Sunday, March 29, 2015

နိုင်ငံတကာ အတွေ့အကြုံရရှိပြီး သတင်း အေဂျင်စီများနှင့် ချိတ်ဆက် ဆောင်ရွက်ခွင့် ရ၍ အကျိုးရှိ


ရန်ကုန် မတ် ၂၈
ရန်ကုန်မြို့တွင် ကျင်းပလျက် ရှိသည့် နိုင်ငံတကာ စာနယ်ဇင်း အဖွဲ့အစည်း ညီလာခံတွင် နိုင်ငံတကာ မီဒီယာ ဖွံ့ဖြိုးမှု မိတ်ဖက် အဖွဲ့အစည်း အသီးသီးမှ IPI ညီလာခံ တက်ရောက်ခွင့် ရရှိရန် မြန်မာနိုင်ငံ ဒေသစုံမှ သတင်း မီဒီယာ လုပ်ငန်း ဆောင် ရွက်နေကြသော သတင်းမီဒီယာ ၃၅ ခုမှ ထုတ်ဝေသူ၊ အယ်ဒီတာနှင့် သတင်းစာဆရာ ၅ဝ ကို ပညာသင်ဆု အဖြစ် ရွေးချယ် တက်ရောက်စေခဲ့ရာ ရွေးချယ်ခံ ပြည်တွင်း မီဒီယာများနှင့် မြန်မာ့သတင်း စဉ် မှ တွေ့ဆုံ မေးမြန်းမှုများကို စုစည်း ဖော်ပြ လိုက်ပါသည်။






မဖြူမာပိုင်
အလွတ်တန်းသတင်းထောက်
ဗီဒီယိုဂျာနယ်လစ်
MJIကျောင်းသူ
IPI Congress ကို ပထမဦးဆုံး အကြိမ်ကျင်းပတာ မြန်မာနိုင်ငံအတွက် အလွန် ဂုဏ်ယူရမယ့် အရာပါ။ ဒီမှာ နိုင်ငံတကာ သတင်းသမား မီဒီယာ သမားတွေ သတင်း ဘယ်လိုယူတယ် ဆိုတာကို ကိုယ်တိုင် မြင်တွေ့ခွင့်ရတယ်။ တခြားနိုင်ငံမှာ တစ်ဦးတည်း၊ ဒါမှ မဟုတ် အဖွဲ့နဲ့ ဆောင်ရွက်တာလည်း တွေ့ရတယ်။ တခြားနိုင်ငံမှာ သတင်း ယူတဲ့ပုံစံအချို့ကို နားလည်လာတယ်။ သူတို့တွေရဲ့ စည်းကမ်းရှိမှု၊ တစ်ယောက်ကို တစ်ယောက် အနှောင့်အယှက် မပေးတာ၊ သတင်းမီဒီယာ အေဂျင်စီ တွေနဲ့ လေ့လာသူတွေလည်း ဒီပွဲမှာ ပါဝင်တယ်လို့သိလာရတယ်။ နိုင်ငံခြား သတင်းအေဂျင်စီတွေနဲ့ ချိတ်ဆက် ဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းတွေ ရှိနေပြီး သတင်းသမား တစ်ယောက်ရဲ့ စွမ်းဆောင်မှုတွေ ပိုရလာမှာ ဖြစ်ပါတယ်။ ဒီလို အခွင့်အရေးကို အသုံးချ နိုင်မယ်ဆိုရင် ဒီမီဒီယာ ဆွေးနွေးပွဲက အကျိုးရလဒ်တွေ ရနိုင်ပါတယ်။
မနေ့က ဆွေးနွေးပွဲမှာ အဓိကက မြန်မာ မီဒီယာသမားတွေ လွတ်လပ်တဲ့ အနေအထား ဖြစ်ဖို့နဲ့ ဖမ်းဆီးခံ မီဒီယာတွေ လွတ်မြောက်ဖို့ ဆန္ဒပြတဲ့ ကိစ္စတွေလည်း ပါဝင်တယ်။ ဆန္ဒပြတယ် ဆိုတာမှာ ဝန်ကြီးဆိုရင် အောင်မြင်မှုလို့တောင် သဘော ထားသွားတယ်။ တစ်ခုခု လုပ်လိုက်တိုင်းမှာ တုံ့ပြန်မှုတစ်ခုက အမြဲရှိတယ်။ တကယ်က ဒီလိုဖြစ်ချင်တာ မဟုတ်ဘူး။ မီဒီယာသမားတွေ အနေနဲ့ သူ့ကို အောင်မြင်အောင် ပံ့ပိုးတာ မဟုတ်ဘူး။ အကူအညီ တောင်းတာ။ သူက ကူညီမယ်လို့ ဖြစ်လာစေချင်တာ။ သူ့ကို  မြင်ရတဲ့အတွက် မီဒီယာ သမားတွေက ခွန်အားတွေ ရချင်တာ။ လက်တွေ့မှာတော့ အဲဒီလိုရအောင် လုပ်နိုင်ဖို့ မလွယ်သေးဘူး။ လုပ်လည်း မလုပ်တတ်ကြဘူး။ တကယ်တော့ ဆန္ဒပြတယ် ဆိုတာ သူ့အတွက်ပဲ ကောင်းသွားသလို ဖြစ်နေတယ်။ မနေ့က ရလိုက်တာက ဆန္ဒပြတဲ့သူကလည်း ငြိမ်းငြိမ်းချမ်းချမ်း ပြသွားတယ်။ သူလည်းပဲ မှန်မှန်ကန်ကန် အဆင်ပြေပြေ ရင်ဆိုင်သွားတယ်။ အားလုံးလည်း အနှောင့်အယှက် ဖြစ်မသွားဘူး။ ဒီတစ်ခုတော့ အများကြီး အဆင်ပြေ သွားတယ်။
ဦးအောင်ကောင်းမွန်/ လင်းလင်း (လားရှိုး)
လားရှိုးနယ်မြေခံသတင်းထောက်
လားရှိုးမီဒီယာဂရု
မနေ့က ဆွေးနွေးမှုမှာ တခြားနိုင်ငံတွေက မီဒီယာဆိုင်ရာ အခက်အခဲတွေနဲ့ ကျွန်တော်တို့ဆီက အခက်အခဲတွေ တိုက်ဆိုင် တူညီတာတွေ ရှိတယ်ဆိုတာ တွေ့ရတယ်။ ဒါတွေကို တစ်ဦး တစ်ယောက်တည်း အပြင် အဖွဲ့အစည်း အနေနဲ့ ဘယ်လို နည်းလမ်းတွေနဲ့ ဖြေရှင်းမလဲ။ တချို့ကို ဘယ်လိုဖြေရှင်း ကြတယ် ဆိုတာ ရှုထောင့် အမျိုးမျိုးနဲ့ ဆွေးနွေးကြလို့ ဗဟုသုတရပါတယ်။
မီဒီယာ လွတ်လပ်ခွင့်နဲ့ ဆိုင်တဲ့ ဘာသာရေး အကဲဆတ်မှုတွေကို အဓိက ဆွေးနွေးတာ တွေ့ရပါတယ်။ မီဒီယာ လွတ်လပ်ခွင့် ဆွေးနွေးတဲ့အခါ သတင်းထောက်တွေ အပေါ်မှာ သက်ဆိုင်ရာ တာဝန် ရှိသူတွေရဲ့ တုံ့ပြန်မှုနဲ့ ပတ်သက်ပြီး တချို့ကိစ္စတွေက မဖြစ် သင့်တဲ့အကြောင်းတွေကို ဆွေးနွေးတာ ကြားသိရပြီး ကျွန်တော်တို့ သဘောထားတွေနဲ့ တိုက်ဆိုင်မှုတွေ ရှိပါတယ်။
ဦးဘရန်မိုင်(CEO)
မြစ်ကြီးနားသတင်းဂျာနယ်
IPI ညီလာခံက အလွန်ကို တန်ဖိုး ရှိတယ်။ ဒီမှာ ဆွေးနွေးကြတဲ့ အတွေ့အကြုံ၊ ဗဟုသုတတွေက ရခဲပါတယ်။ အခုလို အခြေအနေမှာ လွတ်လပ်တဲ့ သတင်းမီဒီယာ ခေါင်းစဉ်နဲ့ ဆွေးနွေးကြတာ ကောင်းပါတယ်။
မနေ့က ဆွေးနွေးမှုမှာ ပုံနှိပ်သတင်းစာတွေ ရပ်တည်ဖို့ အခက်အခဲရှိတဲ့ အကြောင်းတွေ ဆွေးနွေးကြတာမှာ ဂျာနယ် တော်တော်များများ ရှုံးသွားတာ၊ ပိတ်လိုက်ရတာတွေ ပါပါတယ်။ ဒါတွေက ဒီမှာတင် မဟုတ်ဘဲ နိုင်ငံတကာ မှာလည်း ဖြစ်နေတယ်ဆိုတာ သိရတယ်။ နောက်ပြီး အမုန်းစကား ကဏ္ဍမှာလည်း မနေ့က နည်းနည်း ထည့်ပြောသွားပြီး ဒီနေ့ ဆွေးနွေးမယ့် ခေါင်းစဉ်မှာပါတော့ စိတ်ဝင်စားဖို့ ကောင်းပြီး ပိုပြည့်စုံလိမ့်မယ် ထင်တယ်။
၂ဝ၁၂ ခုနှစ် သြဂုတ်လကတည်းက စာပေစိစစ်ရေး အဖွဲ့ကို ဖျက်သိမ်းပြီး မီဒီယာ လွတ်လပ်ခွင့် ရလာတယ်။ လွတ်လပ်တဲ့ မီဒီယာ ဆိုပေမယ့် အဖမ်းအဆီးကိစ္စတွေ ရှိနေသေးတော့ နည်းနည်းတော့ ကျန်သေးတယ်။ အပြည့်အဝတော့ မရသေးဘူးပေါ့။ နောက်ပိုင်းမှာလည်း မီဒီယာ အခွင့်အရေးတွေ ပိုရလာမယ်လို့ ထင်တာပါပဲ။ ဥပမာ- အစိုးရအနေနဲ့ မီဒီယာတွေကို ဝင်ထိန်းချုပ်တာထက် စာရင် မီဒီယာသမား အချင်းချင်း ထိန်းချုပ်တဲ့ စနစ်နဲ့သွားကြရင် မကောင်းဘူးလား ဆိုတာမျိုးပေါ့။ အဲဒီ့အပိုင်းကို ရောက်သွားရင် ပိုပြီး လွတ်လပ်သွားမယ်လို့ ထင်ပါတယ်။
ဦးထွန်းထွန်းထွေး
အလွတ်တန်းသတင်းထောက်
ဘားအံမြို့
လက်ရှိအချိန်က မြန်မာနိုင်ငံရဲ့ သတင်း လွတ်လပ်ခွင့်ကို ဖော်ဆောင် နေတဲ့ကာလ ဖြစ်ပြီး နိုင်ငံတကာပါဝင် တဲ့ ညီလာခံကြီးကို လာကျင်းပတဲ့ အတွက် သတင်းလွတ်လပ်ခွင့်တွေ၊ သတင်းသမား အတွက် ကာကွယ်မှုတွေ ဖြစ်ပေါ်လာမယ်လို့ ယုံကြည်ပါတယ်။ မနေ့က ဆွေးနွေးမှုမှာ ထူးထူးခြားခြား သတင်းသမား တစ်ဦး ဆန္ဒဖော်ထုတ် တယ်။ ဒါကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ကာလမှာ သတင်းလွတ်လပ်ခွင့်ကို လက်တွေ့ ဖော်ပြရာ ရောက်တယ်ဆိုတဲ့ အကြောင်းကို ဝန်ကြီးက ပြောပါတယ်။ ဒါကလည်း ပွင့်လင်းလာတဲ့ အနေအထားကို နိုင်ငံတကာက သိခွင့်ရတယ် လို့လည်း ယူဆပါတယ်။
လွတ်လပ်ခွင့်ဆိုတာက အတိုင်းအတာ တစ်ခုထိ ရှိနေပါတယ်။ ဒီမိုကရေစီ ကူးပြောင်းကာလက သက်တမ်း နုသေးတော့ ဒါကို ဖြည်းဖြည်းချင်း ရွေ့သွားပြီး စည်းကမ်း ပြည့်ဝတဲ့ ဒီမိုကရေစီ ရလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။
မြန်မာ့သတင်းစဉ်
သတင်းအဖွဲ့

No comments:

Post a Comment