Sunday, March 8, 2015

ချင်းပြည်နယ် ရဲတပ်ဖွဲ့မှ ဟားခါးမြို့ရှိ မိဘမဲ့ကလေးများအတွက် ဆန်၊ ဆီနှင့် အလှူငွေများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနားကျင်းပ





ဟားခါး   မတ် ၇ 
ချင်းပြည်နယ် ရဲတပ်ဖွဲ့မှ ဟားခါးမြို့ မိဘမဲ့ ဂေဟာကျောင်းများနှင့် ဘိုးဘွားရိပ်သာသို့ ဆန်၊ ဆီနှင့် အလှူငွေများ ပေးအပ် လှူဒါန်းခြင်း အခမ်းအနားကို မတ်လ ၇ ရက်၊ နံနက် ၉ နာရီက ဟားခါးမြို့ နှစ်ခြင်းခရစ်ယာန်အသင်းတော်(   HBC)၊ ခူးလာ မိဘမဲ့ဂေဟာကျောင်း၌ ကျင်းပသည်။

ရှေးဦးစွာ ချင်းပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးမြင့်လွင်က မိဘမဲ့ကလေးများအား ဆန်၊ ဆီနှင့် အလှူငွေများ လှူဒါန်းရခြင်းကို ရှင်းလင်း ပြောကြားပြီး ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် ဇနီးတို့က ခူးလာ မိဘမဲ့ဂေဟာကျောင်း အတွက် ဆန်အိတ် (၅)အိတ်၊ ဆီ(၁)ပုံးနှင့် ဂေဟာကျောင်း ပြန်လည် ပြုပြင်ရေးအတွက် အလှူငွေကျပ် နှစ်သိန်းငါးသောင်းကို ပေးအပ်လှူဒါန်းရာ သိက္ခာတော်ရဆရာတော် ဒေါက်တာစတီဗင် လျန်ဟုပ်လိန်းက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားကာ ဆုတောင်းမေတ္တာ ပို့သခဲ့သည်။
ဆက်လက်၍ ပြည်နယ်ရဲတပ်ဖွဲ့မှူးနှင့် အဖွဲ့သည် နံနက် ၉ နာရီခွဲတွင် မြို့သစ်ရပ်ကွက်၊ ဗေသလ နှစ်ခြင်းအသင်းတော်၊ ဘိုးဘွားရိပ်သာ၌ ဘိုးဘွားများအား ဆန်၊ ဆီ၊ အ၀တ်အထည်နှင့် စောင်များကို လည်းကောင်း၊ ကျောဘုတ်ရပ်ကွက် ဇိအုန်း လူငယ်ဖွံ့ဖြိုးရေး ပရဟိတ ဂေဟာကျောင်း၌ ဆန်၊ ဆီများကိုလည်းကောင်း သွားရောက်လှူဒါန်းခဲ့ရာ တာဝန်ရှိသူများက လက်ခံ ရယူကာ ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ပြည်နယ် ရဲတပ်ဖွဲ့ဝင်များသည် မိဘမဲ့ ဂေဟာကျောင်းများနှင့် ဘိုးဘွားရိပ်သာ ပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေးအတွက် တံမြက်စည်း လှည်းခြင်း၊ ချုံနွယ်များ ရှင်းလင်းပေးကာ သန့်ရှင်းရေး ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

No comments:

Post a Comment