Wednesday, March 18, 2015

အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား လေ့လာသုံး သပ်ခြင်း(၂)

ပါမောက္ခ ဒေါက်တာစိုးသန်း (ရန်ကုန်ပညာရေးတက္ကသိုလ်)
National Network for Education Reform (NNER) နှင့် ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီတို့မှ ကိုယ်စားလှယ်များကိုယ်စား ဒေါက်တာသိန်းလွင်၊ ဒေါက်တာညိုညိုသင်းနှင့် ဦးအောင်မှိုင်းဆန်းတို့ လက်မှတ်ရေးထိုး တင်သွင်းထားသည့် အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းနှင့်ပတ်သက်ပြီး ရှုထောင့်အမျိုးမျိုးမှ သုံးသပ်ရေးသားသည့်
ဆောင်းပါးများအနက် သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း၏ အများပြည်သူ ဝန်ဆောင်မှုမီဒီယာဆိုင်ရာ စံနှုန်းများနှင့်ကိုက်ညီသော ဆောင်းပါးများကို ရွေးချယ်ဖော်ပြပေးသွားမည်ဖြစ်ပါသည်။ ဆောင်းပါးတွင် ဖော်ပြထားသည့် သုံးသပ်ချက်များသည် ဆောင်းပါးရှင်၏ ကိုယ်ပိုင်ရှုမြင် သုံးသပ်ချက်များသာဖြစ်ပြီး သတင်းနှင့်စာနယ်ဇင်းလုပ်ငန်း၏ အယူအဆမဟုတ်ပါ။ အမျိုးသား ပညာရေးဥပဒေကို စိတ်ဝင်စားသူများအနေဖြင့်လည်း ဆောင်းပါးများ ရေးသားပေးပို့နိုင်ပြီး သတင်းနှင့်စာနယ်ဇင်း လုပ်ငန်း၏ မူဝါဒနှင့်ကိုက်ညီပါက ဖော်ပြ ပေးသွားမည်ဖြစ်ပါသည်။
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း အပိုဒ် ၂၁ တွင် မူလအမျိုးသားပညာရေးဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ (ဍ)ပါစာသား ''ပညာ ရေးဝန်ထမ်းအားလုံး၏ အရည်အသွေးနှင့် လူမှုဘဝမြှင့်တင်ရေးကို အလေး ထားဆောင်ရွက် စေခြင်းဖြင့် ကိုယ်ကျင့်တရားကောင်းမွန်ကာ ကိုယ်ပိုင်ဆုံးဖြတ်ဆောင်ရွက်နိုင်မှုနှင့် ကိုယ်တိုင်တာဝန်ယူတတ်မှုတို့ ဖွံ့ဖြိုး လာမှုအပေါ် မူတည်၍ ဗဟိုချုပ်ကိုင်မှု လျှော့ချသည့်ပညာရေးစနစ်ကိုကျင့်သုံးရေး။'' ဟူသည့်စာသားကို ပုဒ်မခွဲ (ထ)အဖြစ် ''ဗဟိုချုပ်ကိုင် မှုလျှော့ချသည့် ပညာရေးစနစ်ကို ကျင့်သုံးရေး။''ဟူသောစာသားဖြင့် အစားထိုးမည်ဟုဆိုပါသည်။ ဗဟိုချုပ်ကိုင်မှုလျှော့ချခြင်း (Decentralization) နှင့် ဗဟိုချုပ်ကိုင်မှု (Centralization) တို့မှာ ဖြစ်စဉ်များသာဖြစ်ပြီး ပုံသေ အခြေအနေများ မဟုတ်ပါ။ ယင်းဖြစ်စဉ်နှစ်ခုတို့၏ ကွဲပြားမှုအတိုင်းအတာ လေးမျိုးရှိပါသည်။
