Friday, March 20, 2015

ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်လာမည်

မြန်မာ့အလင်း အယ်ဒီတာ့အာဘော်
ကျန်းမာရေးစောင့်ရှောက်မှု တိုးတက်လာမည်
ပြည်သူအများစုသည် နာမကျန်းဖြစ်ပြီဆိုလျှင် အစိုးရဆေးရုံ၊ ဆေးခန်းများကိုသာ မှီခိုအားထားနေကြရသည်။ ငွေကြေးပြည့် စုံသူလူနည်းစုသာ ဝန်ဆောင်မှုပိုမိုကောင်းမွန်သော ပြင်ပဆေးရုံ များကို တက်ရောက် ကုသနိုင်ကြသည်။ အစိုးရဆေးရုံဆေးခန်း များသည် ပြည်သူအများစုကို ကိုယ်စားပြုနေ၍ ပြည်သူများအား ကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန် ကျန်းမာရေးဘတ် ဂျက်ကို တစ်နှစ်ထက်တစ်နှစ် ဖြည့်ဆည်း ပေးလျက် ရှိပါသည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် အခြေခံကျန်းမာရေး စောင့်ရှောက်မှုအတွက် ဘတ်ဂျက်၏ ၂၅ ရာခိုင်နှုန်းခန့် သုံးစွဲရန် လျာထားပြီး ဆေးကုသမှုလုပ်ငန်းများအတွက် ၆၆ ရာခိုင်နှုန်း သုံးစွဲသွားရန် လျာထားကြောင်း သိရသည်။ တစ်နည်းဆိုလျှင် ဘတ်ဂျက်၏ ၉ဝ ရာခိုင်နှုန်းခန့်ကို ပြည်သူများအား တိုက်ရိုက် ကျန်းမာရေး ဆိုင်ရာ ဝန်ဆောင်မှုပေးရန် သုံးစွဲမည်ဖြစ်သည်။ ကျန် ၁ဝ ရာခိုင်နှုန်းအနက် ၄ ဒသမ ၅ ရာခိုင်နှုန်းကို လူ့စွမ်း အားအရင်းအမြစ် မွေးထုတ်ရန် အတွက်လည်းကောင်း၊ ၄ ရာခိုင် နှုန်းကို အုပ်ချုပ်ထောက်ပံ့မှု၊ သုတေသန လုပ်ငန်းများအတွက် လည်းကောင်း သုံးစွဲရန်လျာထားကြောင်း သိရပါသည်။
ထို့အပြင် ပြည်သူ့ကျန်းမာရေးကဏ္ဍတွင် ဘတ်ဂျက်ခွဲဝေမှု သည် ၂၅ ရာခိုင်နှုန်းသာရှိသော်လည်း ပြည်တွင်း ပြည်ပမှရရှိသည့် အကူအညီအထောက်အပံ့အများစုသည် ပြည်သူ့ကျန်းမာရေးစောင့် ရှောက်မှုကဏ္ဍကို ပိုမိုဖြည့်ဆည်းပေးနိုင်မည်ဖြစ်ပါသည်။ ဤ အချက်များကို ထောက်ရှုလျက် ပြည်သူ့ကျန်းမာရေးစောင့်ရှောက် မှုလုပ်ငန်းသည် ပိုမိုတိုးတက် လာမည်ဖြစ်ပါသည်။ ကျန်းမာရေးဘတ်ဂျက် တိုးမြှင့်ပေးနိုင်မှုနှင့်အတူ ပြည်သူများ ၏ ကျန်းမာရေး စောင့်ရှောက်မှုသည်လည်း တစ်နှစ်ထက်တစ်နှစ် တိုးတက်လာမည် ဖြစ်ပါသည်။
ယခုအခါ ကျန်းမာရေး အဆင့်မြှင့်တင်မှုလုပ်ငန်းများကို နိုင်ငံတစ်ဝန်း တိုးမြှင့်ဆောင်ရွက်လျက်ရှိပါသည်။ ဆေးရုံဆေးခန်း များဆောက်လုပ်ခြင်း၊ အဆင့်မြှင့်တင်ခြင်း၊ တိုးချဲ့ဖွင့်လှစ်ခြင်း၊ ကျန်းမာရေးဝန်ထမ်း ဆရာဝန်၊ သူနာပြုများ တိုးမြှင့်ခန့် ထားခြင်း၊ ဆေးဝါးပစ္စည်းများ အလုံအလောက် ဖြည့်ဆည်းပေးခြင်းတို့ကို တိုးမြှင့် ဆောင်ရွက် ပေးလျက်ရှိပါသည်။
ဆေးရုံဆေးခန်း အများစု၌ သာမန်ကျန်းမာရေးပြုစုစောင့် ရှောက်မှုလုပ်ငန်းများအတွက် အခမဲ့ဆေးကုသ ပေးလာနိုင် မည် ဖြစ်ပါသည်။ ပြည်သူများ၏ ထည့်ဝင်ကုန်ကျစရိတ်များ တဖြည်း ဖြည်းနည်းပါးလာပြီ ဖြစ်ပါသည်။ ကျန်းမာရေး ဘတ်ဂျက်တိုးမြှင့် လာသည့်အတွက် ပြည်သူများ၏ထည့်ဝင်ကုန်ကျစရိတ်များ နည်းပါးလာခြင်းဖြစ်ပါသည်။ ကုသမှုအများစုသည် အခမဲ့ကုသ ပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
သို့ပါ၍ လာမည့် ဘဏ္ဍာနှစ်တွင်လည်း ဘတ်ဂျက်၏ ၉ဝ ရာခိုင်နှုန်းခန့်ကို ပြည်သူများအား တိုက်ရိုက် အကျိုးဖြစ်ထွန်းစေမည့် ကျန်းမာရေးဆိုင်ရာဝန်ဆောင်မှုအတွက် သုံးစွဲရန်လျာထား သည့်အတွက် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ တိုးတက်လာမည်ဖြစ်ပါသည်။ ပြင်ပဆေးရုံ ဆေးခန်းများကို အားထားနေ ရမှု၊ ဆေးဝါးကုသမှုအတွက် ကုန်ကျစရိတ်ကြီးမား မှုများကို လျှော့ချလာနိုင်မည် ဖြစ်ပါသည်။ ပြည်တွင်းဘတ်ဂျက်နှင့် ပြည်ပ အကူအညီများနှင့် ပေါင်းစပ်လိုက်မည်ဆိုပါက ကျန်းမာရေး စောင့်ရှောက်မှုကဏ္ဍသည် အမှန်ပင် တိုးတက်လာမည်ဖြစ်ပါ ကြောင်း။ ။

No comments:

Post a Comment