Friday, March 20, 2015

ကျောက်ပန်းတောင်းမြို့နယ်တွင် ဓမ္မာစရိယနှင့် ပထမပြန် စာမေးပွဲ အောင်မြင်တော်မူကြသော သံဃာတော်များအား ထပ်ဆင့် ဂုဏ်ပြုပူဇော်ပွဲနှင့် အောင်လက်မှတ် ဆက်ကပ်ပွဲ အခမ်းအနား ကျင်းပ


ကျောက်ပန်းတောင်း၊ မတ် ၁၉
၂၀၁၄ ခုနှစ် ပရိယတ္တိပညာသင်နှစ်တွင် နိုင်ငံတော်အစိုးရ၊ သာသနာရေး ၀န်ကြီးဌာနမှ ကျင်းပအပ်သည့် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ တွင် အောင်မြင်တော်မူခဲ့ကြသော သံဃာတော်များအား ထပ်ဆင့်ဂုဏ်ပြု မဟာဘွဲ့နှင်းသဘင်နှင့် စူဠဘွဲ့နှင်းသဘင် အခမ်းအနားကို မတ်လ(၁၉) ရက်နေ့၊ မွန်းလွဲ(၂)နာရီက မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်သည်။ 
အခမ်းအနားသို့ မြို့နယ် သံဃနာယကအဖွဲ့ ဥက္ကဌဆရာတော်ဦးသူရိယနှင့် မြို့နယ် သံဃ၀န်ဆောင် ဆရာတော်များ၊ ကျောက်ပန်းတောင်းတပ်နယ်မှ တပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းဝင်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောထွန်းဝင်း၊ မြို့နယ်စီမံခန့်ခွဲမှု ကော်မတီဝင်များ၊ မြို့နယ်ဖွံ့ဖြိုးရေးအထောက် အကူပြုကော်မတီဝင် များ၊ မြို့နယ် စည်ပင်သာယာကော်မတီဝင်များနှင့် စကားဝါမြေဖောင်ဒေးရှင်းအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အလှူရှင်များနှင့် လူမှုရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ကြသည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဌ ဆရာတော် ဦးသူရိယထံမှ ငါးပါးသီလ ခံယူဆောက်တည်၍ အနုမောဒနာတရားနာကြားကြကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်ချ အမျှပေးဝေကြသည်။ ယင်းနောက် ဆရာတော်အရှင်သူမြတ်များ ချီးမြှင့်သည့် မေတ္တာသုတ်၊ ၀ဋသုတ် ပရိတ်တရားတော်များကို နာကြားကြပြီး မြို့နယ်အုပ်ချုပ်ရေးမှူးက သာသနာရေးဆိုင်ရာများ ဂုဏ်ပြုလျှောက်ထားသည်။
ဆက်လက်၍ စိတ္တပါလဂူကျောင်းစာသင်တိုက် စာချနာယကဆရာတော် ဦးသုဇာတက ထုတိထောမနာဂါထာဖြင့် ရွတ်ဖတ်ပူဇော်ပြီး၊ စကား ၀ါမြေဖောင်ဒေးရှင်းမှ မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့သို့ လှူဒါန်းငွေကျပ်သိန်း(၂၀)နှင့် စာအောင် သံဃာများအတွက် ဂုဏ်ပြုလှူဒါန်းငွေကျပ် (၁၁၈၄၀၀၀) အား ဖောင်ဒေးရှင်း ဒုတိယဥက္ကဌ ဦးတင်မောင်ညွန့်နှင့်အဖွဲ့ဝင်ဦးသောင်း ညွန့်တို့က ပေးအပ်လှူဒါန်းကြရာ မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့မှ တာဝန်ရှိသူများက လက်ခံရယူကြသည်။ ယင်းနောက် ဓမ္မာစရိယအောင် သံဃာတော်များ အား ကျောက်ပန်းတောင်းတပ်နယ်မှူး၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိ သူများ၊ အလှူရှင်များက အောင်လက်မှတ်များနှင့် လှူဘွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး၊ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆို ဆုတောင်း၍ ရုပ်သိမ်းလိုက်သည်။
ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၁၄-ခုနှစ် ပရိယတ္တိပညာသင်နှစ်တွင် သာသနာရေးဝန်ကြီးဌာနမှ ကျင်းပသည့် ဓမ္မာစရိယနှင့် ပါဠိ ပထမပြန် စာမေး ပွဲတွင် ကျောက်ပန်းတောင်းမြို့နယ် ဇာတိဘွား သာသနာဓဇဓမ္မာစရိယ ဘွဲ့တံ ဆိပ်တော်ရသံဃာ(၂၀)ပါး၊ စာသင်တိုက်အသီးသီးမှ ပထမကြီးတန်းအောင် (၁၈)ပါး၊ ပထမလတ်တန်းအောင်(၄၆)ပါး၊ ပထမငယ် တန်းအောင် (၃၈)ပါး၊ စုစုပေါင်း(၁၂၂)ပါး အောင်မြင်တော်မူခဲ့ကြကြောင်း သိရသည်။

No comments:

Post a Comment