Saturday, March 21, 2015

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်း သီလဝါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင် အထည်ဖော် ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး



ရန်ကုန် မတ် ၂၁
ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ယနေ့မွန်းလွဲ (၁၂)နာရီခွဲတွင် ရန်ကုန် တောင်ပိုင်း ခရိုင်ရှိ သီလဝါ အထူးစီးပွားရေးဇုန် အပိုင်း (က) ဖွံ့ဖြိုးရေး လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်နေမှုကို လှည့်လည် ကြည့်ရှု စစ်ဆေးသည်။


ရှေးဦးစွာ ဒုတိယသမ္မတ ဦးဉာဏ်ထွန်းသည် ရန်ကုန် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြင့်ဆွေ၊ ဒုတိယဝန်ကြီးများ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ လိုက်ပါလျှက် သီလဝါအထူး စီးပွားရေးဇုန် အပိုင်း(က)၌ ဂျပန်နိုင်ငံ၏ ရင်းနှီး မြှုပ်နှံမှုဖြင့် တည်ဆောက်လျှက် ရှိသော KOYORAD MYANMAR FACTORY PROJECT သို့ ရောက်ရှိပြီး တည်ဆောက်ရေး လုပ်ငန်းခွင် အတွင်းရှိ မြန်မာ အလုပ်သမား ၂၀၀ ကျော်တို့ကို ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေးစကား ပြောကြားသည်။
ထို့နောက် တာဝန်ရှိသူများက လုပ်ငန်း တည်ဆောက် ပြီးစီးမှုနှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြရာ ဒုတိယသမ္မတက လိုအပ်သည်များကို ဆွေးနွေး မှာကြားသည်။
ယင်းနောက် ဒုတိယ သမ္မတသည် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် တည်ဆောက်လျှက် ရှိသည့် GOLDEN TOKYU Construction သို့ရောက်ရှိပြီး လုပ်ငန်းပြီးစီးမှု အခြေအနေများကို ကြည့်ရှု စစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်း ဆိုင်ရာများကို ရှင်းလင်း တင်ပြသည်။ အဆိုပါ Construction မှာ ယခုနှစ် နိုဝင်ဘာလတွင် ပြီးစီးမည် ဖြစ်ပြီး ဒီဇင်ဘာလတွင် လုပ်ငန်း လည်ပတ်မည် ဖြစ်ကြောင်း သိရသည်။
ထို့နောက် ဒုတိယသမ္မတနှင့် အဖွဲ့ဝင်များအား စီမံကိန်း ရှင်းလင်းဆောင်၌ သီလဝါ အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီ ဥက္ကဋ္ဌ ဦးဆက်အောင်က အထူးစီးပွားရေးဇုန် အပိုင်း(က) ဧရိယာ (၃၉၆) ဟက်တာ အတွင်း အဆင့်(၁) အတွက် (၂၁၁)ဟက်တာ အဆင့်(၂) အတွက် (၁၅၀) ဟက်တာနှင့် Residential & Commercial အတွက် (၃၅) ဟက်တာတို့ဖြင့် အပိုင်းလိုက် စီစဉ် ဆောင်ရွက်ထားရှိမှု၊ လက်ရှိ ကာလတွင် အဆင့်(၁) စီမံကိန်း လုပ်ငန်းများ (၇၈) ရာခိုင်နှုန်းပြီး စီးနေမှုနှင့် လက်ရှိ မြန်မာအလုပ်သမား (၁၉၀၀)ခန့်ကို အလုပ်အကိုင် အခွင့်အလမ်းများ ဆောင်ရွက် ပေးထားနိုင်မှု၊ ပြည်ပ ရင်းနှီးမြှုပ်နှံမှုများ ဝင်ရောက် ရင်းနှီး မြှုပ်နှံနေမှုနှင့် ရင်းနှီးမြှုပ်နှံများ ဆက်လက်ဝင် ရောက်လာမည့် အလားလာများ အပါအဝင် လုပ်ငန်းပိုင်း ဆိုင်ရာများကို ရှင်းလင်း တင်ပြသည်။
