နေပြည်တော် မတ် ၉
လူဝင်မှုကြီးကြပ်ရေးနှင့်
ပြည်သူ့အင်အားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးခင်ရီသည် တာဝန်ရှိသူများနှင့်အတူ မတ်
၂ ရက် မွန်းလွဲ ၂ နာရီတွင် ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြမြို့နယ်၊ ကျွဲခြံကျေးရွာသို့ရောက်ရှိပြီး၊
ကျေးရွာ ဘုန်းတောက်ကြီးကျောင်း ဓမ္မာရုံ၌ ကျွဲခြံနှင့်ပတ်ဝန်းကျင် ကျေးရွာများမှ ဒေသခံရွာသူရွာသားများအား
တွေ့ဆုံသည်။
ထိုသို့တွေ့ဆုံရာတွင်
ပြည်ထောင်စုဝန်ကြီးက မိုးပွင့် (အထူး) စီမံချက်ဖြင့်
နိုင်ငံသားစိစစ်ရေး ကတ်ပြား ထုတ်ပေးခြင်း လုပ်ငန်း ကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့်
ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားသည် နိုင်ငံသားတစ်ဦး အတွက်
နိုင်ငံသား အခွင့်အရေး အပြည့်အဝ ရရှိစေနိုင်သည့် အထောက်အထားတစ်ခုဖြစ်ပါကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြားကို
ကွင်းဆင်းထုတ်ပေးခြင်းကြောင့် လွယ်လွယ်ကူကူရရှိမှုအပေါ် တန်ဖိုးမထားမဖြစ်စေရေးနှင့် ရရှိပြီးသော
ကတ်ပြား ကိုလည်း စနစ်တကျ ကိုင်တွယ်ထိန်းသိမ်းကြရန် လိုအပ်ပါကြောင်း၊ တက်ရောက်လာ ကြသူများက
မိမိပတ်ဝန်းကျင်ရှိ ကတ်ပြားမပြု လုပ်ရသေးသူများအား မိုးပွင့် (အထူး) စီမံချက် အကြောင်း
ရှင်းလင်းချပြ၍ လုပ်ငန်းစဉ်အတိုင်း ဆောင်ရွက် နိုင်ရေး လက်ဆင့်ကမ်းပြောကြားပေးစေ လိုပါကြောင်းဖြင့် ရှင်းလင်းပြောကြားသည်။
ထို့နောက် မိုးပွင့်
(အထူး) စီမံချက်အကြောင်း သိကောင်းစရာများနှင့် ပတ်သက်၍ မေးမြန်း ဆွေးနွေးရာ ပြန်လည်
ပြောကြားနိုင် သူများအား တာဝန်ရှိသူများက အမှတ်တရလက်ဆောင်များ ပေးအပ်ကြပြီးနောက် ပြည်ထောင်စု
ဝန်ကြီးက ကျေးရွာအလိုက် တာဝန်ခံများအား ပညာရေး၊
ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ကျေးလက် မီးလင်းရေး၊ သောက်သုံးရေရရှိရေးနှင့် အလုပ်အကိုင်အခွင့်အလမ်းဆိုင်ရာ လိုအပ်ချက်များကို
မေးမြန်း ဆွေးနွေးကာ လိုအပ်သည်များ ညှိနှိုင်းဆောင်ရွက်ပေးပြီး၊ တက်ရောက်လာကြသူများအား
ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြောင်း သတင်းရရှိသည်။
No comments:
Post a Comment