Saturday, March 7, 2015

ပြန်လည်ထူ ထောင်ရေးလုပ်ငန်းများကို အမြန်ဆုံးနှင့်အထိရောက်ဆုံးဖြစ်အောင် လုပ်ဆောင်ကြရမည်


နေပြည်တော် မတ် ၆
ရှမ်းပြည်နယ်၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပြန်လည်ထူ ထောင်ရေးအုပ်ချုပ်မှု အထောက် အကူပြု ကော်မတီဥက္ကဋ္ဌ သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းသည် မတ် ၅ ရက် နေ့ လယ်ပိုင်းက လားရှိုးမြို့ ပြည်နယ် ဒုတိယ အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန အစည်းအဝေးခန်းမ၌ ဌာန ဆိုင်ရာများနှင့် တွေ့ဆုံသည်။

အဆိုပါတွေ့ဆုံပွဲသို့ ကော်မတီ ဒုတိယဥက္ကဋ္ဌ များဖြစ်ကြသည့် မွေးမြူ ရေး၊ ရေလုပ်ငန်းနှင့် ကျေးလက် ဒေသ ဖွံ့ဖြိုးရေးဝန်ကြီး ဌာန ပြည် ထောင်စုဝန်ကြီး ဦးအုန်းမြင့်နှင့် ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဦးစဝ် အောင်မြတ်၊ ကော်မတီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ကော်မတီဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီး ဦးလှထွန်းက အမှာစကား ပြောကြားရာတွင် ကိုးကန့်သောင်း ကျန်းသူအဖွဲ့၏ အကြမ်းဖက်တိုက် ခိုက်မှုကြောင့် တည်ငြိမ်အေးချမ်းမှု ပျက်ပြားသွားသည့် ဒေသခံတိုင်းရင်း သား ပြည်သူများ၏ လူမှုစီးပွား အခြေအနေများကို ပြန်လည်ထူ ထောင်နိုင်ရေး ကူညီဆောင်ရွက် ပေးရန်အတွက် ဖွဲ့စည်းပေးထားသည့် အထောက် အကူပြု ကော်မတီဖြစ် ပါကြောင်း၊ တိုင်းရင်းသားညီအစ်ကို မောင်နှမများ အေးချမ်းစွာနေထိုင်ရာ မှ ကစဥ့်ကလျားဖြစ်သွား ခဲ့ရပါ ကြောင်း။
ပြည်သူများ၏ လူနေမှုဘဝ လုံခြုံရေး၊ တည်ငြိမ်အေးချမ်းစွာ နေထိုင်နိုင်ရေးနှင့် တရားဥပဒေ စိုးမိုးရေးကို သက်ဆိုင်ရာဒေသ အစိုးရအဖွဲ့တာဝန်ရှိသူများမှ မြန်မြန် ထက်ထက်တည်ငြိမ်အောင် ဆောင် ရွက်သွား ကြရမည် ဖြစ်ပါကြောင်း၊ ဌာနဆိုင်ရာများ အနေဖြင့် မိမိတို့ နှင့်သက်ဆိုင်သည့် ကဏ္ဍများအလိုက် ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ကို အမြန်ဆုံးနှင့် အထိရောက် ဆုံးဖြစ်အောင် လုပ်ဆောင်ကြရမည် ဖြစ်ပါကြောင်း။
အုပ်ချုပ်ရေး၊ ပညာရေး၊ ကျန်းမာ ရေးကဏ္ဍများတွင် တာဝန်ယူကြရ သည့် နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ကိုးကန့်ဒေသအတွင်း အုပ်ချုပ်မှုပိုင်း ဆိုင်ရာလုပ်ငန်းများ ပြန်လည် တာဝန် ထမ်းဆောင်နိုင်ရန်အတွက် စီမံဆောင်ရွက်သွားကြရမည်ဖြစ်ပါ ကြောင်း။
တိုင်းပြည်တည်ငြိမ်အောင်နှင့် ထာဝရငြိမ်းချမ်းရေးရအောင် ရည် မှန်းချက်ထားရှိ ဆောင်ရွက်နေစဉ် အတွင်း ကိုးကန့် ဒေသတွင်ဖြစ်ပွားသည့် ဖြစ်စဉ်သည် လွန်စွာဝမ်းနည်း ဖွယ်ရာကောင်းပါကြောင်း၊ ဌာန ဆိုင်ရာများ အနေဖြင့် မိမိဌာနအလိုက် ဆောင်ရွက်ပြီး၊ ဆောင်ရွက်ဆဲနှင့် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်း များကို ကော်မတီနှင့် ပူးပေါင်းပြီး ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို လက်တွေ့ကျကျ ဆောင်ရွက် သွားကြရန်လိုပါကြောင်းဖြင့် တိုက် တွန်းပြောကြားသည်။
ဆက်လက်၍ ကော်မတီဒုတိယ ဥက္ကဋ္ဌဝန်ကြီးချုပ် ဦးစဝ်အောင်မြတ် က ကိုးကန့်ဒေသ နယ်မြေအခြေ အနေများ၊ ကိုးကန့်ဒေသပြန်လည် ထူထောင်ရေး လုပ်ငန်းစဉ်များနှင့် ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက် ဆဲ၊ ဆောင်ရွက်ပြီးစီးမှုနှင့် ဆက်လက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းတင်ပြသည်။
ထို့နောက် ဌာနဆိုင်ရာများက မိမိတို့နှင့်သက်ဆိုင်သည့် ကဏ္ဍများအလိုက် လိုအပ်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း အစီအစဉ်များနှင့် ကော်မတီအဖွဲ့ ဝင်များက သက်ဆိုင်ရာပညာရေး၊ ကျန်းမာရေးကဏ္ဍများ၊ လုံခြုံရေး၊ ဆက်သွယ်ရေး၊ သယ်ယူပို့ဆောင် ရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို ရှင်းလင်းတင်ပြကြရာ ကော်မတီ ဥက္ကဋ္ဌ ပြည်ထောင်စု ဝန်ကြီးက ပေါင်းစပ် ညှိနှိုင်းပေးသည်။
ကော်မတီဥက္ကဋ္ဌက နိဂုံးချုပ်ပြောကြားရာတွင် ယနေ့အစည်း အဝေးသည် ကိုးကန့်ဒေသရှိ ဌာန ဆိုင်ရာရုံးများကို အမြန်ဆုံး ပြန်လည် ဖွင့်လှစ်ပေးနိုင်ရန်နှင့် ဒေသခံ များ၏ လူမှုစီးပွားဘဝကို ကူညီ ဆောင်ရွက်ပေးပြီး ဒေသကို ဦးမော့ လာအောင် ဆောင်ရွက်ကြရမည်ဖြစ် ပါကြောင်း။
စွန့်စွန့်စားစား တာဝန်ထမ်း ဆောင်ခဲ့သည့် နိုင်ငံ့ဝန်ထမ်းများကို မှတ်တမ်းတင်ထားမည်ဖြစ်ပါကြောင်း၊ အုပ်ချုပ်ရေးကိစ္စသည် လူသားတိုင်း မလွဲမသွေ ရင်ဆိုင်နေကြရပြီး ကိုးကန့် ဒေသတွင် တရားဥပဒေစိုးမိုးရေးနှင့် ဖွံ့ဖြိုးတိုးတက်မှုများ ရှိလာအောင် အမြန်ဆုံး ပြန်လည်ထူထောင်သွား ရမည်ဖြစ်ပါကြောင်းဖြင့် ပြောကြား သည်။
ထို့နောက် ပြည်ထောင်စုဝန်ကြီး နှင့်အဖွဲ့ဝင်များသည် သီရိမင်္ဂလာ မန်ဆူရှမ်းကျောင်းတိုက် ဆရာတော် အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ ပုညနန္ဒအား ဖူးမြော်ကြည်ညိုပြီး နိုင်ငံတော်သမ္မတကြီးမှ လှူဒါန်းသည့် ငွေကျပ်သိန်း ၃ဝဝအား ပြည်ထောင် စု ဝန်ကြီး ဦးလှထွန်းက ပေးအပ်လှူဒါန်း သည်။
ဆက်လက်၍ ပြည်ထောင်စု ဝန်ကြီးနှင့် အဖွဲ့ဝင်များသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနပိုင် ပစ္စည်းသိုလှောင်ရုံ များအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သတင်းရရှိသည်။ 

No comments:

Post a Comment