Saturday, March 14, 2015

နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆု ရွေးချယ်ရေး ကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ


ရန်ကုန်-မတ် ၁၄
နိုင်ငံတော်သမ္မတ၏ ပညာတော် သင်ဆု ရွေးချယ်ရေး ကော်မတီ၏ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် (၁၀)နာရီတွင် ရန်ကုန်မြို့  ပြည်လမ်းရှိ တက္ကသိုလ်စိန်ရတု ခန်းမ၌ ကျင်းပရာ နိုင်ငံတော်သမ္မတ၏ ပညာတော်သင် ဆု ရွေး ချယ်ရေး ကော်မတီ
ဥက္ကဋ္ဌ ဦးသိန်းထွန်း(ထွန်းဖောင်ဒေးရှင်းဘဏ်ဥက္ကဋ္ဌ)၊ အဖွဲ့ဝင်များ ဖြစ်သော သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းနှင့် ဦးတင်နိုင်သိန်း၊ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒေါက်တာ ဒေါ်ခင်စန်းရီ၊ နိုင်ငံတော်သမ္မတ အကြံပေး ပညာရှင် ဒေါက် တာ အောင်ထွန်းသက်၊  မြန်မာနိုင်ငံ ဝိဇ္ဇာသိပ္ပံပညာ ရှင်များအဖွဲ့ အဖွဲ့ဝင် ဒေါက်တာဒေါ်ရီရီမြင့်၊ ကမ္ဘောဇဘဏ် လီမိတက်မှ ဦးမိုးဆန်းအောင်နှင့် နိုင်ငံတော်သမ္မတ၏ ပညာတော်သင်ဆု ရွေးချယ်ရေးကော်မတီအဖွဲ့ဝင်များ တက်ရောက် ကြသည်။
အစည်းအဝေးတွင် ပညာသင်ဆု ရွေးချယ်ရေးမူများ၊ ပညာသင်ဆုများအတွက် ကာလတို ကာလရှည် အစီအမံများ၊ အင်္ဂလိပ်စာ အဆင့်မီသူများကို ပဏာမလူတွေ့စစ်ဆေး ခြင်းနှင့် ဘာသာရပ်ထူးချွန်သူများကို ပညာသင်ဆုပေးရန် ဆက်လက်ရွေးချယ်နိုင်ရေး ကိစ္စများကို အသေးစိတ် ဆွေးနွေးကြသည်။
အင်္ဂလိပ်စာအရည်အချင်း ကနဦးစစ်ဆေးခြင်းကို ဗြိတိသျှကောင်စီနှင့် ပူးပေါင်း၍ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပခဲ့ပြီး ဖြေဆိုသူ ၂၇၇၃ ဦးအနက် အင်္ဂလိပ်စာအဆင့်မီသူ ၈၇၃ ဦးကို ပဏာမလူတွေ့စစ်ဆေးရန် ကြေညာထားကာ လူတွေ့စစ်ဆေးခြင်းကို ဧပြီလအတွင်းအပြီး ဆောင်ရွက်သွားမည်ဖြစ်သည်။
လူတွေ့စစ်ဆေးခြင်း အောင်မြင်သူများကို ပညာသင်ဆု ရွေးချယ်ရေး ကော်မတီက စကာတင်ရွေးချယ်၍ ဘာသာအရပ် အလိုက် ထူးချွန်သူများကို နိုင်ငံတကာ တက္ကသိုလ်များ သို့လျှောက်ထားနိုင်ရေး ကြေညာသွား မည်ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment