ဆောင်းပါး
ကမ္ဘာတစ်လွှား လူပေါင်း သန်း ၄ဝ ခန့် ခံစား နေရတဲ့ Rheumatoid Arthritis ခေါ်တဲ့
နာတာရှည် အဆစ်အမျက်ရောင် ရောဂါ ကုသနိုင်ဖို့ ဆေးတစ်မျိုးကို အောင်မြင်စွာ ဖော်ထုတ်နိုင်ပြီလို့
ဆိုပါတယ်။ ဒီဆေး နာမည်ကတော့ Ro Actemra လို့ခေါ်ပြီး ဒီဆေးကို ဆွစ်ဇာလန်နိုင်ငံက နာမည်ကြီး
ဆေးကုမ္ပဏီတစ်ခု ဖြစ်တဲ့ Roche က ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီဆေးကို
အသုံးပြုဖို့ ဥရောပ
ဘုံဈေးအဖွဲ့က သဘောတူညီမှု ရထားပြီလို့ ဆိုပါတယ်။ ယခင်တုန်းကတော့ ဒီရောဂါရှင်တွေ အတွက်
DMARDS, Methothrexate Steroid နှင့် Non Steroidal Anti-Inflammatory
Drugs(NSAID) ဆေးတွေကိုသာ အသုံးပြုခဲ့ရတာပါ။ ယခုအသစ် ပေါ်လာတဲ့ ဆေးဟာ အာနိသင် ကောင်းမွန်ပြီး
တခြား ဆေးတွေနဲ့ အဆင်မပြေတဲ့ လူနာတွေ အတွက် အထူး သင့်လျော်တယ်လို့ ဆိုပါတယ်။
အတိုကောက် R.A လို့ခေါ်တဲ့ ဒီရောဂါဟာ အသက် ၅ဝ ကျော် ၆ဝ အရွယ်မှာ ဖြစ်တတ်ပြီး ယောက်ျားတွေထက်
မိန်းမတွေမှာ ပိုဖြစ်တတ်ပါတယ်။ ဆေးလိပ် သောက်သူတွေမှာ ရောဂါပိုဆိုးနိုင်ပြီး ဒီရောဂါ
ဖြစ်သူတွေမှာ မျက်စိအတွင်းရောင် ရောဂါ ဖြစ်တတ်ပြီး သွေးထဲမှာ ကိုလက်စထရောလ်ဓာတ် များတာကြောင့်
နှလုံးရောဂါ၊ ဦးနှောက် ရောဂါတွေပါ ပူးတွဲ ဖြစ်ပေါ်စေနိုင်တဲ့ ရောဂါဖြစ်ကြောင်း တင်ပြလိုက်
ရပါတယ်။
တောင်ကိုရီးယား နိုင်ငံဟာ ခြေတုလက်တု လုပ်ရာမှာ တိုးတက်တဲ့ နိုင်ငံတစ်ခုပါ။ အခုလည်း
ဆိုးလ် အမျိုးသား တက္ကသိုလ်က လက်အစစ်နီးပါး အာရုံခံနိုင်တဲ့ လက်အတုတစ်ခုကို တီထွင်နိုင်ခဲ့ပါပြီ။
ဒီလက်အတုရဲ့ အပေါ်ယံ အရေပြားအလွှာကို Electronic Smart Skin လို့ အမည်ပေးထားပြီး ဒီလက်အတုနဲ့
အပူအအေး၊ စိုထိုင်းမှုတို့ကို အာရုံ ခံနိုင်စွမ်းရှိပြီး လက်ဆွဲ နှုတ်ဆက်တာတို့၊ ကီးဘုတ်နှိပ်တာတို့၊
အပူ အအေးခွက်တွေကိုကိုင်နိုင်တာတို့ ပြုလုပ်နိုင်လိမ့်မယ် လို့ ဆိုပါတယ်။
ဒီလက်အတုမှာပါတဲ့ အရေပြားလိုအလွှာ (El-ectronic Smart Skin) ဟာ Crystalline
Silicon Nano Ribbon Sensors နဲ့ပြုလုပ်ထားပြီး ဒီကနေ တစ်ဆင့် Platinum Electrodes