Functional Decentralization, Functional Centralization, Territorial Decentralization နှင့် Territorial Centralization တို့ဖြစ်ပါသည်။ နယ်မြေဒေသ နယ်ပယ်အလိုက် (Territorial) ဆိုလျှင်ပင် Deconcentration (A central authority establishes field units or branch offices, staffing them with its own officers.) Delegation (Having stronger degree of decision making power at the local level.) နှင့် Devolution (Powers are formally held at subnational levels, the officers of which do not need to seek higher-level approval for their actions.) ဟူ၍ရှိနေပြန်ပါသည်။
ထို့ကြောင့် မည်သို့သော ဗဟိုချုပ်ကိုင်မှုလျှော့ချသည့် ပညာရေးစနစ်ကို ကျင့်သုံးမည်ဟု တိတိပပဖော်ပြနိုင်စွမ်းမရှိပါ။ မူလ အမျိုးသားပညာရေးဥပဒေတွင်မူ ''ကိုယ်ပိုင်ဆုံးဖြတ် ဆောင်ရွက်နိုင်မှုနှင့် ကိုယ်တိုင်တာဝန်ယူတတ်မှုတို့ ဖွံ့ဖြိုးလာမှု အပေါ်မူတည်၍''ဟု ဖော်ပြသဖြင့် Functional Decentralization ကို ကျင့်သုံးမည်ဟု ပေါ်လွင်ပါသည်။ မည်သည့်ဖြစ်စဉ် က ပို၍ကောင်းမွန်သည်ဟု ယတိပြတ်မသတ်မှတ်နိုင်ပါ။
ပညာရေးတွင် ထိပ်တန်းစာရင်းဝင်နိုင်ငံများဖြစ်သည့် Denmark, Netherl- and, Sweden တို့သည် Functional Centralization ကို ကျင့်သုံးနေသော် လည်း ထိရောက်မှုရှိနေပြီး Italy, Germany, USA နိုင်ငံများသည် Territorial Decentralization ကို ကျင့်သုံးနေကြပြီး ထိရောက်မှုရှိနေသည်ကို သုတေသီများ တွေ့ရှိနေပါသည်။
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း အပိုဒ် ၂၂ တွင် မူလအမျိုးသားပညာရေးဥပဒေ အခန်း ၄ ၏ ခေါင်းစဉ်ကို ''ဒီမိုကရေစီ ပညာရေးလွတ်လပ်ခွင့်ကို အာမခံခြင်း''ဟု ပြင်ဆင်ထားပါသည်။
ယင်းပြင်ဆင်ချက် အပိုဒ်(က)တွင် ''ကျောင်းသားများသည် (ကက) ကျောင်းသား သမဂ္ဂများကို ကျောင်းသား ကျောင်းသူများ ကိုယ်တိုင် လွတ်လပ်စွာဖွဲ့စည်း ထူထောင်လှုပ်ရှားခွင့်ရှိရမည်။ (ခခ)သမဂ္ဂအဆောက်အအုံများကို တက္ကသိုလ် အသီးသီး၏ ပရဝဏ်အတွင်းတွင် တက္ကသိုလ်ရန်ပုံငွေဖြင့် ကျခံတည်ဆောက်ရမည်။
(ဂဂ)အခြေခံပညာပြီးဆုံးသည့် ကျောင်းသား ကျောင်းသူများ အားလုံး အဆင့်မြင့်ပညာကဏ္ဍတွင် လွတ်လပ်စွာဘာသာတွဲ ရွေးချယ်သင်ယူခွင့် ရှိမည်။ (ဃဃ) ကျောင်းသားများသည် လွတ်လပ်စွာစဉ်းစားတွေးခေါ်ခွင့်၊ လွတ်လပ်စွာစုဝေးခွင့်၊ လွတ်လပ်စွာ ရေးသားထုတ်ဖော်ပြောဆိုပိုင်ခွင့်ရှိသည်။ (ငင)ကျောင်းအုပ်ချုပ်ရေးအဖွဲ့ဝင် ကျောင်းသားသမဂ္ဂမှ ကိုယ်စားလှယ် များ ပါဝင်ခွင့်ရှိသည်။ (စစ)ဆရာ ဆရာမများအပေါ် ကျောင်းသား ကျောင်းသူ များ၏ အကဲဖြတ်မှုများကို တက္ကသိုလ်၊ ကျောင်းအုပ်ချုပ်ရေးကောင်စီသို့ တင်သွင်းသည့်အခါ ၎င်းကောင်စီသည် စဉ်းစားဆုံးဖြတ်ပေးရမည်။''ဟု ဖော်ပြထားပါသည်။
