နေပြည်တော် မတ် ၂၆
ပြည်ထောင်စုလွှတ်တော် (၁၂) ကြိမ်မြောက်
ပုံမှန်အစည်းအဝေး (၃၄)ရက်မြောက်နေ့ကို ယနေ့နံနက်(၁၀)နာရီခွဲတွင် ကျင်းပသည်။
၂၀၁၅ ခုနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ
အရအသုံးဆိုင်ရာ ဥပဒေကြမ်းပါ သာမန် အသုံးစရိတ် တောင်းခံမှုများ အနက်မှ လျှော့ချ အသုံးပြုနိုင်ရေးနှင့်
စပ်လျဉ်း၍
ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဝင်းရှိန်က ဘဏ္ဍာရေး ဝန်ကြီးဌာန အနေဖြင့်
ပြည်ထောင်စုအဆင့် ဌာန၊ အဖွဲ့အစည်းများသို့ ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေ စာရင်းပြင်ပမှ
ဆောင်ရွက်သော နိုင်ငံတော်ပိုင် စီးပွားရေး အဖွဲ့အစည်းများ(ပို့ဆောင်ရေး)၊ ပြည်ထောင်စု
ဘဏ္ဍာရန်ပုံငွေ စာရင်းပြင်ပမှ ဆောင်ရွက် သော ဝန်ကြီးဌာန၊ ဦးစီးဌာနများ (လူမှုဖူလုံရေး)တို့မပါ
ဗဟိုအဖွဲ့အစည်းများနှင့် ဝန်ကြီးဌာန၊ ဦးစီးဌာနများအနက် ဖြတ်တောက်နိုင်သည့် အဖွဲ့အစည်းများနှင့်
မှတ်ချက်ပြုရန်မရှိသည့် အဖွဲ့အစည်းများ၏ လစာစရိတ်၊ ပင်စင်လစာနှင့် ဆုကြေး၊ အတိုးတို့မပါ
သာမန်အသုံးစရိတ် များမှ (၂)ရာခိုင်နှုန်းကို ပြည်ထောင်စု လွှတ်တော်ရုံး၊ ပြည်သူ့လွှတ်တော်ရုံး၊
အမျိုးသားလွှတ်တော် ရုံး၊ နိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေဆိုင်ရာ ခုံရုံးနှင့်
ဝန်ကြီးဌာန(၁၄)ခု တို့၏ စုစုပေါင်း ငွေကျပ် သန်းပေါင်း (၈၀၁၂ ဒသမ ၃၆၅)သန်းကို သာမန်
အသုံးစရိတ်များမှ လျှော့ချနိုင်ခဲ့ပါကြောင်းဖြင့် ရှင်းလင်းတင်ပြရာ လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။
ထို့နောက် နိုင်ငံ့ ဝန်ထမ်းများအတွက်
တိုးမြှင့်ပြင်ဆင်ပေးသည့် လစာနှုန်းထားများ လျာထားချက်စာရင်းနှင့်စပ်လျဉ်း၍ ပြည်ထောင်စု
ဝန်ကြီး ဦးဝင်းရှိန်က ပြည်ထောင်စု အစိုးရအဖွဲ့ ဥပဒေပုဒ်မ ၅၉ ပုဒ်မခွဲ(ဂ)တွင် “ဝန်ထမ်းလစာနှင့်
လုပ်ခနှုန်းများ၊ အကောက်နှုန်းများ၊ အခွန်နှုန်း များနှင့် အခြားလိုအပ်သည့် နှုန်းများကို
ဥပဒေနှင့်အညီ ဆုံးဖြတ်သတ်မှတ်ရမည်” ဟု ပြဋ္ဌာန်းထား သည်ကို တွေ့ရှိရပါကြောင်း။
နိုင်ငံ့ဝန်ထမ်းများ၏ လစာ၊ စရိတ်နှုန်းထားများ
တိုးမြှင့်ခြင်းနှင့် စပ်လျဉ်း၍ တိုးမြှင့်မည့် လစာ၊ စရိတ်နှုန်းထားများ လျာထား သတ်မှတ်နိုင်ရန်
ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် သက်ဆိုင်ရာ ဌာနအဖွဲ့အစည်းများက ပြုစုဆောင်ရွက်ခြင်း၊ တိုးမြှင့်
သတ်မှတ်မည့် လစာ၊ စရိတ်များအတွက် ဘဏ္ဍာငွေ လျာထားချက်များအား သက်ဆိုင်ရာ ဗဟိုအဖွဲ့အစည်းများ၊
ပြည်ထောင်စု ဝန်ကြီး ဌာနများ၊ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေစာရင်းတွင်
ထည့်သွင်းလျာထားခြင်း၊ တိုးမြှင့် သတ်မှတ်သည့် လစာ၊ စရိတ်နှုန်းထားများအား အတည်ပြုနိုင်ရန်နှင့်
အမိန့်ကြော်ငြာစာ ထုတ်ပြန် ဆောင်ရွက်နိုင်ရန် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေးသို့
တင်ပြဆွေးနွေး အတည်ပြုချက် ရယူခြင်းတို့ကို ဆောင်ရွက်ခဲ့ ပါကြောင်း။
ပြည်ထောင်စု အစိုးရအဖွဲ့သည် အထက်ပါ
ဥပဒေပြဋ္ဌာန်းချက်နှင့်အညီ စတင်တာဝန် ထမ်းဆောင် သည့်ကာလမှစ၍ ယခုအချိန်အထိ ၂၀၁၂ ခုနှစ်တွင်
အပိုထောက်ပံ့ကြေး ၃၀၀၀၀ ကျပ်စီ တိုးမြှင့်ပေးခြင်းနှင့် နေ့စားလုပ်ခနှုန်း ၁၁၀၀ ကျပ်တွင်
အပို ထောက်ပံ့ကြေး ၁၀၀၀ ကျပ် ထပ်ဆောင်းပေးခြင်း၊၂၀၁၃ ခုနှစ်တွင် လစာနှုန်းများကို ၂၀၀၀၀
ကျပ်စီ တိုးမြှင့်ပေးခြင်းနှင့် နေ့စားလုပ်ခနှုန်းကို ၁၁၀၀ ကျပ်မှ ၁၇၀၀ ကျပ်သို့ တိုးမြှင့်ပေးခြင်း၊
၂၀၁၄ ခုနှစ်တွင် လစာနှုန်း များကို ၂၀၀၀၀ ကျပ်စီ တိုးမြှင့်ပေးခြင်းနှင့် နေ့စားလုပ်ခနှုန်းကို
၁၇၀၀ ကျပ်မှ ၂၀၀၀ ကျပ်သို့ တိုးမြှင့်ပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။
နိုင်ငံတော် သမ္မတအနေဖြင့် ၂၀၁၁
ခုနှစ် မတ်(၃၁)ရက် ပြည်ထောင်စု လွှတ်တော် ခန်းမ၌ ကျင်းပသည့် မိန့်ခွန်း နာခံခြင်းနှင့်
ကတိသစ္စာပြုခြင်း အခမ်းအနား၌ “လွှတ်တော်ကိုယ်စား လှယ်အသီးသီး၏ တင်ပြချက်များအရ နိုင်ငံ့ဝန်ထမ်းများ၏
လစာနှင့် ပင်စင်တို့ကိုလည်း နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှုကို အခြေခံ၍ နိုင်ငံတော်အတွင်း
လဲလှယ် သုံးစွဲနေသော ငွေကြေး အခြေအနေ၊ ငွေကြေးဖောင်းပွမှုနှင့် ကုန်ဈေးနှုန်းအခြေအနေ၊
တစ်မျိုးသားလုံး၏ အသားတင် ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု တန်ဖိုးတို့ကို ထည့်သွင်းစဉ်းစားပြီး
သင့်လျော်သော အချိန်ကာလတွင် တိုးမြှင့် ဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း”ဖြင့် ပြောကြားခဲ့ပါကြောင်း။
ထို့ပြင် ၂၀၁၂ ခုနှစ် မတ်(၁)ရက်တွင် ပြည်ထောင်စု
လွှတ်တော်ခန်းမ၌ ကျင်းပသည့် တာဝန်ထမ်းဆောင်မှု(၁)နှစ်ပြည့် အထိမ်းအမှတ် အဖြစ် ပြောကြားသည့်
မိန့်ခွန်းတွင် “လက်ရှိနိုင်ငံတော်၏ ငွေကြေးအခြေအနေ၊ ပြည်ပကြွေးမြီ၊ ဘတ်ဂျက် လိုငွေစသည့်
မက်ခရို စီးပွားရေး အခြေအနေ တစ်ရပ်ရပ်အပေါ် မူတည်ပြီး အခြေအနေ အချိန်အခါ သင့်ရင်သင့်သလို
လစာစရိတ်တွေကို တိုးမြှင့်ပေးနိုင်ရန် ကြိုးစားဆောင်ရွက် ပေးသွားမည် ဖြစ်ပါကြောင်း”
ဖြင့်လည်း ထည့်သွင်း မိန့်ကြားခဲ့ပါကြောင်း၊ ထို့ပြင် ၎င်းမိန့်ခွန်းတွင် “ကိုယ့်ယန္တရား
တစ်ရပ်တည်းကိုပဲ အလေးပေးစဉ်းစားလို့ မဖြစ်တဲ့ အခြေအနေမှာ ကျွန်တော်တို့အနေနဲ့ လစာသို့မဟုတ်
ထောက်ပံ့ ကူညီမှုတွေ တိုးမြှင့်ဆောင်ရွက်နိုင်ရန် ခြုံငုံစဉ်းစား ဆောင်ရွက်ပေး သွားမည်
ဖြစ်ပါကြောင်း” ဖြင့် မိန့်ကြားခဲ့ပါကြောင်း။
နိုင်ငံ့ဝန်ထမ်းများ၏ လစာနှင့်
လုပ်ခနှုန်းများကို တိုးမြှင့်ပေးနိုင်ရန် နိုင်ငံတော်အစိုးရမှ အစဉ်တစိုက် ဆောင်ရွက်လျက်
ရှိသကဲ့သို့ ပြည်သူ့ကိုယ်စားလှယ်များ ဖြစ်ကြသော လွှတ်တော် ကိုယ်စားလှယ်ကြီးများကလည်း
လွှတ်တော်တွင် ဆွေးနွေးခြင်း၊ အရေးကြီးအဆို တင်သွင်းခြင်း စသည်ဖြင့် အစဉ်တစိုက် တိုက်တွန်း
ခဲ့ကြပါကြောင်း၊ နိုင်ငံတော်အနေဖြင့် နိုင်ငံ့ဝန်ထမ်းများ၏ လုပ်အားကို အသိအမှတ်ပြုခြင်းနှင့်
နိုင်ငံ့ဝန်ထမ်းများအပေါ်ထားရှိသည့် စေတနာတရားကို ပြသခြင်းပင်ဖြစ်ပါကြောင်း။
ပြည်ထောင်စု လွှတ်တော်သို့ ပေးပို့တင်ပြထားသော
၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် အရအသုံး ခန့်မှန်းခြေ ငွေစာရင်းတွင် တိုးမြှင့်သတ်မှတ်သည့် လစာကို
မတ်(၂၅)ရက်တွင် ကျင်းပပြုလုပ်သည့် ပြည်ထောင်စု အစိုးရအဖွဲ့ အစည်းအဝေး အမှတ်စဉ် (၇/၂၀၁၅)တွင်
အတည်ပြုခဲ့ပါကြောင်း၊ လစာနှုန်းထားများ တိုးမြှင့်ခြင်းမပြုမီ လစာနှုန်းထားနှင့် တိုးမြှင့်ပေးမည့်
လစာ နှုန်းထားများ၏ နှိုင်းယှဉ်မှုအခြေအနေမှာ-
(က) တိုးမြှင့်ခြင်း မပြုမီ လစာနှုန်းထား
- အနိမ့်ဆုံးလစာ ၇၅၀၀၀ကျပ်ဖြင့် ခွင့်ပြုထားပါကြောင်း။
- အမှုထမ်းများအတွက် နှစ်တိုးကို ၁၀၀၀ကျပ်နှုန်းဖြင့်
(၅)ကြိမ်နှင့် ရာထူး တစ်ဆင့်နှင့် တစ်ဆင့်ကို ၁၀၀၀ကျပ် တိုးမြှင့်ထားပါကြောင်း။
- အမှုထမ်းမှ အရာထမ်းသို့ခြားနားလစာမှာ ၂၄၀၀၀ကျပ်
ဖြစ်ပါကြောင်း။
- အရာထမ်းများအတွက် နှစ်တိုးကို ၂၁၀၀၀ကျပ်နှုန်းဖြင့်
(၅)ကြိမ်နှင့် ရာထူး တစ်ဆင့်နှင့် တစ်ဆင့်ကို ၁၀၀၀၀ကျပ်ဖြင့် ဒုညွှန်ချုပ်အဆင့်အထိ တိုးမြှင့်ထား
ပါကြောင်း။
- ညွှန်ချုပ်နှင့် ဒုညွှန်ချုပ် လစာကွာခြားချက်မှာ
၂၀၀၀၀ကျပ်ဖြစ်ပါကြောင်း။
- အမြင့်ဆုံးလစာမှာ ၂၅၀၀၀၀ ကျပ်ဖြစ်ပါကြောင်း။
- အနိမ့်ဆုံးနှင့် အမြင့်ဆုံးလစာ ကွာခြားချက်မှာ
၃ ဒသမ ၃ ဆ ဖြစ်ပါကြောင်း။
(ခ) တိုးမြှင့်ပေးသည့်လစာနှုန်းထား
- အနိမ့်ဆုံးလစာ ၁၂၀၀၀၀ကျပ်ဖြင့် တွက်ချက်ထားပါကြောင်း။
- အမှုထမ်းများအတွက် နှစ်တိုးကို ၂၀၀၀ကျပ်နှုန်းဖြင့်
(၅)ကြိမ်ပေးရန်နှင့် တစ်ဆင့်နှင့် တစ်ဆင့်ကို ၅၀၀၀ ကျပ် တိုးမြှင့်ထားပါကြောင်း။
- အမှုထမ်းမှ အရာထမ်းသို့ ခြားနားလစာမှာ ၃၀၀၀၀ ကျပ်
ဖြစ်ပါကြောင်း။
- အရာထမ်းများအတွက် နှစ်တိုးကို ၄၀၀၀ကျပ်နှုန်းဖြင့်
(၅)ကြိမ်ပေးရန်ဖြစ်ပြီး ရာထူးတစ်ဆင့် နှင့်တစ်ဆင့်ကို ၁၀၀၀၀ကျပ်ဖြင့် ညွှန်ကြားရေးမှူးအဆင့်
အထိတိုးမြှင့်ထားပါကြောင်း။
- အမြင့်ဆုံးလစာကို ၅၀၀၀၀၀ ကျပ်ဖြင့် တွက်ချက်ထားပါကြောင်း။
- အနိမ့်ဆုံးနှင့် အမြင့်ဆုံးလစာ ကွာခြားချက်မှာ
၎ ဒသမ ၂ ဆဖြစ်ပါကြောင်းဖြင့် ဘဏ္ဍာရေးဝန်ကြီးဌာနက အမိန့်ကြော်ငြာစာ ထုတ်ပြန် ဆောင်ရွက်မည်
ဖြစ်ကြောင်းဖြင့် ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ အငြိမ်းစားဝန်ထမ်းများ၏
ပင်စင်လစာနှင့် ပတ်သက်၍ ခွင့်ပြုပေးနိုင်မည့် နှုန်းထားသတ်မှတ်ချက်အား သီးခြား ထုတ်ပြန်သွားမည်
ဖြစ်ပါကြောင်း၊ ဒေသစရိတ် ခံစားခွင့်နှင့် ပတ်သက်၍လည်း စိစစ်သုံးသပ်မှုများ ပြုလုပ်ပြီးပါက
သီးခြား ထုတ်ပြန် သွားမည် ဖြစ်ပါကြောင်း၊ တပ်မတော်(ကြည်း၊ ရေ၊ လေ) ဝန်ထမ်းများအတွက်
သတ်မှတ်ထားသော လစာနှင့် စရိတ်နှုန်းထား များနှင့် ခွင့်ပြုပေးနိုင်မည့် အငြိမ်းစားလစာနှင့်
ဆုကြေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ကာကွယ်ရေး ဝန်ကြီးဌာန၊ ကာကွယ်ရေးကောင်စီသို့
တင်ပြ၍အတည်ပြုချက် ရယူဆောင်ရွက်စေမည် ဖြစ်ပါ ကြောင်းဖြင့် ရှင်းလင်းတင်ပြရာ လွှတ်တော်က
မှတ်တမ်းတင်ခဲ့သည်။
ပြည်ထောင်စု အစိုးရအဖွဲ့မှ ပေးပို့သော
အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု ပထမငါးနှစ်စီမံကိန်း (၂၀၁၁ -၂၀၁၂ မှ ၂၀၁၅ -၂၀၁၆ခုနှစ်)နှင့်
စပ်လျဉ်း၍ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော်က ပြည်ထောင်စု လွှတ်တော်၏ အဆိုပြုချက်များနှင့်
အညီ အနှစ်(၂၀) နှစ်ရှည် အမျိုးသားဘက်စုံဖွံ့ဖြိုး တိုးတက်မှုစီမံကိန်း (၂၀၁၁-၂၀၁၂ မှ၂၀၃၀-၂၀၃၁ခုနှစ်)အထိ
ရေးဆွဲပြုစု ခဲ့ပါကြောင်း၊ ပဉ္စမကာလတို ငါးနှစ်စီမံကိန်းဟု ခေါ်ဆိုမှုကို ပထမငါးနှစ်စီမံကိန်း(၂၀၁၁-၂၀၁၂
မှ ၂၀၁၅-၂၀၁၆ ခုနှစ်)အထိကို အမည်ပြောင်းလဲခေါ်ဆို ပြင်ဆင်ခဲ့ပြီး “ပြည်သူဗဟိုပြု ဖွံ့ဖြိုးမှု”
ခေါင်းစဉ်ဖြင့် ရေးဆွဲထားပါကြောင်း၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲမှုလျှော့ချရေး
စီမံကိန်းအုပ်ချုပ်ရေး ယန္တရားပြုပြင်ဖွဲ့စည်းရေး၊ လာဘ်ပေး လာဘ်ယူမှုနှင့် အဂတိလိုက်စားမှု
ပပျောက်ရေးအတွက် ဆောင်ရွက်မှု၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းနှင့် နိုင်ငံတော်၏ စီးပွားရေး
အဖွဲ့အစည်းများ ပြန်လည်ပြုပြင် ဖွဲ့စည်းရေး အစီအစဉ်များကို အမျိုးသား ဖွံ့ဖြိုးတိုးတက်မှု
ပထမငါးနှစ် စီမံကိန်းတွင် ထည့်သွင်းဖော်ပြခဲ့ပါကြောင်း။
ထို့အပြင် နှစ်စဉ် စီမံကိန်းများတွင်လည်း ထည့်သွင်း
ရေးဆွဲတင်ပြခဲ့ပြီး နိုင်ငံပိုင်ရင်းနှီးမြှုပ်နှံ မှုဖြင့် ဆောင်ရွက်မည့် စီမံကိန်းလုပ်ငန်းများနှင့်
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် မြန်မာနိုင်ငံ သားရင်းနှီးမြှုပ်နှံမှု ဥပဒေအရ
ရင်းနှီးမြှုပ်နှံမှု တို့ကိုလည်း နှစ်စဉ်စီမံကိန်း ရည်မှန်းချက်တွင် နောက်ဆက်တွဲဖြင့်
ပြည့်စုံစွာ ဖော်ပြခဲ့ပါကြောင်း၊ ငွေကြေး ဖောင်းပွမှုနှုန်း အပါအဝင် အရေးကြီး သည့် စီးပွားရေး၊
လူမှုရေးညွှန်ကိန်း (၁၃)ခုကိုလည်း နိုင်ငံ တကာ စံနှုန်းများနှင့် နှိုင်းယှဉ်နိုင်ရန် ပထမငါးနှစ်
စီမံကိန်းတွင် ထည့်သွင်းဖော်ပြ ထားပါကြောင်းဖြင့် ရှင်းလင်းတင်ပြရာ လွှတ်တော်က မှတ်တမ်းတင်ခဲ့သည်။
No comments:
Post a Comment