Thursday, March 26, 2015

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း နိုင်ငံတစ်ဝန်း ၀က်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်း လုပ်ငန်း (၂၀၁၅) ဂုဏ်ပြုပွဲ အခမ်းအနားသို့ တက်ရောက်

နေပြည်တော် မတ် ၂၆
နိုင်ငံတစ်ဝန်း ၀က်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်း လုပ်ငန်း ၂၀၁၅ ဂုဏ်ပြုပွဲ အခမ်းအနားကို ယနေ့နံနက် (၉) နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်း ဗဟိုဌာန (MICC 2) ၌ ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း  တက်ရောက်သည်။

အခမ်းအနားသို့ ဒုတိယသမ္မတနှင့်အတူ ပြည်ထောင်စုဝန်ကြီးများ၊ ဒုတိယ၀န်ကြီး များ၊ အမျိုးသား ကျန်းမာရေး ကော်မတီဝင်များ၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့၊ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့၊ ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့အစည်းများမှ ဌာနေကိုယ် စားလှယ်များ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်းများနှင့် အလှူရှင် ကိုယ်စားလှယ်များ ၊ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတက ဂုဏ်ပြုအမှာစကားပြောကြားရာတွင် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အစိုးရသည် ပြည်သူလူထု အခြေပြု ဖွံ့ဖြိုးရေးစီမံကိန်းများ ရေးဆွဲကာ နိုင်ငံသားများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်နေရသည့် အပြင်(၂၀၁၅)ခုနှစ်တွင် ဦးစားပေးဆောင်ရွက်နေရသည့် လုပ်ငန်းတာဝန်များမှာ ပဏာမကျန်းမာရေးစောင့်ရှောက်မှု လွှမ်းခြုံနိုင်ရေး၊ ပညာရေးအဆင့်အတန်း မြင့်မား လာစေရေး၊ သန့်ရှင်းသော သောက်သုံးရေ ရရှိစေရေး၊ လျှပ်စစ်မီး လုံလောက်စွာ ရရှိ စေရေး၊ လမ်းပန်းဆက်သွယ်မှု ပိုမိုကောင်းမွန်စေရေးနှင့် ဆင်းရဲနွမ်းပါးမှုလျှော့ချရေး စသည့်ကဏ္ဍများဖြစ်ပါကြောင်း၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် ကျန်းမာရေး အသုံးစရိတ်ကို ပိုမိုတိုးမြှင့်ပေးပြီး  ဆေးရုံ ဆေးခန်းအတွင်း အခမဲ့ ဆေးကုသမှု စတင်ခဲ့ ပြီးနောက် ပြည်သူများ၏ အိတ်ထောင်မှ စိုက်ထုတ် ကုန်ကျနေရသည့် ကျန်းမာရေး အသုံးစရိတ်ကို လျှော့ချရာတွင် သက်ဆိုင်ရာစစ်တမ်းများအရ (၈၀) ရာခိုင်နှုန်းမှ (၆၀) ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့သည်ဟု သိရှိရပါကြောင်း။
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အနေဖြင့် နိုင်ငံသားတိုင်း နေရာဒေသ မရွေး၊ ဆင်းရဲချမ်းသာမရွေး၊ လူ့မျှော်မှန်းသက်တမ်းကို ညီတူညီမျှ တိုးမြှင့်စေရေးကို အားစိုက်ဆောင်ရွက်ခဲ့ပါကြောင်း၊ နိုင်ငံသားတိုင်း လူ့မျှော်မှန်းသက်တမ်း ပိုရှည်ရန် အသက်တစ်နှစ်အောက်နှင့် ငါးနှစ်အောက်ကလေးများ သေဆုံးမှုနှုန်းကို လျှော့ချနိုင်ရန်၊ အဓိကဆောင်ရွက်ရမည့် အကြောင်းရင်းတစ်ရပ်ဖြစ်ပြီး ကာကွယ်ဆေးထိုးခြင်းသည် အရေးပါဆုံးအချက်တစ်ခု ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံ၏ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်းကို (၁၉၇၈) ခုနှစ်တွင် အသက် တစ်နှစ်အောက် ကလေးများအတွက် ဘီဂျီစီ၊ ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်ရောဂါ ကာကွယ်ဆေး၊ ကိုယ်ဝန်ဆောင်မိခင်များအတွက် မေးခိုင်ရောဂါ ကာကွယ်ဆေးများနှင့် စတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပါကြောင်း၊ (၁၉၈၇) ခုနှစ်တွင် ၀က်သက်နှင့် ပိုလီယိုရောဂါ ကာကွယ်ဆေးများနှင့် (၂၀၀၃) ခုနှစ်တွင် အသည်းရောင် အသားဝါ(ဘီ)ရောဂါ ကာကွယ်ဆေး ထပ်မံထိုးပေးနိုင်ခဲ့ပါကြောင်း ။
(၂၀၁၂) ခုနှစ်တွင် Haemophilus influenza type –b ကာကွယ်ဆေး အသစ် ပါဝင်သည့် Pentavalent vaccine ကို နိုင်ငံတော်ဘဏ္ဍာငွေ ထည့်ဝင်မှုနှင့် စတင်ထိုးနှံ ပေးခဲ့ပြီးနောက် အသက် ငါးနှစ်အောက်ကလေးများ သေဆုံးမှု အများဆုံးဖြစ်စေသည့် ပြင်းထန် အဆုတ်ရောင်ရောဂါ သေဆုံးမှုကို သုံးပုံတစ်ပုံခန့်အထိ လျှော့ချပေးနိုင်ခဲ့ပါ ကြောင်း၊ (၂၀၁၂) ခုနှစ် နိုဝင်ဘာလမှ စတင်ကာ အသက်တစ်နှစ်အောက် ကလေးများ ပုံမှန်ကာကွယ်ဆေးထိုး အစီအစဉ်တွင် ရောဂါ (၈) မျိုးကို ကာကွယ်နိုင်သည့် ကာကွယ် ဆေးများ ထိုးနှံတိုက်ကျွေးပြီး မြန်မာနိုင်ငံ၏ အသက် (၅) နှစ်အောက် ကလေးများ၊ သေဆုံးမှုအများဆုံး ဖြစ်စေသည့်ရောဂါများမှ ကာကွယ်ပေးခဲ့ပါကြောင်း၊ ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်မှာ ကိုယ်ဝန်ဆောင်မိခင်များအဖို့  မေးခိုင်ကာကွယ်ဆေး နှစ်ကြိမ်ထိုးခြင်းဖြင့် မိခင်နှင့် မွေးကင်းစကလေးကို မေးခိုင်ရောဂါမှ ကာကွယ်နိုင်မည် ဖြစ်ပါကြောင်း။
ထောင်စုနှစ်ရည်မှန်းချက် အမှတ်(၄)ပြည့်မီစေရေး ကြိုးပမ်းမှုတစ်ရပ်အနေဖြင့် အသက်(၅)နှစ်အောက်ကလေးများ သေဆုံးမှုကို အရှင်မွေး(၁၀၀၀)တွင် (၄၃)ယောက် အထိ လျှော့ချနိုင်ရန်အတွက် ကူးစက်ရောဂါတားဆီးရေးနှင့် ကာကွယ်ဆေးထိုး လွှမ်းခြုံ မှုမြင့်မားရေးတို့သည် အဓိကကျနေပါကြောင်း၊ (၂၀၁၄)ခုနှစ်တွင် တစ်နိုင်ငံလုံး ကာကွယ်ဆေးလွှမ်းခြုံမှု (၈၈)ရာခိုင်နှုန်းရရှိခဲ့ပြီး ယခင်နှစ်များထက် တိုးတက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း။
ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းများအပြင် အပိုဆောင်းကာကွယ်ဆေးထိုး လုပ်ငန်းများကို တစ်နိုင်ငံလုံး အတိုင်းအတာအနေဖြင့်သော်လည်းကောင်း၊ နေရာဒေသ အလိုက်သော်လည်းကောင်း လိုအပ်သလို ဆောင်ရွက်နေကြောင်းကိုလည်း သိရှိရပါ ကြောင်း၊ ကာကွယ်ဆေးရရှိသင့်သည့်ကလေးများ တစ်ဦးတစ်ယောက်မျှ မကျန်ရ လေအောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ယာယီကယ်ဆယ်ရေးစခန်းများ၊ ဝေးလံခက်ခဲ နေရာဒေသများရှိသည့် ကချင်ပြည်နယ်၊ ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်များမှ လူအုပ်စု များကိုပါ ကာကွယ်ဆေးထိုးလုပ်ငန်း ရောက်ရှိစေခဲ့ပါကြောင်း။
ထိုသို့ ကာကွယ်ဆေးလွှမ်းခြုံမှု မြင့်မားစေရန် ဆောင်ရွက်နိုင်ခဲ့ခြင်းကြောင့် မြန်မာနိုင်ငံအနေဖြင့် ရရှိခဲ့သည့်မှတ်တိုင်များမှာ (၂၀၁၀)ခုနှစ်တွင် မိခင်နှင့်မွေးကင်းစ ကလေး မေးခိုင်ရောဂါကို ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ်မှ ကင်းဝေးကြောင်း ကြော်ငြာနိုင်ခဲ့ခြင်း၊ (၂၀၁၀) ခုနှစ်တွင် ၀က်သက်ရောဂါကြောင့် သေဆုံးမှုကို (၁၉၉၀) ခုနှစ် သေဆုံးမှုနှုန်း၏ (၉၀) ရာခိုင်နှုန်းအထိ လျှော့ချနိုင်ခဲ့ခြင်း၊ မြန်မာနိုင်ငံ၏ ပိုလီယို ကင်းစင်သည့်အခြေအနေကို  (၂၀၁၄)ခုနှစ်၊ မတ်လတွင် ရရှိခဲ့ခြင်းတို့ပင်ဖြစ်ပါကြောင်း။
ထပ်မံ၍ ၀က်သက်ရောဂါ ကင်းစင်မှု ၊ ဂျိုက်သိုးနှင့် မွေးရာပါဂျိုက်သိုးရောဂါ လျှော့ကျမှုများကို  (၂၀၂၀)ခုနှစ်တွင် ရရှိရန်၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးအား (၂၀၁၅)ခုနှစ်တွင် ထည့်သွင်းထိုးနှံရန် လျာထားခဲ့ပါကြောင်း၊ ထို့အတွက် ၀က်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်းကို တစ်နိုင်ငံလုံးအတိုင်း အတာဖြင့်(၂၀၁၅)ခုနှစ် ဇန်န၀ါရီလနှင့် ဖေဖော်ဝါရီလများတွင် ဆောင်ရွက်ခဲ့ပါကြောင်း။
ကျောင်းအခြေပြု ကာကွယ်ဆေးထိုးအစီအစဉ်နှင့် တစ်နိုင်ငံလုံးရှိ အသက်ကိုးလ မှ(၁၅)နှစ်အထိ ကလေး (၁၇ ဒသမ ၄) သန်းခန့်ကို ကာကွယ်ဆေးထိုးနိုင်ရန် လျာထား ခဲ့ရာ (၇ ဒသမ ၈)သန်း ထိုးပေးနိုင်ခဲ့ပြီး ပြည်သူလူထုအခြေပြု ကာကွယ်ဆေးထိုး အစီအစဉ်တွင် အသက်(၅)နှစ်အောက် ကလေးအပါအ၀င် ကျောင်းပြင်ပတွင်ရှိသည့် ကလေး(၈ ဒသမ ၇)သန်းကို ထိုးနှံပေးနိုင်ခဲ့၍ တစ်နိုင်ငံလုံး၏ (၉၅)ရာခိုင်နှုန်း လွှမ်းခြုံမှု ရရှိခဲ့ပါကြောင်း။
ဝက်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်းလုပ်ငန်း အောင်မြင်စေသည့် နောက်ထပ်အဓိကကျသော အကြောင်းရင်းများမှာ GAVI Vaccine alliance ၏ ရန်ပုံငွေပံ့ပိုးမှု၊ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ကုလသမဂ္ဂကလေးများ ရန်ပုံငွေ အဖွဲ့၏ နည်းပညာပံ့ပိုးမှု ၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများ၊ လူမှုရေး အသင်းအဖွဲ့များ၊ တိုင်းဒေသကြီး/ ပြည်နယ် ၊ မြို့နယ်ကျန်းမာရေး ဦးစီးဌာနများ၏ ပူးပေါင်းကူညီဆောင်ရွက်မှုနှင့် တာဝန်ရှိသူအဆင့်ဆင့်၏ မပြတ်ကြီးကြပ် ဆောင်ရွက်မှု များကြောင့် ဖြစ်ပါကြောင်း၊ ပညာရေးဝန်ကြီးဌာနမှ ကျောင်းဆရာ၊ ဆရာမများ၏ ပူးပေါင်းပါဝင်မှု၊ တာဝန်ယူမှုကြောင့် ကျောင်းသူ၊ကျောင်းသားအားလုံးအတွက် ကာကွယ်ဆေးရရှိစေရန် ဆောင်ရွက်နိုင်ခဲ့မှုကြောင့်  ပညာရေးဝန်ကြီးဌာနကို ကျေးဇူးတင်ဂုဏ်ပြု မှတ်တမ်းတင်အပ်ပါကြောင်း။
မြန်မာနိုင်ငံ မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဝင်များနှင့် အခြားလူမှုရေး အသင်းအဖွဲ့များအားလုံးကိုလည်း ကာကွယ်ဆေးထိုးရမည့်ကလေး တစ်ဦးမျှမကျန် ရအောင် စည်းရုံးပြီး ကာကွယ်ဆေးထိုးစုရပ်အရောက် ခေါ်ဆောင်လာနိုင်ခဲ့ကြ၍ ကျေးဇူးတင်ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် ထပ်မံ ထည့်သွင်းထိုးနှံရမည့် ကာကွယ်ဆေးအသစ်များနှင့် ပတ်သက်၍လည်းကောင်း၊ ၀က်သက်နှင့် ဂျိုက်သိုးရောဂါကာကွယ်ဆေး အစုလိုက်ထိုးနှံခြင်း လုပ်ငန်း ဘေးကင်း ချောမွေ့စွာ ဆောင်ရွက်နိုင်ရန်အတွက်လည်းကောင်း၊ နည်းပညာဆိုင်ရာ အကူအညီ များနှင့် ကျောထောက်နောက်ခံပြုပေးခဲ့သည့် အမျိုးသားအဆင့် ကာကွယ်ဆေးထိုး လုပ်ငန်းဆိုင်ရာ အကြံပေးကော်မတီကိုလည်းကောင်း လေးစားစွာ ဂုဏ်ယူ ၀မ်းမြောက် ကြောင်း ပြောကြားလိုပါကြောင်း၊ ထို့အပြင် ယခုလုပ်ငန်းအတွက် ပြည်သူလူထု စည်းရုံး လှုံ့ဆော်ရေးလုပ်ငန်းများတွင် ကျယ်ပြန့်စွာ ဆောင်ရွက်ကူညီပေးခဲ့ကြသည့် အနုပညာ ရှင်များ အားလုံးကိုလည်း ကျေးဇူးတင်ရှိကြောင်းကို မှတ်တမ်းတင်အပ်ပါကြောင်း။
နိုင်ငံတစ်ဝန်းလုံး ၀က်သက်နှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အစုလိုက် ထိုးနှံခြင်းလုပ်ငန်းကို အောင်မြင်စွာ ပါဝင်ဆောင်ရွက်နိုင်ခဲ့ကြသည့် ကျန်းမာရေးဝန်ကြီး ဌာန ၊တိုင်းဒေသကြီး / ပြည်နယ်၊ မြို့နယ် ဦးစီးဌာနများနှင့် အခြေခံ ကျန်းမာရေး ၀န်ထမ်းများ အားလုံးကိုလည်း မြန်မာနိုင်ငံ ပြည်သူလူထုနှင့် ရင်သွေးငယ်များကိုယ်စား ကျေးဇူးအထူးတင်ရှိကြောင်းကို ဂုဏ်ပြုပြောကြားလိုပါကြောင်း၊နိုင်ငံတော် အစိုးရ အနေ ဖြင့် ကျန်းမာရေးဝန်ကြီးဌာန၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို စဉ်ဆက် မပြတ်ပံ့ပိုးသွားရမည် ဖြစ်သည့်အားလျော်စွာ နှီးနွယ်သော ဌာနဆိုင်ရာများ၊ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ ပြည်တွင်းပြည်ပ အစိုးရမဟုတ်သော အဖွဲ့အစည်း များနှင့်ပြည်သူလူထု တစ်ရပ်လုံးမှ မြန်မာနိုင်ငံ၏ ရင်သွေးငယ်လေးများ၊ ကာကွယ်ဆေး ထိုးလုပ်ငန်းအပါအ၀င် မိခင်နှင့်ကလေး  ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများတွင် ဆက်လက်ပူးပေါင်း ဆောင်ရွက်သွားကြပါစို့ဟု တိုက်တွန်းပါကြောင်းဖြင့် ပြောကြားခဲ့ သည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများအား ဂုဏ်ပြုသီချင်းဖြင့် ဧည့်ခံ ဖျော်ဖြေကြသည်။
ထို့နောက် ဒုတိယသမ္မတနှင့်  ပြည်ထောင်စုဝန်ကြီး ဒေါက်တာသန်းအောင်တို့က နိုင်ငံတစ်ဝန်း ၀က်သက်ရောဂါနှင့် ဂျိုက်သိုးရောဂါ ကာကွယ်ဆေးအစုလိုက် ထိုးနှံခြင်း လုပ်ငန်း (၂၀၁၅)  ဂုဏ်ပြုမှတ်တမ်းလွှာများကို သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် အဖွဲ့အစည်းများထံ ပေးအပ်သည်။

ယင်းနောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များသည် အခမ်းအနားသို့ တက်ရောက် လာကြသူများနှင့်အတူ အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကြပြီး ခန်းမအတွင်း ခင်းကျင်း ပြသထားရှိသည့် ပြခန်းငယ်အား လှည့်လည်ကြည့်ရှုကြသည်။ 

No comments:

Post a Comment