ဤသည်ကား ဒီမိုကရေစီနှင့်ပညာရေး၏ အဓိပ္ပာယ်များကို နားလည်မှု မရှိဘဲ ပုဂ္ဂလိကဆန္ဒကို ဥပဒေတွင်ပါဝင်အောင် ထည့်သွင်းရေးဆွဲချင်သည့် သဘောဖြစ်နေပါသည်။ ဒီမိုကရေစီဆိုသည်မှာ Greek ဘာသာစကား Dēmokratiā မှ ဆင်းသက်လာပြီး dēmosသည် မူရင်းအဓိပ္ပာယ်အားဖြင့် the people ဖြစ်ပြီး kratos မှာ strength ဖြစ်ပါသည်။ိ dēnots ကို ကျောင်းသားဟု ရေးသားထားသည်ကို မတွေ့ရပါ။ (ကက) (ခခ)(ဂဂ)(ငင)(စစ)တို့တွင် ရေးသားထားသည့် အချက်များအားလုံးမှာ ကျောင်းသားပညာရေး လွတ်လပ်ခွင့်၊ လွတ်လပ်စွာဘာသာတွဲရွေးချယ်သင်ယူခွင့်စသည့် တောင်းဆို ချက်များသာ ဖြစ်နေပါသည်။ ထို့ကြောင့် ဒီမိုကရေစီပညာရေးလွတ်လပ်ခွင့် ဟူသော ခေါင်းစဉ်နှင့်မကိုက်ညီပါ။ ကျောင်းသား သည် ပြည်သူလူထု၏ အစိတ်အပိုင်းတစ်ခုသာဖြစ်ပါသည်။ ဒီမိုကရေစီပညာရေး၏ အဓိပ္ပာယ် သဘော သက်ဝင်အောင် ကျောင်းသားများက ကျောင်းသားအများသို့မဟုတ် ပြည်သူ့ကောင်းကျိုးကို မည်သို့ပြုမည်ကို ရေးသား ပြဋ္ဌာန်းသင့်ပါသည်။
(Demo- cratic means insisting on equal rights and privileges for all.) ထို့အပြင် ပညာရေး (Education) ဟူသောစာလုံးသည် Latin ဘာသာစကား ēducāre မှဆင်းသက်လာပြီး to rear ဟု အဓိပ္ပာယ်ရပါသည်။ ထို့ကြောင့် ပညာရေးဆိုသည်မှာ bringing up, or training,as of a child; instruction; strengthening of the powers of body or mind ဖြစ်ပါသည်။ သို့ဖြစ်လျှင် မည်သူက မည်သူ့ကို လေ့ကျင့်ပြုစုပျိုးထောင်ပေးရပါမည်နည်း။ ကိုယ်တိုင် လွတ်လပ်စွာ ဖွဲ့စည်းထူထောင်လှုပ်ရှားဟု သုံးနှုန်းထားသဖြင့်ဦးဆောင်သူ ဆရာမလိုအပ်၊ သင်စရာမလို၊ လေ့ကျင့်ပေးစရာမလိုဟု အဓိပ္ပာယ်သဘော သက်ဝင်နေပါသည်။ ဤသို့ဖြစ်လျှင် ပညာရေးဟူသောအမှုကို ပြုရန်ကော လိုအပ်ပါတော့မည်လား။ ပညာသင်ကြားခြင်း သို့မဟုတ် ကျောင်းတက်ခြင်း၏ အဓိကအလုပ်မှာ ကျောင်းသားသမဂ္ဂများကို ကျောင်းသား ကျောင်းသူများ ကိုယ်တိုင် လွတ်လပ်စွာဖွဲ့စည်းထူထောင်လှုပ်ရှားရန် သက်သက်ဟုတ်ပါသလား။ ကျောင်းတက်ခြင်း၏ မူလအဓိပ္ပာယ် (the education you receive at school) ကို နားလည်မှု လွဲမှားစေအောင် ရေးသားထားသကဲ့သို့ ဖြစ်နေပါသည်။
ကိုယ်၊ စိတ်စွမ်းရည်များကို ပိုမိုခိုင်မာတောင့်တင်းအောင် ဆရာများ သွန်သင်မှုကို မလိုအပ်သော်လည်း ၎င်းတို့လွတ်လပ်စွာ လုပ်ချင်ရာကိုလုပ်ကိုင် ဆောင်ရွက်နိုင်ရန် သမဂ္ဂအဆောက်အအုံများကို တက္ကသိုလ်အသီးသီး၏ ပရဝဏ်အတွင်းတွင် တက္ကသိုလ်ရန်ပုံငွေဖြင့် ကျခံတည်ဆောက်ရမည်ဟုလည်း ဆိုပြန်ပါသည်။ တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီနှင့် ကျောင်းအုပ်ချုပ်ရေးအဖွဲ့တွင် ပါဝင်ရန် တောင်းဆိုထားပြီး ဆရာ ဆရာမများအပေါ် ကျောင်းသား ကျောင်းသူများက အကဲဖြတ်မှုများလည်း ပြုလုပ်ကြပါဦးမည်။ ပြစ်ဒဏ်များထည့်မထားသဖြင့် တော်ပါသေးသည်။
တက္ကသိုလ်အုပ်ချုပ်ရေးကောင်စီအစား တက္ကသိုလ်ကောင်စီ (a governing body in a university) ကျောင်းအုပ်ချုပ် ရေးအဖွဲ့အစား ကျောင်းကောင်စီ (an assembly calledtogether for de-liberation,advice,administration or legislation) ဟုသာ ဖြစ်သင့်ပါသည်။ သက်ဆိုင်ရာတက္ကသိုလ် ပဋိညာဉ်စာတမ်းတစ်ခုစီရေးဆွဲ၍ ဆောင်ရွက်သည့် အခါတွင် ဆရာက တပည့်အပေါ် ထင်သလိုမတရားမပြုလုပ်နိုင်ရန် စည်းမျဉ်း စည်းကမ်းများ ထည့်သွင်းရေးဆွဲ လာပါလိမ့်မည်။ ဆရာများ၏ Professional Development ကို ပြဋ္ဌာန်းသတ်မှတ်ရာတွင် Supervisor's Rating Scale, Peer Appraisal, နှင့် Students' Rating Scale များကိုပါ ထည့်သွင်းစဉ်းစား လေ့ရှိပါသည်။
ဒီမိုကရေစီပညာရေးဟုဆိုလျှင် Democratic principles များကို လေးစားလိုက်နာရန်လိုအပ်ပါသည်။ တစ်ဖက်သတ် လိုအပ်ချက် ကို အခြားတစ်ဖက်က အမြဲတစေ လိုက်လျောနေရမည်ဟု ထုံးစံမရှိပါ။
ထို့ကြောင့် The Democratic Conception in Education နှင့် ပတ်သက်၍ John Dewey (1915) (၁၉၁၅) ခုနှစ်က ရေးသားသည့် Democracy and Education စာအုပ်ပါစာသားအနည်းငယ်ကို ကောက်နုတ်ဖော်ပြအပ်ပါသည်။
(A democracy is more than a form of government: it is primarily a mode of associated living of conjoint communicated experience... A society which makes provision for participation in its good of all its members on equal terms and which secures flexible readjustment of its institutions through interaction of the different forms of associated life is in so far democratic. Such a society must have a type of education which gives individuals a personal interest in social relationships and control and the habits of mind which secure social changes without introducing disorder.) စာမျက်နှာ ၁၀၁ နှင့် ၁၁၅ ရှု ဤအချက်ကို ထောက်ချင့်၍ ဒီမိုကရေစီကို ကျင့်သုံးမည့်လူ့ဘောင်သည် မိမိဆန္ဒနှင့် လိုလားချက်များကို ဖြည့်ဆည်းပေးရန် တွင်တွင်တောင်းဆိုနေပြီး ကသောင်းကနင်းဖြစ်အောင်မပြုလုပ်ဘဲ လူမှုရေးပြုပြင်ပြောင်းလဲမှုများအတွက် အလျှော့အတင်း အပြန်အလှန်ညှိနှိုင်းမှု ပြုလုပ်တတ်သော အလေ့ အထရှိသည့်၊ အားလုံး၏အကျိုးစီးပွားအတွက် အားလုံးသာတူညီမျှပါဝင်စေပြီး အတူတကွ အကျိုးကျေးဇူးပြန်လည် ခံစားရရှိစေသည့် လူ့ဘောင်ကို ကောင်းကျိုး ပြုမည့်ပညာရေးမျိုးရှိရပါမည်။
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း အပိုဒ် ၂၂ (ခ) ''ဆရာ၊ ဆရာမများသည်'' ''(ဂဂ) သမဂ္ဂအဆောက်အအုံများကို တက္ကသိုလ်အသီးသီး၏ ပရဝဏ်အတွင်းတွင် တက္ကသိုလ်ရန်ပုံငွေဖြင့် ကျခံ တည်ဆောက် ရမည်။''ဟု ထပ်မံရေးသားထားပါသည်။ ဤသို့ဆိုလျှင် တက္ကသိုလ်နှင့် စာသင်ကျောင်းများရှိ အခြားစာရေးဝန်ထမ်းများ၊ ကျောင်းသား ရေးရာဌာနဝန်ထမ်းများ၊ ငွေစာရင်းဝန်ထမ်းများ၊ နယ်မြေလုံခြုံရေး ဝန်ထမ်းများ၊ နယ်မြေအင်ဂျင်နီယာ ဝန်ထမ်းများ စသည်တို့ကလည်း သမဂ္ဂများဖွဲ့စည်းကာ သမဂ္ဂအဆောက်အအုံများကို တက္ကသိုလ်အသီးသီး၏ ပရဝဏ်အတွင်း တွင် တက္ကသိုလ်ရန်ပုံငွေဖြင့် ကျခံတည်ဆောက်ရမည်ဟုဆိုလာပါက တက္ကသိုလ် ပရဝဏ်များနှင့် စာသင်ကျောင်းဝင်းများ၌ သမဂ္ဂများစွာတို့၏ အဆောက်အအုံ များကိုသာ ဆောက်လုပ်ပေးနေရတော့မည်ဖြစ်သဖြင့် ပညာသင်ကြားရေးနှင့် သုတေသနပြုလုပ်ရေးကို ရှေးရှုရာရောက်ပါမည်လား။ တက္ကသိုလ်နှင့် စာသင် ကျောင်းတို့၏ မူလအဓိပ္ပာယ်များမှာ (A university is an institution at the highest level of education where you can study for a degree or do research. A school is a place where children go to be educated.) ဟူ၍ဖြစ်ပါသည်။
ဒီမိုကရေစီပညာရေးဆိုသည်မှာ သမဂ္ဂများစွာ တို့ကိုထူထောင်၍ ကိုယ်တိုင်လွတ်လပ်စွာ ဖွဲ့စည်းလှုပ်ရှားရေးတစ်ခုတည်း မဟုတ်ပါ။ တစ်ဦးချင်းစီ၏ တာဝန်သိမှု၊ တာဝန်ယူမှုစရိုက်လက္ခဏာများဖြင့် စုပေါင်းစွမ်းအားဖြစ်ထွန်းကာ အများ ကောင်းကျိုးကို ဦးတည်ဆောင်ရွက်ကြ သည့် (For the people. By the people.) ပညာရေးသာလျှင်ဖြစ်ပါသည်။
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း အပိုဒ် ၂၂ (ခ) ''ဆရာ ဆရာမများသည်'' ''(ဃဃ) နှစ်သက်ရာ ပါတီသို့ ဝင်ရောက်ခွင့်ရှိသည်''ဟုဆိုခြင်းသည် လွတ်လပ်မှုကို ဦးစားပေးထားသော်လည်း စည်းရုံးညီညွတ် မှုကို ခြိမ်းခြောက်နေပါသည်။
ဆရာ ဆရာမများအတွင်း ပါတီစွဲ၊ ဂိုဏ်းဂဏ စွဲများကြောင့် စိတ်ဝမ်းကွဲမှုများ၊ လုပ်ငန်းခွင်တွင်း မပြေလည်မှုများ၊ ဘက်လိုက်မှုများ၊ အထက်အောက်ဆန့်ကျင်မှုများဖြစ်လာပြီး တိုးတက်မှု၊ ငြိမ်းချမ်းမှု၊ စည်းရုံးညီညွတ်မှုများ မရရှိနိုင်ပါ။ ဆရာ ဆရာမများသည် နိုင်ငံ့ဝန်ထမ်းများ ဖြစ်သဖြင့် အခြားနိုင်ငံ့ဝန်ထမ်းများနည်းတူ စဉ်းစားရပါလိမ့်မည်။ ဆင်ခြင် ကြည့်ပါက (၁) နိုင်ငံ့ဝန်ထမ်းများအားလုံးသည် ပါတီနိုင်ငံရေးနှင့် ကင်းရှင်းရမည်။ (၂) ဆရာ ဆရာမများသည် နိုင်ငံ့ဝန်ထမ်းများဖြစ်သည်။ (၃) ထို့ကြောင့် ဆရာ၊ ဆရာမများသည် ပါတီနိုင်ငံရေးနှင့်ကင်းရှင်းရပါမည်။
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း အပိုဒ် ၂၂ ''(ခ)ဆရာ၊ ဆရာမများသည်'' ''(ဇဇ) မိမိနှစ်သက်ရာကျောင်း သို့မဟုတ် ဒေသများကို လွတ်လပ်စွာရွေးချယ်လျှောက်ထားပိုင်ခွင့်နှင့် ပြောင်းရွှေ့ပိုင်ခွင့် ရှိရမည်''ဟု ပြဋ္ဌာန်းပါက တိုင်းပြည်၏ ပညာရေးတစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်မှုကို မညီမညာဖြစ် သွားစေပါလိမ့်မည်။ ဆရာ ဆရာမများ လွတ်လပ်စွာ ရွေးချယ်လျှောက်ထား ပြောင်းရွှေ့ကြလျှင် အချို့တက္ကသိုလ်နှင့် စာသင်ကျောင်းများတွင် ဆရာမရှိတော့ဘဲ ကျောင်းသားအချင်းချင်း စာပြန်သင်ပေးနေရပါလိမ့်မည်။
အချို့တက္ကသိုလ်နှင့်စာသင်ကျောင်းများတွင်မူ ဆရာဦးရေက ကျောင်းသား ဦးရေထက်ပို၍ပင် များနေနိုင်ပါသည်။ မြန်မာနိုင်ငံတွင် မြို့ပြနှင့် ကျေးလက် ဖွံ့ဖြိုးမှုအရ ကွာဟနေဆဲ၊ မြို့ပြနှင့် ကျေးလက်လမ်းပန်းဆက်သွယ်ရေးအရ ကွာဟနေဆဲ၊ မြို့ပြနှင့် ကျေးလက်တစ်ဦးကျဝင်ငွေမှာ ကွာဟနေဆဲဖြစ်သဖြင့် လုပ်သားအင်အား ပြောင်းရွှေ့မှုကို အနေတော်ဖြစ်အောင် ထိန်းမထားနိုင်ပါက မြို့ပြတွင် ဆရာ ဆရာမများစုပုံနေပြီး ကျေးလက်တွင် ဆရာ ဆရာမ အလုံ အလောက်မရှိဖြစ်နေပါလိမ့်မည်။ ထို့ကြောင့် ကျေးလက်ဒေသများ၏ ပညာရေးသည် ဘယ်သောအခါမှ ဖွံ့ဖြိုးတိုးတက် တော့မည်မဟုတ်ပါ။ပညာရေး မဖွံ့ဖြိုးသဖြင့် ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးနှင့်ယဉ်ကျေးမှုများလည်း အစဉ်သဖြင့် နိမ့်ကျကျန်ခဲ့ပါလိမ့်မည်။
ထို့ကြောင့် အချို့သော ကျောင်းများကိုပိတ်ပစ်ရပါလိမ့်မည်။ မြို့ပြနှင့် ကျေးလက်တန်းတူ အခွင့်အရေးမရရှိနိုင်တော့ပါ။ သို့ဖြစ်လျှင် ဤအမျိုးသားပညာရေး ဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်း အပိုဒ် ၂၂ (ဇ) အပိုဒ်ခွဲ (ဇဇ) သည်နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်း '' ဗမအငခူန ၂၆ယ " Article 26, Everyone has the right to education.'' နှင့် ၁၉၈၉ ခုနှစ် ကလေးလူငယ် အခွင့်အရေးညီလာခံက အတည်ပြုထားပြီး မြန်မာနိုင်ငံ ပါဝင်လက်မှတ်ရေးထိုးထားသည့် Convention on the Rights of the Child (CRC)၏ " Article 28. Convention on the Rights of the Child asserts the child's right to education ,and covers the state's obligations for provision of formal schooling, progressively,and on the basis of equal opportunity. Primary schooling should be free and compulsory." တို့ကို ဖောက်ဖျက် ကျူးလွန်အောင် အားပေးရာရောက်စေပြီး နိုင်ငံသားတို့၏ ပညာသင်ကြားပိုင်ခွင့်ကို ဆုံးရှုံးသွားအောင် ရေးသားထားသကဲ့သို့ ဖြစ်နေပါသည်။ စဉ်းစားကြပါ။
အမျိုးသားပညာရေး ဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်း အပိုဒ် ၂၂ (င)တွင် ''သင်ကြားရေးတွင် ဘာသာစကားသုံးမျိုးစနစ် ဖြစ်သော မိခင်ဘာသာစကား၊ မြန်မာ ဘာသာစကား၊ အင်္ဂလိပ်ဘာသာစကားတို့ကို အသုံးပြုသင်ကြားမည်။'' ဟု ရေးသား ထားပါသည်။ မိခင်ဘာသာစကား (Mother tongue) ဆိုသည်မှာ ကလေးပထမ ဦးစွာ လေ့လာတတ်မြောက်သည့် ဘာသာစကားဖြစ်ပါသည်။
ယင်းဘာသာစကားမှာ အပြောသာရှိသည့် ဘာသာစကားနှင့် အပြောနှင့် အရေးနှစ်ခုစလုံးရှိသည့် ဘာသာ စကားများ ဖြစ်နိုင်သည်။ အက္ခရာနှင့် ရေးထုံးသဒ္ဒါ သတ်သတ်မှတ်မှတ်ရှိသည့် မိခင် ဘာသာစကားကို ဆရာ၊ ဆရာမက တတ်မြောက်ကျွမ်းကျင်ပါက သင်ကြားရေးတွင် အသုံးပြုရန် အဆင်ပြေနိုင်ပါသည်။ သို့သော် အချို့မိခင်ဘာသာ စကားများမှာ ယနေ့တိုင် အက္ခရာနှင့် ရေးထုံးသဒ္ဒါ တိတိကျကျမသတ်မှတ် နိုင်ကြသေးသဖြင့် အပြော ဘာသာစကား ဟုသာ ဆိုနိုင်ပါသည်။ ယင်းဘာသာစကားကို သင်ကြားရေးတွင် မည်သို့ အသုံးပြုမည်နည်း။ စာသင်ကြားရာတွင် အပြောတစ်ခုတည်းဖြင့်မပြီးပါ။ အရေး အသားလည်းပါရပေမည်။ ဆရာ၊ ဆရာမက ကလေး၏ မိခင်ဘာသာစကားကို တတ်ပါ မည်လား။ ကလေး၏ မိခင်ဘာသာစကားကို တတ်သူတိုင်းက ဆရာ၊ဆရာမ အလုပ်ကို လုပ်ပါမည်လား။ ကလေး၏ မိခင်ဘာသာစကားကို တတ်သူတိုင်းအား ဆရာ၊ ဆရာမ အဖြစ် အလုပ်ခန့်ပါမည်လား။ အလုပ်ခန့်သည်ဆိုပါစို့၊ ကလေးကို စာသင်တတ်ပါ မည်လား။ မသင်တတ်၍ သင်တန်းတက်မည်ဆိုပါက မည်သည့်ဘာသာစကားဖြင့် သင်ပေးရပါ မည်နည်း။ ယင်းပြင်ဆင်သည့် ဥပဒေကြမ်း အပိုဒ် ၂၂ (ခ) (ဇဇ) တွင် ''မိခင်ဘာသာစကားတစ်ခုကို ရွေးချယ်ပြီးပါက မြန်မာစာနှင့် အင်္ဂလိပ်စာကို ဒုတိယ ဘာသာစကား လေ့လာနည်းများအသုံးပြုပြီး ကျန်ဘာသာရပ်များကို မိခင်ဘာသာ စကားဖြင့် သင်ကြားသင်ယူခွင့်ရှိသည်။''
ဟု ရေးသားထားသဖြင့် သင်္ချာ၊ သိပ္ပံ၊ ပထဝီဝင်၊ သမိုင်း(အလယ်တန်းဆင့်)ဓာတုဗေဒ၊ရူပဗေဒ၊ ဇီဝဗေဒနှင့် ဘောဂဗေဒ (အထက် တန်းဆင့်) ဘာသာရပ်များကို အက္ခရာနှင့် ရေးထုံးသဒ္ဒါ သတ်သတ်မှတ်မှတ်မရှိသည့် မိခင်ဘာသာစကားဖြင့် သင်ရန်မှာ အပြောလွယ်သလောက် အလုပ်ခက်ပါသည်။ မိခင် ဘာသာစကားတည်တံ့ခိုင်မာစေရန် အက္ခရာနှင့် ရေးထုံးသဒ္ဒါမှန်ကန်ရေးကို ဦးစွာ ကြိုးပမ်းဆောင်ရွက်သင့်ပါသည်။
အမျိုးသားပညာရေးဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းက ပယ်ဖျက်လိုက်သည့် မူလအမျိုးသားပညာရေးဥပဒေ ပုဒ်မ ၄၃(က) နှင့် (ခ) နှစ်ခုအနက် ''(ခ) အခြေခံ ပညာအဆင့်တွင် လိုအပ်ချက်ရှိလျှင် တိုင်းရင်းသားဘာသာစကားကို မြန်မာဘာသာ စကားနှင့်အတူ သင်ကြားမှုဘာသာစကားအဖြစ် တွဲဖက်အသုံးပြုနိုင်သည်။'' ဟု ဖော်ပြထားပြီး ထပ်မံပယ်ဖျက်လိုက်သည့် ပုဒ်မ ၄၄ တွင် ''တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်များတွင် တိုင်းရင်းသားစာပေနှင့် ဘာသာစကားသင်ကြားမှုကို သက်ဆိုင်ရာ တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရ၏ အစီအစဉ်ဖြင့် အခြေခံပညာ မူလ တန်းအဆင့်မှ စတင်၍ အကောင်အထည်ဖော်ပြီး အဆင့်ဆင့်တိုးချဲ့ ဆောင်ရွက်နိုင် သည်။'' ဟု ဖော်ပြပါရှိသဖြင့် ဘာသာစကားလွတ်လပ်ခွင့်ကို ပြဋ္ဌာန်းပေးထားသည်ဟု နားလည်ရပါသည်။
တိုင်းရင်းသားစာပေနှင့် ဘာသာစကားသင်ကြားမှုကို အခြေခံပညာ မူလတန်းအဆင့်မှ စတင်ရမည်မှာ အမှန်အကန်ပင် ဖြစ်ပါသည်။ ထို့ကြောင့် တိုင်း ရင်းသားစာပေနှင့် ဘာသာစကားအစား မိခင်ဘာသာစကားဟု အကြံအဖန်လုပ်ထား သည့် ပြဋ္ဌာန်းချက်သည် ဆန်စဉ်ရာကျည်ပွေ့လိုက်ရအောင်၊ ထိန်းမနိုင်သိမ်းမရ၊ ကသောင်းကနင်း၊ တစ်ကျောင်း တစ်ဂါထာ တစ်ရွာတစ်ပုဒ်ဆန်း ပညာရေးစနစ်ကို ရှေးရှုရာ ရောက်နေပါသည်။
မူလအမျိုးသားပညာရေးဥပဒေ ပုဒ်မ ၄၁ (က)တွင် ပြဋ္ဌာန်းထားသည့် ''အမျိုးသားပညာရေးသင်ရိုးညွှန်းတမ်းစံများကို'' ပြည့်မီရန် အလွန် အလှမ်းကွာဝေးသွားနိုင်ပါသည်။
ဥပဒေတစ်ခုကို ရေးသားရာတွင် ရှေ့နောက်ဆင်ခြင်တိုင်းထွာ၍ ရေးသားသင့် ပါသည်။ မြန်မာနိုင်ငံသားအားလုံး၏ ယဉ်ကျေးမှုစရိုက် လက္ခဏာနှင့် တန်ဖိုးထားမှုများကို အဓွန့်ရှည်အောင် ထိန်းသိမ်းနိုင်စွမ်းရှိစေမည့်၊ မြန်မာနိုင်ငံသားအားလုံး ပညာ အရာတွင် တန်းတူရည်တူ တိုးတက်ခံစားရရှိစေမည့်အခွင့်အလမ်းပွင့်သည့် ပညာရေး စနစ်တစ်ခုကို ဦးတည်၍ ရေးသားသင့်ပါသည်။ ယင်းသို့ ဦးတည်၍ ရေးသားသော ဥပဒေသည်သာ ရေရှည်တည်တံ့ကာ အများကောင်းကျိုး ဖြစ်ထွန်းစေမည် ဖြစ်ပါကြောင်း လေ့လာသုံးသပ် တင်ပြအပ်ပါသည်။ ။

No comments:

Post a Comment