ပဲခူး မတ် ၈
ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဉာဏ်ဝင်းသည် မတ်လ(၈) ရက်နေ့ နံနက်က ပဲခူးမြို့၊
မြို့တော်ခန်းမတွင် ကျင်းပပြုလုပ်သော ၂ဝ၁၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့
အခမ်းအနားသို့ တက်ရောက် အမှာစကားပြောကြားရာတွင်
အမျိုးသမီးများအနေနှင့် အမျိုးသား၊
အမျိုးသမီး တန်းတူညီတူ ရှိရေးသည်လည်း အလွန်အရေးကြီးပြီး အခြေခံကျသော ကိစ္စတစ်ခု ဖြစ်သည့်အတွက်
အမျိုးသမီးများ နိုင်ငံရေးနယ်ပယ်တွင် တန်းတူညီမျှ ပါဝင်နိုင်ရေးအပြင် စီးပွားရေး၊ လူမှုရေး၊
ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ နယ်ပယ်များတွင် တန်းတူညီမျှ ပါဝင်ခွင့်ရရှိရေးကို ကြိုးပန်းဆောင်ရွက်သွားကြရမည်
ဖြစ်ပါကြောင်း၊ ခေတ်အဆက်ဆက် စွမ်းရည် ထက်မြက်သော မြန်မာအမျိုးသမီးများ၏ စွမ်းဆောင်မှုများကို
အတုယူပြီး မျိုးဆက်သစ် မြန်မာအမျိုးသမီးများ၏ ဘဝလုံခြုံမှုနှင့် စွမ်းရည်မြင့်မားရေးကို
ဦးတည်ကြိုးပမ်းအားထုတ်ကြရန် တိုက်တွန်းမှာကြားလိုကြောင်း၊ နိုင်ငံနှင့်အဝန်း လှုပ်ရှားရုန်းကန်နေကြသော
အမျိုးသမီးများ၏ ဘဝ အခြေအနေမှန်ကို သိရှိနိုင်ရန် ကျား/မ အခြေအနေ လေ့လာစမ်းစစ်မှုများကိုလည်း
ပြုလုပ်နိုင်ခဲ့ပြီဖြစ်ပါကြောင်း၊ အမျိုးသမီးများအား
အကြမ်းဖက်မှုမှ တားဆီးကာကွယ်ရေးဆိုင်ရာ ဥပဒေ(မူကြမ်း)ကိုလည်း ရေးဆွဲပြဋ္ဌာန်းနိုင်အောင်
ကြိုးပမ်း စွမ်းဆောင်နေပြီ ဖြစ်ပါကြောင်း စသည်ဖြင့်ပြောကြားခဲ့သည်။
ထို့နောက် ပဲခူးတိုင်းဒေသကြီး အမျိုးသမီးရေးရာကော်မတီ ဥက္ကဋ္ဌ၊ ပဲခူးတိုင်းဒေသကြီး
အစိုးရအဖွဲ့ လူမှုရေးဝန်ကြီး ဒေါက်တာကျော်ဦးမှ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ
ဆောင်ရွက်နေမှုအား ရှင်းလင်းတင်ပြပြီး ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ထံမှ ပေးပို့သည့်
သဝဏ်လွှာကို ပဲခူးတိုင်း ဒေသကြီး အမျိုးသမီးရေးရာကော်မတီ အတွင်းရေးမှူး ပဲခူးတိုင်းဒေသကြီး
လူမှုဝန်ထမ်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးစောဝင်းက ဖတ်ကြားခဲ့သည်။
ယင်းနောက် ဝန်ကြီးချုပ်နှင့် တက်ရောက်လာသော ဧည့်သည်တော်များမှ ၂ဝ၁၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာ
အမျိုးသမီးများနေ့ ပြခန်းအား ကြည့်ရှုအားပေးပြီး အခမ်းအနားအား ရုတ်သိမ်းခဲ့ကြောင်း သိရသည်။



No comments:
Post a Comment