ပြဋ္ဌာန်းထားသည်။
ပုံနှိပ်မီဒီယာများအပေါ် အထူးလိုအပ်ချက်အနေနှင့် မှတ်ပုံတင်ရန်ကန့်သတ်ထားခြင်းမှာ အမှန်စင်စစ်မလို အပ်ဘဲ အာဏာအလွဲသုံးခြင်းကို ဖြစ်စေနိုင်သဖြင့် ရှောင်ကြဉ်သင့်သည်။ မှတ်ပုံတင်လျှောက်ထားခြင်း ကို ငြင်းဆန်ပယ်ချခွင့်ရှိသော စနစ်၊ ပုံနှိပ်မီဒီယာများ အပေါ် အထူးလိုက်နာရမည့်စည်းကမ်းများ ချမှတ်ထား သောစနစ်နှင့် အစိုးရနှင့်သီးခြားကင်းလွတ်ခြင်း မရှိ သောကြီးကြပ်ရေးအဖွဲ့က အာဏာပိုင်နေသောစနစ် များအားလုံးသည် ပြဿနာရှိသော မှတ်ပုံတင်စနစ် များပင်ဖြစ်သည်။
ကန့်ကွက်တိုင်ကြားသည့်စနစ် လွတ်လပ်ပြီး အနှောင် အဖွဲ့ လုံးဝကင်းရှင်းသည့် ပုံနှိပ်မီဒီ ယာများသည် ဒီမိုကရေစီစနစ်တစ်ခု၏ အခြေခံအနှစ် သာရပင်ဖြစ်သည်။ သို့ရာတွင် တစ်ပြိုင်နက်တည်း၌ မီဒီယာများ၏ပရော်ဖက်ရှင်နယ်ကျင့်ဝတ်ကို မြှင့်တင်ပေးရန် လိုသလို မီဒီယာများအနေဖြင့် အနိမ့်ဆုံးလိုက်နာရမည့် စံချိန်စံညွှန်းများကို ချိုးဖောက်သောအခါ ပြည်သူလူထုအနေ နှင့် တည့်မတ်ဖြေရှင်းနိုင်မည့် စနစ်တစ်ခုလည်းလိုအပ် သည်။ သတင်းဇာတ်လမ်းများရရှိရေးနှင့် စာဖတ်သူဝေစု တိုးတက်ရရှိရေးအတွက် ပြိုင်ဆိုင်မှုပြင်းထန်နိုင်ခြင်း ကြောင့် မီဒီယာများအတွင်း ပရော်ဖက်ရှင်နယ်မဆန်သော အပြုအမူများ လည်းပေါ်ပေါက်လာနိုင်သည်။ ပရော်ဖက်ရှင် နယ်မဆန်သော မီဒီယာများကို ကိုင်တွယ်ဖြေရှင်းနိုင်ရေး လိုအပ်ချက်သည် အထူးသဖြင့်ပေါ်ထွန်းစ ဒီမိုကရေစီနိုင်ငံ များနှင့် တော်လှန်ရေးလွန်မြောက်ပြီးစနိုင်ငံများတွင် အထူး အရေးကြီးသည်။ ထိုနိုင်ငံများတွင် အာဏာရှင်စနစ်အောက် ၌ နှစ်ပေါင်းများစွာဖိနှိပ်ခြင်းခံခဲ့ရသော မီဒီယာများက ခေတ်သစ်တွင်ခြေ ကုပ်ယူရန် ကြိုးစားနေခြင်းကြောင့်ဖြစ် သည်။ 
အကြွင်းမဲ့နီးပါးထိန်းချုပ်ခံရသောစနစ်မှ လွတ်လပ်ခွင့် ကျယ်ပြန့်စွာရ ရှိနေသော စနစ်သို့ ကူးပြောင်းရာတွင် စိန်ခေါ် မှုများစွာရှိသည်။ ဥပမာအားဖြင့် မီဒီယာများတွင် သင့်လျော် သော အယ်ဒီတာအဖွဲ့ဖွဲ့စည်းပုံများရှိမနေခြင်းနှင့် အခြား အဖွဲ့အစည်းဆိုင်ရာ ကျွမ်းကျင်မှုများရှိမနေခြင်းကြောင့် မိမိတို့၏ ဆောင်ရွက်ချက်များကို ကောင်းမွန်စွာထိန်းကျောင်း ပဲ့ပြင်ခြင်းမပြုနိုင် သည့် အခြေအနေမျိုးလည်းဖြစ်နိုင်သည်။
နိုင်ငံအများအပြားတွင် ပုံနှိပ်မီဒီယာများကို ထိန်းကျောင်း ရေးအား စာနယ်ဇင်းကောင်စီ ကဲ့သို့သော အဖွဲ့အစည်းများနှင့် မီဒီယာကျင့်ဝတ်ကဲ့ သို့သော အနိမ့်ဆုံးစံနှုန်းများသတ်မှတ်ပြီး ဆောင်ရွက်ကြသည်။
မီဒီယာများထိန်းကျောင်းရေးတွင် အစိုးရကမီဒီယာများနှင့်ပတ်သက်သော တိုင်ကြားချက်များ ကို ကိုင်တွယ်ဖြေရှင်း မည်ဆိုပါက အာဏာအလွဲသုံးစား လုပ်မှု များဖြစ်နိုင်ချေ အလွန်မြင့်မားသည်။ မီဒီယာများကို ထိန်း ကျောင်းရေး အတွက် ဆောင်ရွက်သောအဖွဲ့အစည်းသည် အမှီအခိုကင်း၍ လွတ်လပ်သောအဖွဲ့အစည်းဖြစ်ဖို့ အလွန် အရေးကြီးသည်။ ပုံနှိပ်မီဒီယာများ အတူတကွစုစည်းပြီး ကိုယ်တိုင်ကိုယ်ကျထိန်းကျောင်းသော စနစ်တစ်ခုကို တည် ထောင်နိုင်ပါက အကောင်းဆုံးပင်ဖြစ်သည်။ မီဒီယာများနှင့် နီးကပ်လွန်းခြင်း သို့မဟုတ် မီဒီယာများဘက်သို့ ဘက်လိုက် ခြင်းများ ကို ရှောင်ရှားနိုင်ရန် အတွက် ကောင်စီတွင် မီဒီယာ များမှ ကိုယ်စားလှယ်များရော၊ အရပ်သားကိုယ်စားလှယ် များကိုပါ ထည့်သွင်းထားသင့်သည်။ ကျင့်ဝတ်ရေးဆွဲပြဋ္ဌာန်း ရာတွင်လည်း ပုံစံအမျိုးမျိုးရှိနိုင်သည်။ ဝါရင့်အယ်ဒီတာ များကဲ့သို့ ကျွမ်းကျင်သူများက ဦးဆောင်ရေးဆွဲခြင်းများ ရှိသလို အခြားတစ်ဖက်တွင်လည်း ကျယ်ကျယ်ပြန့်ပြန့် တိုင်ပင်ဆွေးနွေးပြီးမှ ရေးဆွဲသောကျင့်ဝတ်များလည်း ရှိသည်။
ထိန်းကျောင်းရေးအတွက် နောက်ထပ်နည်းလမ်းတစ်ခု မှာ ပူးပေါင်းထိန်းကျောင်းရေးစနစ်ဖြစ်သည်။ ထိုစနစ်တွင် ဥပဒေတစ်ရပ်ရပ်အရ ဖွဲစည်းထားသောအဖွဲ့အစည်းတစ်ခု ရှိပြီး ထိုအဖွဲ့အစည်းတွင် မီဒီယာများက အရေးပါသော အခန်းကဏ္ဍတွင်ရှိသော်လည်း အလုံးစုံလွှမ်းခြုံနိုင်သော တန်ခိုးအာဏာတော့မရှိပေ။ ဥပမာ အင်ဒိုနီးရှားမီဒီယာ ကောင်စီသည် ဥပဒေပြဋ္ဌာန်းပြီးဖွဲ့စည်းထားခြင်းဖြစ်သော် လည်း အဖွဲ့ဝင်များကိုမူ မီဒီယာပိုင်ရှင်များနှင့် ဂျာနယ်လစ် များကသာ ရွေးချယ်တာဝန်ပေး အပ်ခြင်းဖြစ်သည်။ ကောင်စီ ကဲ့သို့ထိန်းကျောင်းရေးအဖွဲ့အစည်းများသည် အစိုးရနှင့် သီးခြားလွတ်လပ်စွာဆောင်ရွက်ပြီး အဖွဲ့ဝင်အဖြစ် လုံလောက် သော အရည် အချင်းနှင့် ကျွမ်းကျင်မှုရှိသူများကို ခန့်အပ် ထားနိုင်ပါက ယင်းတို့ကို တရားဝင်အဖွဲ့အစည်းများဖြစ် သည်ဟု သတ်မှတ်နိုင်သည်။ သို့ရာတွင် မီဒီယာထိန်းကျောင်း ရေးကို ဥပဒေပြဋ္ဌာန်းဆောင်ရွက်ပြီး ထိန်းကျောင်းရေးအဖွဲ့ အစည်းတွင် မီဒီယာများမှ ကိုယ်စားလှယ်များကို ထည့်သွင်း ခြင်းမရှိပါက ယင်းသည်လွတ်လပ်စွာ ထုတ်ဖော်ပြောကြား ခွင့်ကို အကြီးအကျယ်ခြိမ်းခြောက်ခြင်းပင် ဖြစ်သည်။
အပြည့်အဝ ကိုယ်ပိုင်ထိန်းကျောင်းရေးစနစ်များတွင်မူ နိုင်ငံတော်မှ သီးခြားဥပဒေတစ်ခုပြဋ္ဌာန်းပေးထားခြင်း မရှိ သဖြင့် ဥပဒေကြောင်းအရ အာဏာမရှိဘဲ ကျင့်ဝတ်ဖောက် ဖျက်သော မီဒီယာနှင့်ပတ်သက် သည့်ကောင်စီ၏ ဆုံးဖြတ်ချက် ကို မီဒီယာတွင်ထည့်သွင်းစေခြင်း၊ စွပ်စွဲချက်နှင့်ပတ်သက်၍ ပြန်လည်ဖြေရှင်းခွင့်ကို ကျင့်သုံးစေခြင်း စသည်တို့ကိုသာ အမြင့်ဆုံးအဖြစ်ဆောင်ရွက်နိုင်သည်။ ဥပဒေပြဋ္ဌာန်းဖွဲ့စည်း သည့် ပူးတွဲထိန်းကျောင်းရေးစနစ်တွင်လည်း ယင်းကဲ့သို့ အလားတူ လုပ်ပိုင်ခွင့်အာဏာမျိုးသာ ရှိနေတတ်သည်။ သို့ရာတွင် မီဒီယာကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းထားပြီး မီဒီယာများနှင့် ပုံမှန်တွေ့ဆုံဆွေးနွေးမှုများပြုနေသော စာနယ် ဇင်းကောင်စီများသည် မီဒီယာများအပေါ် ကျင့်ဝတ်အရ သြဇာလွှမ်းမိုးနိုင်ပြီး မီဒီယာများအတွင်း ပရော်ဖက်ရှင်နယ် အပြုအမူများ ထွန်းကားရေးကို အကြီးအကျယ်အထောက် အကူပြုနိုင်သည်။
စာနယ်ဇင်းကောင်စီများ၏ လုပ်ပိုင်ခွင့်များမှာ တစ်နိုင်ငံ နှင့်တစ်နိုင်ငံကွဲပြားမှုရှိသည်။ နိုင်ငံအများအပြားတွင် အငြင်းပွားမှုများကို ကြားနာဆုံးဖြတ်ခြင်းအပြင် စာနယ်ဇင်း လွတ်လပ်ခွင့်နှင့် ပရော်ဖက်ရှင်နယ်ဝါဒထွန်းကားရေးအတွက် အဓိက တွန်းအားပေးသော အဖွဲ့အစည်းများလည်းဖြစ်နေ တတ်သည်။ မီဒီယာများနှင့် ပတ်သက်သည့် ဥပဒေပြဋ္ဌာန်း ချက်များအတွက် အကြံပြုချက်များပေးပို့ခြင်း၊ ဂျာနယ် လစ်ဇင်ကျင့်ဝတ်များနှင့် လုပ်ကိုင်ဆောင်ရွက်ပုံများ ပိုမို ကောင်းမွန်လာစေရေးအတွက် လမ်းညွှန်စည်းမျဉ်းများ ရေးဆွဲ သတ်မှတ်ပေးခြင်းစသည်တို့ကိုလည်း ဆောင်ရွက်ကြသည်။
ပြန်လည်ဖြေရှင်းခွင့်/အမှားပြင်ဆင်ခွင့်
မီဒီယာပါဖော်ပြချက် များနှင့် ပတ်သက်၍ ပြန် လည် ဖြေရှင်းခွင့်နှင့်ပတ်သက်ပြီး မည်မျှအကျိုးရှိသည်ကို သဘော ကွဲငြင်းခုံမှုများရှိသည်။ အဘယ့်ကြောင့်ဆိုသော် လွတ်လပ် စွာထုတ်ဖော်ပြောဆိုခွင့်တွင် မပြောဆိုဘဲနှုတ်ပိတ်နေပိုင်ခွင့် လည်းရှိနေသောကြောင့်ဖြစ်သည်။ ထို့ကြောင့် မဖြစ်မနေ ပြန်လည်ဖြေရှင်းရမည်ဟု သတ်မှတ်ခြင်းသည် လွတ်လပ် ခွင့်ကိုချိုးဖောက်ခြင်းဖြစ်ကြောင်း သိသာထင်ရှားသည်။ အချို့ ကမူ ပြဿနာဖြစ်ပွားနေသော တစ်ဖက်သတ်ပြောဆိုခြင်း များကို ချေဖျက်ရန်အတွက် ရှုထောင့်မျိုးစုံပြောဆိုချက်များ ပေါ် ထွက်ရေးတွင် ပြန်လည်ဖြေရှင်းခွင့်က အရေးကြီးသည်ဟု ယူဆကြသည်။ ထို့ကြောင့် ပြန်လည်ဖြေရှင်းခွင့်သည် အများ ပြည်သူအနေနှင့်ပြဿနာတိုင်း၏ ဘက်နှစ်ဖက်စလုံးကို ကြားနာနိုင်စေသည်ဟုဆိုကြသည်။ အချို့ကမူ အထက်ပါ ပြန်လည်ဖြေရှင်းခွင့်သည် အယ်ဒီတာ၏ သတင်းလွတ်လပ်ခွင့် ကို တားမြစ်ကန့်သတ်ခြင်းတစ်မျိုးပင်ဖြစ်သည်ဟု ယူဆပြီး ကန့်ကွက်ကြသည်များလည်းရှိသည်။
ပြန်လည်ဖြေရှင်းခွင့်ကို လူ့အခွင့်အရေးဆိုင်ရာ အမေ ရိကန်ကွန်ဗင်းရှင်း၏ အပိုဒ် ၁၄ နှင့် ဥရောပကောင်စီဆုံးဖြတ် ချက် (၇၄) ၂၆ တွင် တွေ့ရှိနိုင်သည်။ ဥရောပကောင်စီ၏ ကာပါဇင်စကီနှင့် ပိုလန်နိုင်ငံအမှုတွင်ပြန်လည်ဖြေရှင်းခွင့် သည် ဥရောပလူ့အခွင့်အရေးဆိုင်ရာအခြေခံများနှင့် ဆီ လျော်ကြောင်း ဆုံးဖြတ်ထားသော်လည်းယင်းအမှုတွင် သက် ဆိုင်ရာ တရားရုံးက မဖြစ်မနေ ဖြေရှင်းချက်ထည့်သွင်းခွင့် ပေးရမည်ဟု ဆုံးဖြတ်ခြင်းမှာမူ တရားဝင်လုပ်ပိုင်ခွင့်ဘောင်ထက်ကျော် လွန်ဆုံးဖြတ်ခြင်းဖြစ်ကြောင်း သတ်မှတ်သည်။ အမေရိကန်ပြည်ထောင်စုတွင်မူ သတင်းစာများတွင် မဖြစ် မနေ ပြန်လည်ဖြေရှင်းခွင့်ပေးရမည်ဟု တောင်းဆိုခြင်း သည် ဖွဲ့စည်းပုံအခြေခံဥပဒေ ပထမပြင်ဆင်ချက်နှင့် ဖီလာဆန့်ကျင်သည် ဟုဆုံးဖြတ် ကာ လက်ခံအတည်ပြုပေး ခြင်းမရှိပေ။
(မိုင်ယာမီဟာရယ် သတင်းစာနှင့်တိုနီလို အမှု) ဥရောပကောင် စီ ၏ ဆုံးဖြတ်ချက်အမှတ် ၇၄(၂၆)တွင် အဆိုပါအခွင့်အရေးနှင့် ပတ်သက်သည့် အသေးစိတ်ပြဋ္ဌာန်း ချက်များကို အောက်ပါအတိုင်း ထည့်သွင်းထားသည်။ အဆိုပါ ရပိုင်ခွင့်ကို အသိအမှတ်ပြုသော်လည်း သက်ဆိုင် ရာပုံနှိပ်မီဒီယာတွင် ပြန်လည်ဖြေ ရှင်းဖော်ပြခွင့်တောင်းခံခြင်းကို အောက်ပါ အကြောင်းပြချက်များဖြင့် ငြင်းဆန်ခွင့် ရှိကြောင်း ဖော်ပြထားသည်။
(၁) မူရင်းသတင်းဖော်ပြပြီး မကြာမြင့်မီအတွင်း ပြန်လည်ဖြေရှင်း ချက်ကို တောင်းခံမှုမပြုထား ခြင်း
(၂) ပြန်လည်ဖြေရှင်းချက်တွင် ဖော်ပြမည့်စာသား များသည် မူရင်းမှားယွင်းသည်ဆိုသော အချက်ကို ပြန်လည်ပြင်ဆင်ရန် လုံလောက် သော ပမာဏထက်ပိုမိုနေခြင်း
(၃) ပြန်လည်ဖြေရှင်းခြင်းသည် အငြင်းအခုံ ဖြစ်နေသော အချက်များထက်ပိုမိုကျယ်ဝန်းနေခြင်း
(၄) ဖြေရှင်းချက်သည် ဥပဒေကြောင်းအရ အရေးယူခံထိုက်သည့် ကျူးကျော်စော်ကားမှု ဖြစ်နေခြင်း
(၅) ဖြေရှင်းချက်တွင် မူလကွဲလွဲမှုတွင် တိုက်ရိုက် ပါဝင်ခြင်းမရှိသော တတိယလူ၏ ဥပဒေနှင့် ညီသော အကျိုးစီးပွားကို ထိခိုက်စေနိုင်ခြင်း
(၆) စောဒကတက်ပြင်ဆင်ချက်ကို ထည့်သွင်း လိုသောသူသည် ထိုသို့ပြင်ဆင်ချက်ထည့်သွင်း ရန်အတွက် ခိုင်မာသောဥပဒေကြောင်း ဆိုင်ရာ အကြောင်းပြချက်ကိုမပေးနိုင်ခြင်း
နိုင်ငံတကာဥပဒေများသည် ပြန်လည်ဖြေရှင်းခွင့်နှင့် ပြန်လည်ပြင်ဆင်ခွင့် အကြား ဆက်သွယ်ချက်များကို သတ်မှတ်ဖော်ပြထားမှုအားနည်းသည်။
သို့ရာတွင် မီဒီယာများဘက်မှ ပြန်လည်ပြင် ဆင်ခွင့်သည် ပြန်လည် ဖြေရှင်း ခွင့်ထက် စာလျှင် မီဒီယာလွတ်လပ်မှုကို ထိပါး နှောက်ယှက်မှုနည်းပါးသည်။ ထို့ကြောင့် တိုက်ရိုက်ဝေဖန် မှုမျိုး မဟုတ်ဘဲ တိုက်ရိုက်အချက် အလက်အမှားကြောင့် ဖြစ်သော အငြင်းပွားမှုများကို ဖြေရှင်းရာ တွင်ပြန်လည် ဖြေရှင်းခွင့်ထက်စာလျှင် မီဒီယာများကိုယ်တိုင်ဆောင် ရွက် နိုင်သော အမှားပြင်ဆင်ချက်က ပိုမိုဆီလျော်ကြောင်း လက်ခံထားကြပါသည်။
မှတ်ချက်။ ။ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်ကျင့်သုံးရာ၌ လိုက်နာရမည့် စံနှုန်းများ၊ ကျင့်ဝတ်များ၊ တာဝန်ဝတ္တရားများကို သိရှိနိုင်ရန်အတွက် ဥပဒေနှင့် ဒီမိုကရေစီဗဟိုဌာန(Centre for Law and Democracy) နှင့် နိုင်ငံတကာမီဒီ ယာထောက်ပံ့ကူညီရေးအဖွဲ့ (International Media Support-IMS) တို့မှ ပြုစုထုတ်ဝေသည့် ''အခြေခံလူ့အခွင့်အရေးတစ်ခုဖြစ်သော လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်'' (လမ်းညွှန်မှတ်စုအတွဲများ)၊ Briefing Note Series "Freedom of Expression''စာအုပ်ကို အပတ်စဉ် တနင်္ဂနွေနေ့ တိုင်း ဖော်ပြ သွားမည်ဖြစ်ပါသည်။ ဆောင်းပါးပါ မြန်မာဘာသာပြန်ဆိုချက်များနှင့် အသုံးအနှုန်းများမှာ မူရင်းဘာသာပြန်ဆိုသည့် သက်ဆိုင်ရာ အဖွဲ့အစည်း များ၏ အာဘော်သာဖြစ်ကြောင်း ဖော်ပြအပ်ပါသည်။

No comments:

Post a Comment