ဆက်လက်၍ လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်သန်းဦးက သီလဝါအထူးစီးပွားရေးဇုန် ဓါတ်အား ရရှိရေးဆိုင်ရာ အချက်အလက်များ၊ စီမံကိန်းတည်နေရာ၊ PACKAGE-1 (၃၃)KV ဓါတ်အားလိုင်းနှင့် ဓါတ်အားခွဲရုံ တိုးချဲ့ခြင်း စီမံကိန်း ဆောင်ရွက် ပြီးစီးမှု၊ (၃၃)KV ဓါတ်အား ဖြန့်ဖြူးရေးလိုင်း ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးမှု PACKAGE-2 သီလဝါ (၅၀)MW  ဓါတ်အားပေး စက်ရုံ စီမံကိန်းဆိုင်ရာ အချက်အလက်များ PACKAGE-3 (၂၃၀)KV ဓါတ်အားလိုင်းနှင့် ဓါတ်အား ခွဲရုံစီမံကိန်း ဆောင်ရွက်နေမှု၊ သီလဝါ ဓါတ်အားပေးစက်ရုံ စီမံကိန်း အတွက် သဘာဝ ဓါတ်ငွေ့(၂၀) လက်မပိုက်လိုင်း (40KM) သွယ်တန်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုတို့နှင့် စပ်လျဉ်း၍ ရှင်းလင်း တင်ပြသည်။
ယင်းနောက် MJTD မှ ဥက္ကဋ္ဌနှင့် အမှုဆောင်အရာရှိချုပ် Mr. Takashi Yanai က လုပ်ငန်းခွင် တိုးတက်မှု အခြေအနေများကို ရှင်းလင်း တင်ပြသည်။
ရှင်းလင်း တင်ပြချက်များနှင့် စပ်လျဉ်း၍ ဒုတိယသမ္မတက လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်း ဖြည့်ဆည်း ဆောင်ရွက်ပေးပြီး အမှာစကား ပြောကြားရာတွင် သီလဝါ အထူး စီးပွားရေးဇုန် အတွင်း အခြေခံ အဆောက်အအုံများ တိုးတက်လာမှုနှင့် လက်ရှိ တည်ဆောက် နေမှုတို့ကို ကြည့်ရှု စစ်ဆေးရန် မိမိတို့ လာရောက်ရခြင်း ဖြစ်ကြောင်း၊ လက်ရှိ တည်ဆောက်ရေး လုပ်ငန်းခွင်များ အတွင်း လုပ်သား စုစုပေါင်း (၁၉၃၆)ဦး ရှိသည့် အနက် လုပ်သား (၁၉၀၀)ဦးမှာ မြန်မာ အလုပ်သမားများ ဖြစ်သည်ကို အားရဘွယ် တွေ့ရှိရပါကြောင်း၊ သီလဝါ အထူး စီးပွားရေးဇုန်တွင် ယုံကြည်မှု အပြည့်အဝဖြင့် လာရောက် ရင်းနှီးမြှုပ် ကြသူများအား ကြိုဆိုပါကြောင်း၊ အပြန်အလှန် အားဖြင့် မိမိတို့မှလည်း ကြိုတင်ခန့်မှန်း နိုင်သော အခွင့်သာသည့်  ရင်းနှီးမြှုပ်နှံမှု ပတ်ဝန်းကျင်ကောင်း ဖန်တီးပေးရန် လိုအပ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံ သူများမှလည်း အရည်အသွေး မြင့်မားသည့် အလုပ်အကိုင် အခွင့်အလမ်းများအတွက် လမ်းဖွင့်ပေးပြီး လေ့လာ သင်ယူ အလုပ် လုပ်လိုစိတ် ပြင်းပြသည့် မြန်မာ လုပ်သားများကို နည်းပညာနှင် အတတ်ပညာ လွှဲပြောင်း ပေးသွားမည်ဟု ယုံကြည်ပါကြောင်း၊ သီလဝါ အထူးစီးပွားရေးဇုန်သည် မြန်မာနိုင်ငံ အတွက် ရှေ့ဆောင်လမ်းပြ အထူးစီးပွားရေးဇုန် ဖြစ်သည့်အတွက် နိုင်ငံတကာ စံချိန်မှီ မူဝါဒနှင့် လုပ်ငန်းစဉ်များကို ကျင့်သုံးပြီး အောင်မြင်အောင် အကောင်အထည်ဖော် သွားရန် လိုအပ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံသူများနှင့် အထူးစီးပွားရေးဇုန်ကြား ယုံကြည်မှု တည်ဆောက်ရန် လိုအပ်သလို အထူး စီးပွားရေးဇုန်နှင့် ပြည်သူလူထု အကြားမှာလည်း ယုံကြည်မှု တည်ဆောက်ရန် လိုအပ်ပါကြောင်း၊ နိုင်ငံ့စီးပွား ဖွံ့ဖြိုးတိုးတက်မှု အတွက် အခြေခံကျဆုံးသော လိုအပ်ချက်များ ဖြစ်သည့် ရင်းနှီးမြှုပ်နှံမှုနှင့် အလုပ်အကိုင် အခွင့်အလမ်း ကောင်းများကို ဖန်တီးပေးနိုင်ခြင်းဖြင့် လူထုယုံကြည်မှုကို ရရှိနိုင်မှာ ဖြစ်ပါကြောင်း၊ စီးပွားရေး၊ လူမှုရေး၊ သဘာဝ ပတ်ဝန်းကျင် နယ်ပယ်ကြီး (၃)ရပ်လုံး ဟန်ချက်ညီသည့် ရေရှည် တည်တံ့ ခိုင်မြဲသည့် ဖွံ့ဖြိုး တိုးတက်မှုဖြစ်ရန် ကြိုးပမ်း သွားကြခြင်းဖြင့် နိုင်ငံ့စီးပွားရေး၊ နိုင်ငံသူ နိုင်ငံသားများ၊ ရင်းနှီးမြှုပ်နှံသူများ အတူတကွ ကြီးပွား တိုးတက်လာ မည်ဟု ယုံကြည် ပါကြောင်းဖြင့် ပြောကြားသည်။
ထို့နောက် ဒုတိယ သမ္မတသည် စီမံကိန်း လုပ်ငန်းခွင် အတွင်းရှိ မြန်မာ အလုပ်သမားများအား ရင်းရင်းနှီးနှီး နှုတ်ဆက် အားပေး စကားပြောကြားသည်။
ဧရိယာ အကျယ်အဝန်း (၃၉၆) ဟက်တာရှိသည့် သီလဝါ အထူး စီးပွားရေးဇုန် အပိုင်း(က)ကို အဆင့်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်လျှက် ရှိရာ အဆင့်(၁) မှာလက်ရှိ ၇၈ ရာခိုင်နှုန်း ပြီးစီးလျှက်ရှိပြီး ယခုနှစ် ဇွန်လတွင် ပြီးစီးမည် ဖြစ်သည်။  အဆင့်(၂)ကို ၂၀၁၆ ခုနှစ်လယ် အတွင်း ပြီးစီးနိုင်ရေး အတွက် ဆက်လက် ဆောင်ရွက်လျှက် ရှိသည်။
လက်ရှိ ကာလတွင် ဂျပန်၊ ထိုင်း၊ တရုတ် ပြည်သူ့သမ္မတနိုင်ငံ၊ မလေးရှား၊ စင်ကာပူ၊ ဆွီဒင်၊ အမေရိကန် ပြည်ထောင်စုနှင့် ဩစတြေးလျ အပါအဝင် နိုင်ငံပေါင်း (၁၁)နိုင်ငံမှ ကုမ္ပဏီပေါင်း (၃၉)ခုတို့က ရင်းနှီးမြှုပ်နှံရန် အဆိုပြုထားခဲ့သည်။ ယင်းတို့အနက် ကုမ္ပဏီ (၂၁)ခုက ရင်းနှီးမြှုပ်နှံခွင့် လိုင်စင် ရရှိထားပြီး ကုမ္ပဏီ(၇)ခုက ဆောက်လုပ်ရေး လုပ်ငန်းများကို စတင်ဆောင် ရွက်လျှက်ရှိသည်။
သီလဝါ အထူး စီးပွားရေးဇုန် အပိုင်း(က) အဆင့်(၁)ကို ယခုနှစ် စက်တင်ဘာလ၌ ဖွင့်လှစ်သွားမည် ဖြစ်ပြီး စက်ရုံ(၅)ရုံ စတင် လည်ပတ်နိုင်ရန် စီစဉ် ဆာင်ရွက်လျှက် ရှိသည်။ ၂၀၁၆- ၂၀၁၇ခုနှစ်တွင် စက်ရုံ တည်ဆောက်မှုများ ပြီးစီးမည်ဖြစ်ရာ အလုပ်အကိုင် အခွင့်အလမ်း ပေါင်း လေးသောင်း နီးပါးကို ဖန်တီး ဖော်ဆောင်ပေးနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment