Thursday, March 26, 2015

(၁၃)ကြိမ်မြောက် အာဆီယံပြန်ကြားရေးဆိုင်ရာအဆင့်မြင့်အရာရှိကြီးများအစည်းအဝေးကျင်းပ



ငွေဆောင် မတ် ၂၆

(၁၃)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်၍ အာဆီယံ ပညာရေး အထောက်အကူပြု သင်ကြားရေးစင်တာ ASEAN  Virtual Learning  Resources  Centre (AVLRC) ပဏာမဖွင့်ပွဲ အခမ်းအနားကို ဧရာဝတီ တိုင်းဒေသကြီး ငွေဆောင်ကမ်းခြေရှိ Ngwe  Saung  Yacht  Club  and  Resort ၌  ယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်သည်။

ဖွင့်ပွဲ အခမ်းအနားသို့ ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ အာဆီယံနိုင်ငံများမှ ပြန်ကြားရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ၊ ကိုယ်စားလှယ်ကြီးများနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်ကြီးများ တက်ရောက်ကြသည်။
AVLRC ဖွင့်ပွဲအခမ်းအနားတွင် အစည်းအဝေး သဘာပတိ မြန်မာ့အသံနှင့် ရုပ်မြင်သံကြားမှ ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေက အဖွင့်အမှာ စကားပြောကြားသည်။
ယင်းနောက် အာဆီယံနိုင်ငံများမှ တက်ရောက်လာကြသည့် ပြန်ကြားရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ ရှေ့မှောက်တွင် ပြန်ကြားရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရဲထွဋ်၊ အစည်းအဝေး သဘာပတိမြန်မာ့အသံနှင့် ရုပ်မြင်သံကြား ညွှန်ကြားရေးမှူးချုပ် ဦးတင့်ဆွေ၊ ဒုတိယ သဘာပတိ ဖိလစ်ပိုင်နိုင်ငံမှ Mr. Jess Anthony Q Yu ၊ လက်ရှိ ASEAN  ဥက္ကဋ္ဌတာဝန်ထမ်းဆောင်နေသည့် မလေးရှားနိုင်ငံမှ Ms. Joane Koo Yoke Ann တို့က Plasma Globeဖန်လုံးကိုနှိပ်ပြီး AVLRC website ကိုလွှင့်တင်ကြသည်။
AVLRC ''ASEAN Virtual Learning Resources Centre" Websiteသည် အာဆီယံနိုင်ငံများ၏ သမိုင်း၊ ယဉ်ကျေးမှု၊ ခရီးသွားဒေသများနှင့် ပတ်သက်သည့် ဗဟုသုတများကို ထည့်သွင်း ဖော်ပြထားပြီး ကျောင်းသူကျောင်းသားများ အနေဖြင့် အာဆီယံနှင့်ပတ်သက်သည့် အချက်အလက်၊ ခရီးသွား လေ့လာရေးနှင့် ပတ်သက်သောအချက်အလက်များကို ရယူနိုင်သည့်အပြင် အာဆီယံနိုင်ငံများတွင် တက်ရောက်နိုင်သည့် ပညာသင်ဆုများကိုလည်း လေ့လာသိရှိနိုင်သည့် ဗဟိုဌာနဖြစ်သည်။ ၎င်းအပြင် အာဆီယံ အသိုက်အဝန်းနှင့် ပတ်သက်သည့်သတင်းများ၊ အာဆီယံနိုင်ငံများမှ တက္ကသိုလ်ကျောင်းသူ ကျောင်းသားများအတွက် သုတေသနပြုနိုင်သည့် အချက်အလက်များ၊ ပညာရေးဆိုင်ရာ၊ အာဆီယံ ဒေသ တွင်းဆိုင်ရာ၊ ယဉ်ကျေးမှုဆိုင်ရာ များကို လေ့လာရယူနိုင်သော Website centre တစ်ခုဖြစ်သည်။

ဆက်လက်၍ ယနေ့နေ့လယ်ပိုင်းနှင့် ညနေပိုင်းတို့တွင် အစည်းအဝေးသို့ တက်ရောက်ခဲ့ကြသည့် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များသည် ငွေဆောင် ဒေသတစ်ဝိုက်နှင့် ပင်လယ်ရှုခင်း အလှများအား လေ့လာ ကြည့်ရှုခဲ့ကြသည်။ (၁၄)ကြိမ်မြောက် အာဆီယံ ပြန်ကြားရေးဆိုင်ရာ အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးကို ၂၀၁၆ ခုနှစ်တွင် ဖိလစ်ပိုင်နိုင်ငံ၌ ကျင်းပသွားမှာ ဖြစ်ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment