Saturday, March 14, 2015

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း နေပြည်တော် ခုတင်(၁၀၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံ


နေပြည်တော် မတ် ၁၃
ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် နေပြည်တော် ခုတင်(၁၀၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် ယနေ့နံနက် ၉ နာရီတွင် အဆိုပါဆေးရုံကြီးရှိ ခွဲစိတ်ခန်းနှင့်အထူးကြပ်မတ်ကုသဌာန အစည်းအဝေး ခန်းမ၌ ရင်းရင်းနှီးနှီးတွေ့ဆုံသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေး၊ ကျန်းမာရေးဦးစီးဌာနမှ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ၊ နေပြည်တော် ခုတင်(၁၀၀၀)ဆံ့ အထွေထွေရောဂါကုဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးနှင့် ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
တွေ့ဆုံပွဲတွင် ဒုတိယဝန်ကြီး ဒေါက်တာဒေါ်သိန်းသိန်းဌေးက နှုတ်ခွန်းဆက်စကား ပြောကြားသည်။
ယင်းနောက် ကျွမ်းကျင်သူ ဒေါက်တာဖြူဖြူ က ဆေးရုံ၏သမိုင်းအကျဉ်း၊ နိုင်ငံတော်၏ ထောက်ပံ့ပေးမှု၊ ဝန်ကြီးဌာန၏ လမ်းညွှန်မှုတို့ဖြင့် ရောဂါကုသရေးဌာနအလိုက် တပ်ဆင် ထားသည့် ဆေးရုံသုံးစက်ပစ္စည်းကိရိယာများအခြေအနေနှင့် ရောဂါကုသမှုပိုင်းဆိုင်ရာများ ကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ ဆေးရုံအုပ်ကြီး ဒေါက်တာသန်းသန်းမြင့်က ဌာနမှ ခွင့်ပြုချထားရန်ပုံငွေ ဖြင့် ခွဲစိတ်ဆောင်သစ်၊ လူနာစောင့်နားနေဆောင်၊ မြေအောက်ရေလှောင်ကန်၊ နှလုံးကု သဆောင်၊ ခြံစည်းရိုး၊ ဝန်ထမ်းအိမ်ရာနှင့် မြေထိန်းနံရံတည်ဆောက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် အခြေအနေများကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်က နေပြည်တော်၌ သားဖွားမီးယပ်အထူးကုဆေးရုံ၊ အရိုးအကြောရောဂါအထူးကုဆေးရုံ၊ ကလေးအထူးကု ဆေးရုံနှင့် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းအထူးကုဆေးရုံများ တည်ဆောက်ပြီးစီးမှု၊ ဆေးရုံများဖွဲ့စည်းမှုနှင့် ဆက်လက်ဆောင်ရွက်မည့် အခြေအနေများကိုလည်းကောင်း၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာမြင့်ဟန်က မကြာမီဖွင့်လှစ်မည့် အထူးကုဆေးရုံ (၄)ရုံ အတွက် လိုအပ်သည့်ဆေးဝါးနှင့် ဆေးရုံသုံးပစ္စည်းကိရိယာများ ဖြည့်ဆည်းဆောင်ရွက် ပေးရေးဆိုင်ရာ ကိစ္စရပ်များကိုလည်းကောင်း ရှင်းလင်းတင်ပြကြသည်။
ယင်းနောက် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း က အမှာစကားပြောကြားရာ တွင် နေပြည်တော် ခုတင် (၁၀၀၀)ဆံ့ဆေးရုံကြီး၌ တာဝန်ထမ်းဆောင်လျက်ရှိသည့် ဆရာ ဆရာမများ၊ ဝန်ထမ်းများနှင့် တွေ့ဆုံပြီး တွေ့ကြုံနေသည့် အခက်အခဲနှင့် လိုအပ်ချက်များကို တတ်နိုင်သမျှ ဆောင်ရွက်ပေးရန် ယခုလိုလာရောက်တွေ့ဆုံ ခြင်းဖြစ်ပါကြောင်း၊ ထို့ကြောင့် အခက်အခဲများကို ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးကြစေလိုကြောင်း။
ထို့ပြင် မိမိတို့နိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရန် အခြေခံအဆောက်အအုံများလိုအပ်သကဲ့သို့ ကျွမ်းကျင်ဝန်ထမ်းများလည်း လိုအပ်လျက်ရှိပါ ကြောင်း၊ နိုင်ငံတော်အစိုးရအနေဖြင့်လည်း ထိုလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက် နိုင်ရန် ကျန်းမာရေးဆိုင်ရာ ဘဏ္ဍာရန်ပုံငွေကို တစ်နှစ်ထက်တစ်နှစ် တိုးမြှင့်ခွင့်ပြု ချထား ပေးလျက်ရှိသည့်အပြင် ကျွမ်းကျင်ဝန်ထမ်းလိုအပ်ချက်ကို ဖြေရှင်းနိုင်ရန်လည်း နည်းလမ်း အမျိုးမျိုးဖြင့် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း။
မြန်မာနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ရေရှည်ဖွံ့ဖြိုးတိုးတက်ရန် နိုင်ငံတကာ ကျန်းမာရေးစောင့်ရှောက်မှုနှင့် နှိုင်းယှဉ်လေ့လာ၍ ကြိုးပမ်းဆောင်ရွက်ကြ ရန်လိုအပ်ပါကြောင်း၊ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးသည် တစ်ဦးကောင်း တစ်ယောက်ကောင်းဖြင့် ဆောင်ရွက်၍မရသောကြောင့် သက်ဆိုင်သူ၊ ဆရာဝန်၊ သူနာပြု၊ ကျွမ်းကျင်သူများဖြင့် တက်ညီလက်ညီဖြင့် စည်းစည်းလုံးလုံးဆောင် ရွက်ရန် လိုအပ်ပါကြောင်း၊ ထို့အတူ အခြေခံအဆောက်အအုံများ ဆောက်လုပ်ရာတွင်လည်း စီမံချက်များ သတ်မှတ်ထားသည့် အခန်းဖွဲ့စည်းပုံအတိုင်း စနစ်တကျဆောက်လုပ်ရန် လိုအပ်ပါကြောင်း၊ ထို့ပြင် အဆောက်အအုံအသစ်ဆောက်လုပ်ပြီးစီးပါက ဆေးရုံအတွင်း နှင့် ဆေးရုံဝန်းကျင် သန့်ရှင်းသာယာလှပရေး လုပ်ငန်းများကိုလည်း အထူးဂရုပြု ဆောင်ရွက် ကြရန် လိုအပ်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။
ယင်းနောက် ဒုတိယသမ္မတသည် အရိုးကုသဆောင် (၁)၊ အရိုးကုသဆောင် (၂)၊ သားဖွားဆောင်၊ ကလေးကုသဆောင်၊ မီးယပ်ဆောင်၊ ဆေးကုသဆောင် (၁)၊ ခွဲစိတ်လူနာ ဆောင်နှင့် လူနာစောင့်များ နားနေဆောင်များသို့ သွားရောက်ပြီး ဆေးဝါးကုသမှုခံယူ နေသည့် ဝေဒနာရှင်များအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကားပြောကြားရာ ညွှန်ကြားရေး မှူးချုပ်နှင့် တာဝန်ရှိသူများက ဆေးဝါးနှင့် ဆေးရုံသုံးပစ္စည်းများတပ်ဆင်ထားရှိမှု၊ ဆေးဝါး ကုသပေးနေမှု အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။
တွေ့ဆုံပွဲအပြီးတွင် ဒုတိယသမ္မတသည် ခွဲစိတ်ခန်းနှင့် အထူးကြပ်မတ်ကုသဌာန အတွင်းရှိ ခွဲစိတ်ခန်းများ၊ ခွဲစိတ်ပြီးလူနာများ ခေတ္တနားနေခန်း၊ အထူးကြပ်မတ်ခန်း၊ ခွဲစိတ်ခန်းသုံးပစ္စည်းများပေါင်းခန်းနှင့် သိုလှောင်ခန်းတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများအား လိုအပ်သည်များကိုမှာကြားခဲ့သည်။

ထို့နောက် ဒုတိယသမ္မတ က ဆေးရုံအတွင်းနှင့် ဆေးရုံဝန်းကျင်သန့်ရှင်းသာယာ လှပရေးဆောင်ရွက်ကြရန်နှင့် ဆေးရုံ၏ ရေပေးဝေမှုနှင့် လျှပ်စစ်မီးသွယ်တန်းမှုများကို စနစ်တကျပြုပြင်ဆောင်ရွက်ကြရန် တာဝန်ရှိသူများအား မှာကြားခဲ့သည်။ 

No comments:

Post a Comment