နေပြည်တော် မတ် ၂၄
ကိုရီးယားနိုင်ငံနှင့် မြန်မာနိုင်ငံ တို့အကြား (၂) ဘက် လယ်ယာကဏ္ဍ ဆိုင်ရာ နည်းပညာ လုပ်ငန်းများ၊ သုတေသန ဆိုင်ရာ လုပ်ငန်းများ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ လက်မှတ် ရေးထိုးခြင်း အခမ်းအနားကို ယနေ့ နံနက် (၉)နာရီ အချိန်တွင် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်ကျင်းပရာ ပြည်ထောင်စု ဝန်ကြီး ဦးမြင့်လှိုင် တက်ရောက်အဖွင့်အမှာ စကားပြောကြားပြီး ကိုရီးယားဘက်မှ Director General Dr. Rho Suhyon က လက်မှတ်ရေးထိုး ရခြင်းနှင့် ကဏ္ဍနယ်ပယ်အသီးသီးဆိုင်ရာ ကိစ္စရပ်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ စိုက်ပျိုးရေးသုတေသနဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာရဲတင့်ထွန်း နှင့် ကိုရီးယား ဘက်မှ Dr. Rho Suhyon တို့က
စိုက်ပျိုးရေးသိပ္ပံပညာရပ်နှင့် နည်းပညာပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာကို လည်းကောင်း၊ စိုက်ပျိုးရေးစီမံကိန်းဦးစီးဌာန ညွှန်ကြားရေး မှူးချုပ် ဒေါက်တာတင်ထွဋ် နှင့် ကိုရီးယားမှ Dr. Rho Suhyon တို့က ကိုရီးယား သမ္မတနိုင်ငံ အာရှ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးပူးပေါင်း ဆောင်ရွက်မှုအဖွဲ့ (Asian Food and Agriculture
Cooperation Initiative-AFACI) နှင့် လယ်ယာ စိုက်ပျိုးရေး နှင့်ဆည်မြောင်း ဝန်ကြီးဌာနတို့အကြား သဘောတူညီချက် ( LETTER OF AGREEMENT - LOA)ကိုလည်းကောင်း လက်မှတ် ရေးထိုး ကြပြီး အပြန်အလှန် လဲလှယ်သည်။
ထို့နောက် ကိုရီးယားနိုင်ငံ လယ်ယာကဏ္ဍရင်းနှီးမြှုပ်နှံမှုကုမ္ပဏီမှ Changjo Prinpack Co.,Ltd President
Mr. Lim. Chang Sup နှင့် လယ်ယာကဏ္ဍဆိုင်ရာအထူးပြုကုမ္ပဏီ မြန်မာနယူးဧရာကုမ္ပဏီ မန်းနေးဂျင်း ဒါရိုက်တာ ဦးမြင့်ကျော်တို့က လယ်ယာကဏ္ဍရင်းနှီးမြှုပ်နှံမှုပူးပေါင်း ဆောင်ရွက်သွားရန်နှင့် မြန်မာ့လယ်ယာထွက်ကုန် များကို ကိုရီးယားဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ရေးဆိုင်ရာ (၂)ဘက်သဘောတူညီမှုစာချုပ်ကို လက်မှတ် ရေးထိုးပြီး အပြန်အလှန်လဲလှယ်သည်။
နေ့လည်ပိုင်းတွင် ပြည်ထောင်စုဝန်ကြီးသည် ဂျပန်နိုင်ငံ မစ်ဆူအီကုမ္ပဏီ မှ ဌာနေတာဝန်ခံ ညွှန်ကြားရေးမှူး Mr. Y. Murota နှင့် မြန်မာ-ဂျပန်ချစ်ကြည်ရေးအသင်း ဥက္ကဌ(သံအမတ်ကြီးအငြိမ်းစား) ဦးစောလှမင်း ပါဝင်သော ဂျပန်အဖွဲ့အား
ပြည်ထောင်စုဝန်ကြီးရုံး အစည်းအဝေးခန်းမတွင် တွေ့ဆုံပြီး ဂျပန်-မြန်မာအကြား လယ်ယာကဏ္ဍ ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေး၊ မြန်မာ့လယ်ယာထွက်ကုန်များကို ဂျပန်နိုင်ငံသို့ တင်ပို့ရောင်း ချနိုင်ရေးဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးကြသည်။
No comments:
Post a Comment