တွေက ကိုယ်ခန္ဓာရဲ့ အာရုံကြောတွေကို ပို့ပေးနိုင်အောင် ပြုလုပ်ထားတယ် လို့ ဆိုပါတယ်။
ဒီလက်အတုကို ကိုင်လိုက်ရင် သာမန် လက်တစ်ခုရဲ့ အပူချိန်လောက်ပဲ ရှိတယ်လို့ ဆိုပါတယ်။
ဒီလို တိုးတက်လာမှုဟာ သာမန် လူတစ်ယောက်ရဲ့လက်လို အာရုံ အားလုံးကို ထိတွေ့ ခံစားနိုင်ဖို့
အလွန်နီးစပ်လာ ပြီဆိုတာ သတင်းကောင်း တစ်ခုအဖြစ် တင်ပြလိုက်ရ ပါတယ်။
ကြက်ငှက်တုပ်ကွေး ရောဂါဟာ ကြက်တွေငှက်တွေ ကနေပြီး လူတွေကို ကူးစက်နိုင်တဲ့ ရောဂါတစ်ခုဆိုတာ
လူတိုင်းသိရှိပြီး ဖြစ်ပါတယ်။ အများအားဖြင့် ဒီရောဂါ ဟာ Bird Flu Virus H5N1 ကူးစက်ပြီး
ဖြစ်ရတာ ပါ။ ယခုအခါ H5N8 လို့ အမည် ပေးထားတဲ့ ကူးစက်မှု အလွန် မြန်ဆန်တဲ့ ဗိုင်းရပ်စ်
တစ်မျိုးကိုလည်း ထပ်တွေ့ ခဲ့ပြန်ပါတယ်။ ဒီလိုတွေ့ရတဲ့ နိုင်ငံကတော့ နယ်သာလန် နိုင်ငံဖြစ်ပြီး
ဒီနိုင်ငံရဲ့ Hekendorp ခေါ်တဲ့ရွာက မွေးမြူရေး ခြံတစ်ခုမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီခြံနှင့်
၁ဝ မိုင် ဝန်းကျင်မှာရှိတဲ့ ကြက်ဘဲပေါင်း တစ်သိန်း ငါးသောင်းကျော်ကို ဖျက်ဆီး လိုက်ရပါတယ်။
နောက်ပြီး ဒီပတ်ဝန်းကျင်က ထွက်တဲ့ ကြက်ငှက် လုပ်ငန်းကရတဲ့ ထုတ်ကုန် အားလုံးကိုလည်း
တစ်လတိတိ ပိတ်ပင် လိုက်ပါတယ်။ နယ်သာလန်နိုင်ငံဟာ ကြက်ပေါင် ခြောက်ကုဋေ (6Billions)
နှစ်စဉ် တင်ပို့နေရတဲ့ နိုင်ငံ ဖြစ်ပြီး ဥရောပမှာ အကြီးဆုံး ကြက်ငှက် လုပ်ငန်းက ထွက်ကုန်တွေ
ပို့နေရတဲ့ နိုင်ငံပါ။ ဒီ H5N8 Strain ပါတဲ့ Bird Flu ကို ပထမဦးဆုံး တောင်ကိုရီးယား
နိုင်ငံ မှာ ၂ဝ၁၄ နှစ်ကုန်ပိုင်း လောက်မှာ တွေ့ခဲ့ရပြီး တရုတ် နိုင်ငံနှင့် ဂျပန်နိုင်ငံမှာလည်း
အနည်းငယ်တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ ဥရောပနိုင်ငံတွေ ထဲမှာတော့ ဂျာမနီနိုင်ငံမှာ အရင်ဆုံး
တွေ့ခဲ့ရပြီး ယခုနယ်သာလန် နိုင်ငံမှာ တွေ့ရတာလို့ ဆိုပါတယ်။ လူတွေကိုတော့ ကူးစက်တာ
မတွေ့ရသေးပေမယ့် တကယ် ကူးစက်လာရင်လည်း ထိန်းမရအောင် မြန်ဆန်တဲ့ ကြက်ငှက် တုပ်ကွေးမျိုး
ဖြစ်လာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုရင် ဒီကြက်ငှက် တုပ်ကွေးဖြစ်စေတဲ့ ဗိုင်းရပ်စ် ပိုးတွေဟာ
တစ်မျိုးနှင့် တစ်မျိုး (Strain) ပေါင်းစပ်ပြီး အစွမ်းထက်တဲ့ အသွင်မျိုး ဖြစ်လာနိုင်တာကြောင့်
အထိန်းရ ခက်နိုင်တယ် ဆိုတာ တင်ပြလိုက်ရပါတယ်။
ဟိုတစ်ပတ်က ဆေးပညာ သတင်းထဲမှာ Avastiim ဆိုတဲ့ သွေးကြော အသစ်လေးတွေ ပေါ်လာတာကို
ဟန့်တား နိုင်တဲ့ဆေးကို ပြန့်နေတဲ့ သားအိမ်ခေါင်း ကင်ဆာရောဂါ ကုသရာမှာ
Radiotherapy ခေါ် ဓာတ်ကင် ကုသနည်းနဲ့ ပေါင်းစပ် ကုသနိုင်ကြောင်း တင်ပြခဲ့ပါတယ်။ အခုနောက်
ဆက်တွဲသိရတဲ့ သတင်းတွေအရ ဒီဆေးဟာ အမျိုးသမီးတွေမှာ ဖြစ်တတ်တဲ့ ရင်သားကင်ဆာ၊ သားဥကင်ဆာ
(Ovarian Cancer) ရောဂါတွေမှာ ကင်ဆာအဆိပ် ဖြေဆေး (Chemo Therapy)နှင့် မထိန်းနိုင်သူတွေမှာ
ပူးတွဲ ကုသနိုင်တယ်လို့ သိရပါတယ်။ ဒါ့အပြင် အူမကြီး နှင့် မစင်အိမ်ကင်ဆာ
(Colorcetal Cancer) အဆုတ် ကင်ဆာ၊ ကျောက်ကပ် ကင်ဆာ ရောဂါတွေမှာလည်း ကျယ်ကျယ်ပြန့်ပြန့်
အသုံးပြုနေကြပြီ ဖြစ်ပါတယ်။ ဒီ ဆေးဟာ ကင်ဆာ အလုံးအကျိတ်မှာ သွေးကြောသစ်တွေ ပေါ်လာတာကို
ဟန့်တားနိုင်တဲ့ အာနိသင် ရှိတာကြောင့် သွေးကရမယ့် အာဟာရဓာတ်ကို ကင်ဆာကျိတ်တွေက မရနိုင်တော့တာကြောင့်
ကင်ဆာ ကြီးထွားလာမှုကို တားနိုင်တယ်လို့ ဆိုပါတယ်။ ဒီဆေးကို ဆွစ်နိုင်ငံက နာမည်ကြီး
Roche ကုမ္ပဏီက ထုတ်လုပ်ခဲ့တာ ဖြစ်ပြီး ဒီဆေးကို ကင်ဆာ ဝေဒနာရှင်တွေ အသုံးများလာတာကြောင့်
လွန်ခဲ့တဲ့ ၂ဝ၁၄ တစ်နှစ်တည်းမှာ အမေရိကန် ဒေါ်လာ ၆ ဒသမ ၂၅ ဘီလီယံဖိုး ရောင်းခဲ့ရကြောင်း
တင်ပြလိုက်ရပါတယ်။
နောက်ဖော်ပြလိုတဲ့ သတင်းတစ်ပုဒ်ကတော့ ဆီးချိုရောဂါရှင်တွေ အတွက် ဘယ်လိုနေထိုင်
စားသောက် သင့်တယ်ဆိုတဲ့ အကြံပြုချက်ပါ။ ဒီအကြံပြုချက်ကိုတော့ ဟားဗတ် ဆေးကျောင်း မှာရှိတဲ့
Diabetes ဖော်ပြထားတာ ဖြစ်ပါတယ်။
(၁) ဆီးချိုရောဂါရှင် တစ်ယောက်ဟာ အဆီဓာတ်ကိုလျှော့ပြီး Fibre (အမျှင်)ဓာတ် များများ
ပါဝင်တဲ့အစာကို စားသင့်တယ်လို့ ဆိုပါတယ်။ ရာနှုန်းနဲ့ ပြောရင် အဆီဓာတ် ၁၅ ရာခိုင်နှုန်း
အသားဓာတ် ၁၅ ရာခိုင်နှုန်းနှင့် ကာဗိုဟိုက်ဒရိတ် ၇ဝ ရာခိုင်နှုန်း ပါသင့်တယ်လို့ ဆိုပါတယ်။
ကာဗိုဟိုက်ဒရိတ် ၇ဝ ရာခိုင်နှုန်းကို များသောအားဖြင့် အမျှင်ဓာတ် များများပါတဲ့ အသီးအနှံတွေကို
စားသုံးပြီး ရသင့်တယ်လို့ ဆိုပါတယ်။ ဆီးချိုရောဂါရှင် တစ်ဦးဟာ နံနက်စာကို နည်းနည်းပိုစားပြီး
နေ့လည်နှင့် ညနေစာ ကို လျှော့စားခြင်းဟာ ဆီးချိုကို ပိုထိန်းနိုင်တယ်လို့ လည်း ဆိုပါတယ်။
(၂) နောက်တစ်ချက် အနေနဲ့ ဗီတာမင် လိုအပ်ချက် တွေကိုလည်း အသီးအနှံတွေကသာ ပိုရယူသင့်ပြီး
ဗီတာမင် ဆေးပြားကို အားထားပြီး မနေသင့်ဘူးလို့ အကြံပြု ထားပါတယ်။ ဘာကြောင့်လည်းဆိုရင်
ကိုယ်ခန္ဓာ အတွက် လိုအပ်တဲ့ Antioxidant အဆိပ်ဖြေမှုမှာ အရေးပါတဲ့ Antioxidant
activating Enzymes ဟာ ဗီတာမင် ဆေးပြားတွေက မရနိုင်ဘဲ လတ်ဆတ် တဲ့ ဟင်းသီးဟင်းရွက် အသီးအနှံတွေကသာ
ရနိုင်တာကြောင့်လို့ ဆိုပါတယ်။
(၃) နောက်တစ်ချက် အနေနဲ့ ဆီးချိုဝေဒနာရှင် တွေဟာ တစ်နေ့ကို အနည်းဆုံး ၆ နာရီကနေ
၈ နာရီထိ အိပ်သင့်တယ်လို့ ဆိုပါတယ်။ အင်္ဂလန် နိုင်ငံ War wick ဆေးတက္ကသိုလ်ရဲ့ လေ့လာချက်
တစ်ခုမှာ တစ်နေ့မှာ ၅ နာရီထက် လျှော့ပြီး အိပ်တဲ့ လူက ၆ နာရီထက် ပိုအိပ်သူတွေထက် ၂၈
ရာခိုင်နှုန်း ဆီးချိုပိုဖြစ်နိုင်တာ တွေ့ရတယ်လို့ ဆိုပါ တယ်။
(၄) ဆီးချို ဝေဒနာရှင်တွေဟာ စိတ်ဖိစီးမှုမရှိအောင် နေသင့်တယ်လို့ ဆိုပါတယ်။ စိတ်ဖိစီးမှု
(Stress) ရှိသူ မှာ Cortisone Hormone ဓာတ်နှင့် ရောင်ရမ်းမှုကို ဖြစ်စေတဲ့
Inflammatory Enzyme Cytokinase ပိုထွက်တာကြောင့် ဆီးချိုရောဂါကို ပိုဆိုးစေတယ်လို့
ဆိုပါတယ်။
(၅) ဆီးချို ရောဂါရှင်တွေဟာ နေ့စဉ် မိနစ် ၂ဝ သို့မဟုတ် ၃ဝ ခန့် လေ့ကျင့်ခန်း
ပြုလုပ်သင့်တယ်။ တစ်ချို့က တစ်ပတ်မှာ နှစ်ရက်ဖြစ်တဲ့ စနေ၊ တနင်္ဂနွေ နေ့တွေလောက်မှာ ၁
နာရီ ၂ နာရီ ဆက်တိုက် ပြုလုပ်ခြင်းဟာ မသင့်တော်ကြောင်း ထောက်ပြ ထားပါတယ်။ လေ့ကျင့်ခန်း
ပြုလုပ်ခြင်းကိုလည်း အအေးဓာတ်ရှိတဲ့ နေရာမှာသာ ပြုလုပ်သင့်ပြီး ပူပြင်း တဲ့နေရာတွေမှာ
မလုပ်သင့်ဘူးလို့ ဆိုပါတယ်။
ဒါကတော့ ဆီးချိုဝေဒနာရှင်တွေ ဘယ်လိုနေထိုင် သင့်တယ်ဆိုတဲ့ ဟားဗတ် တက္ကသိုလ်ရဲ့
အကြံပြုချက်ကို တင်ပြရင်း ဒီတစ်ပတ် ဆေးပညာ သတင်းဆန်းများ တင်ပြခြင်းကို နိဂုံးချုပ်လိုက်ရပါတယ်။
ဒေါက်တာကံညွန့်
No comments:
Post a Comment