ရန်ကုန်
မတ် (၂၁)
(၂၈)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်
ပါဝင်ယှဉ်ပြိုင် အောင်နိုင်ရေး အတွက် မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့်
တွေ့ဆုံပွဲ အခမ်းအနားကို ယနေ့နံနက် (၉)နာရီခွဲတွင် ရန်ကုန်မြို့ရှိ အမျိုးသားအား ကစားပြိုင်ပွဲရုံ-၁
(သုဝဏ္ဏ)၊ အစည်းအဝေး ခန်းမ၌ ကျင်းပရာ ပြည်ထောင်စုသမ္မတ
မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း တက်ရောက်သည်။
တွေ့ဆုံပွဲသို့ ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၊ ရန်ကုန်တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဒုတိယဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဇံမြင့်နှင့် ဦးသောင်းထိုက်၊
တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ အားကစား ဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊
မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းက အဖွင့်အမှာစကား
ပြောကြားသည်။ ထို့နောက် အားကစား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်းက (၂၈)ကြိမ်မြောက်
အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲတွင် ပါဝင် ယှဉ်ပြိုင်နိုင်ရေး အတွက် မြန်မာအားကစား
အဖွဲ့များ ကြိုတင်လေ့ကျင့် ပြင်ဆင် ဆောင်ရွက်ထားရှိမှု၊ အောင်နိုင်ရေး အတွက် အားကစား
နည်း(၂၂) နည်းမှ အားကစား အဖွဲ့ဝင် (၄၁၈)ဦးသည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ကိုရီးယား
နိုင်ငံတို့သို့ နှစ်ဘက်အစိုးရ အစီအစဉ်အရ ပူးပေါင်း လေ့ကျင့်ရေး စီစဉ်ထားရှိမှု မျှော်မှန်းထားသည့်
အတိုင်း ဆုတံဆိပ်များ ရရှိရေးအတွက် နေပြည်တော်နှင့် ရန်ကုန်မြို့များတွင် အားကစားသမားများ
စခန်းသွင်း ကြိုတင်လေ့ကျင့် ပြင်ဆင်ထားရှိမှုနှင့်
ပြိုင်ပွဲ အတွေ့အကြုံ ရရှိရန် စီစဉ်ထားရှိမှု၊ စခန်းသွင်း လေ့ကျင့်စဉ် အတွင်း
ထောက်ပံ့ရေး၊ သယ်ယူ ပို့ဆောင်ရေး၊ ကျန်းမာရေး၊ စားသောက် နေထိုင်ရေး ဆောင်ရွက်ထားရှိမှု
အခြေအနေတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီး ဦးသောင်းထိုက်က မြန်မာအားကစား
အဖွဲ့များ အောင်နိုင်ရေး အတွက် ဆောင်ရွက် ထားရှိမှုများကို ရှင်းလင်း တင်ပြသည်။
ထို့နောက် (၂၈)ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင်
ဝင်ရောက် ယှဉ်ပြိုင်ကြမည့် မြန်မာနိုင်ငံ အားကစား အဖွဲ့ချုပ် ဥက္ကဋ္ဌများက အားကစားအဖွဲ့ချုပ်
အလိုက် ကြိုတင် လေ့ကျင့်ပြင်ဆင် ဆောင်ရွက်ထား ရှိမှုများနှင့် စပ်လျဉ်း၍ ကဏ္ဍအလိုက် ရှင်းလင်း
တင်ပြကြသည်။
ယင်းနောက် အစည်းအဝေး တက်ရောက် လာကြသူများက အထွေထွေ
ဆွေးနွေး တင်ပြကြသည်။
ဆွေးနွေးတင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက
လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး နိဂုံးချုပ်အမှာစကား
ပြောကြားရာတွင် မကြာမီ ၂၈ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစား ပြိုင်ပွဲကြီးကို စင်ကာပူနိုင်ငံတွင်
ကျင်းပတော့မည်ဖြစ်ရာ ဝင်ရောက် ယှဉ်ပြိုင်မည့် အားကစားနည်း အလိုက် ထိုက်တန်သည့် ဆုတံဆိပ်များ
ရရှိရန် ဦးတည်ချက်ထား ကြိုးပမ်း သွားရမည် ဖြစ်ကြောင်း၊ အောင်မြင်ရေး အတွက် စိန်ခေါ်မှုများစွာ
ရင်ဆိုင်ရမည် ဖြစ်သော်လည်း ယင်းစိန်ခေါ်မှုများကို နိုင်ငံတော်၏ ဂုဏ်သိက္ခာ မြင့်မားရေးအတွက်
ဖန်တီးပေးနိုင်သော အခွင့်လမ်းကောင်း အဖြစ် ပြောင်းလဲပစ်နိုင်ရန် အားလုံး ဦးထမ်းပဲ့ထမ်း
တစ်စိတ် တစ်ဝမ်းတည်း ကြိုးပမ်း သွားရမည် ဖြစ်ကြောင်း၊ အစိုးရနှင့် အားကစား အဖွဲ့ချုပ်များ၊
အားကစား အဖွဲ့အစည်းများ အကြား တာဝန်ရှိသူများ မကြာခဏ ထိတွေ့မှု၊ အပြန်အလှန် လေးစားမှု၊
ပူးပေါင်း ဆောင်ရွက်မှု၊ အားကစား ဖွံ့ဖြိုး တိုးတက်ရေး အတွက် သက်ဆိုင်သူ တစ်ဦးချင်း၏
အခန်းကဏ္ဍနှင့် တာဝန်ဝတ္တရားများ ရှင်းလင်းစွာ ချမှတ်ထားမှု၊ ဘဏ္ဍာရေး နည်းစနစ်ပိုင်းအရ တာဝန်ယူမှု၊
တာဝန်ခံမှု၊ နှစ်ဦးနှစ်ဖတ် လိုအပ်ချက်များကို လေးစား ဖြည့်ဆည်း ပေးမှု စသည့် အင်္ဂါရပ်များဖြင့်
ပြည့်စုံသည့် ရှင်သန်ခိုင်မာသော ဆက်ဆံရေး ထူထောင် ထားရှိသွားရန်လို အပ်ကြောင်း၊ လာမည့်ပြိုင်ပွဲတွင်
“အောင်မြင်ရမည်” ဟူသည့်စိတ်ဓါတ်ဖြင့် ကြိုတင် ပြင်ဆင်မှုများကို အရှိန်အဟုန်မပျက် ဆက်လက်
လုပ်ဆောင်သွားရန် ဖြစ်ပါကြောင်း၊ နိုင်ငံတော် အစိုးရအနေဖြင့် ပံ့ပိုးဖြည့်ဆည်းပေးရမည့်
ကိစ္စများကို နှောင့်နှေး ကြန့်ကြာခြင်း မရှိဘဲ ဖြည့်ဆည်း ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

No comments:
Post a Comment