နေပြည်တော် မတ် ၁၄
တောင်ကုတ်မှ စစ်တွေသို့ ပြေးဆွဲသော ခရီးသည်တင် ရေယာဉ် အောင်တံခွန် (၃)သည် မတ်လ
(၁၂) ရက်နေ့ ည (၉) နာရီအချိန်တွင် တောင်ကုတ်မြို့မှ ထွက်ခွာလာပြီး မတ်လ (၁၃) ရက်နေ့
နေ့လည် (၁၂)နာရီ (၃၀)မိနစ် အချိန်တွင် ကျောက်ဖြူဆိပ်ကမ်းသို့ ရောက်ရှိခဲ့သည်။ ခရီးသည်များ
တင်ဆောင်ပြီး မတ်လ (၁၃)ရက်နေ့ ညနေ (၄)နာရီ (၅) မိနစ်အချိန်တွင် ကျောက်ဖြူမှ စစ်တွေသို့
ပြန်လည်ထွက်ခွာလာရာ ၎င်းနေ့ ည (၈)နာရီ (၃၀)မိနစ် အချိန်တွင် မြေပုံမြို့နယ် ငပယုန်ကျွန်းနှင့်
မြောက်ကျွိန်ကျွန်းအနီး အရောက်တွင် ရုတ်တရက် လှိုင်းပုတ်ပြီး တိမ်းစောင်း နစ်မြုပ်သွားခဲ့သည်။
အဆိုပါ ရေယာဉ်အပေါ်တွင် ဦးလှမောင်သိန်း (ဦးစီး)၊ ရေယာဉ်ဝန်ထမ်း (၁၀)ဦးနှင့်
ခရီးသည် (၂၁၄)ဦးခန့် ပါဝင်ကြောင်း သိရှိရသည်။ ရေယာဉ်တိမ်းစောင်းမှုကို သိသိချင်း မြောက်ကျွိန်ကျွန်းရွာမှ
ဒေသခံ ရွာသူ၊ ရွာသားများနှင့် ကျောက်ဖြူခရိုင်ရဲတပ်ဖွဲ့မှူး၊ မြေပုံမြို့နယ် ရဲတပ်ဖွဲ့မှူး
(ဦးစီး) အင်အားများ၊ ကျောက်ဖြူနှင့် မြေပုံမြို့နယ် အုပ်ချုပ်ရေးမှူး (ဦးစီး)၊ ကယ်ဆယ်ရေးအဖွဲ့ဝင်များနှင့်
မီးသတ်တပ်ဖွဲ့၊ ကြက်ခြေနီတပ်ဖွဲ့များက သွားရောက်ကယ်ဆယ်ခဲ့သည်။
အလားတူ ကျွန်းသာရေတပ်စခန်းမှ ရေယာဉ်တစ်စီးကလည်း ကယ်ဆယ်ရေး လုပ်ငန်းများကို သွားရောက်
ဆောင်ရွက်ပေးခဲ့သည်။
၎င်းဖြစ်စဉ်တွင် လက်ရှိအချိန်အထိ ခရီးသည် (၁၆၇)ဦးကို ကယ်ဆယ်နိုင်ခဲ့ပြီး ကျား(၂)ဦး၊
မ (၁၉)ဦး အပါအဝင် (၂၁)ဦး၏ ရုပ်အလောင်းများကို ဆယ်ယူရရှိခဲ့သည်။
ကျား(၁၇)ဦး၊ မ(၃၀)ဦး စုစုပေါင်း (၄၇)ဦးမှာ ပျောက်ဆုံးနေဆဲဖြစ်ပြီး သက်ဆိုင်ရာ
တာဝန်ရှိသူများက ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ရှာဖွေရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း
သတင်းရရှိသည်။
No comments:
Post a Comment