Saturday, March 7, 2015

အာဆီယံပြတင်းတစ်ပေါက်စနစ် မြန်မာနိုင်ငံတွင် အကောင်အထည်ဖော် ဆောင်ရွက်မည်


သတင်း-မောင်မောင်မြင့်ဆွေ
ဓာတ်ပုံ-ခင်ဇွန်ဇာလင်း
ရန်ကုန် မတ် ၆
နိုင်ငံတကာ ကုန်သွယ်မှုအဝန်း အဝိုင်းအတွင်းသို့ ဝင်ရောက်လာသည့် မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှု လုပ်ငန်းများ ပူးပေါင်းဆောင်ရွက် ရာတွင် အခြားအာဆီယံနိုင်ငံများ နည်းတူ လုပ်နိုင်ရန်လိုအပ်လာသည်။ အာဆီယံနိုင်ငံအချို့တွင် အာဆီယံ ပြတင်းတစ်ပေါက်စနစ်ကို အကောင် အထည်ဖော် ဆောင်ရွက်နေပြီဖြစ် ရာ မြန်မာနိုင်ငံတွင်လည်း လုပ်ကိုင် နိုင်ရေးအတွက် (၁၄)ကြိမ်မြောက် အာဆီယံပြတင်းတစ်ပေါက်စနစ် ဦးဆောင်ကော်မတီအစည်းအဝေးကို ရန်ကုန်မြို့ ဆီဒိုးနားဟိုတယ် မင်းတုန်း ခန်းမ၌ မတ် ၄ ရက်မှ ၆ ရက်အထိ ကျင်းပလျက်ရှိသည်။

အာဆီယံအဖွဲ့ဝင် နိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်ဆွေးနွေး လျက်ရှိသည့် ယခုအစည်းအဝေးကို တက်ရောက်လာသည့် အကောက်ခွန် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးထွန်းသိန်းက ''ပြတင်းတစ်ပေါက် စနစ်ဆိုတာဟာ အာဆီယံဒေသတွင်း ကုန်ပစ္စည်းစီးဆင်းမှု မြင့်တက်လာ စေရန် အကောက်ခွန်နဲ့ အခြား ဆက်စပ်နေသော စာရွက်စာတမ်း၊ အချက်အလက်တွေ ဆောင်ရွက်တဲ့ လုပ်ငန်းစဉ်ကို ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ခြင်းကြောင့် ကုန်သွယ်မှု လျင်မြန်လွယ်ကူ ချောမွေ့စေရေးကို မြှင့်တင်နိုင်တဲ့စနစ်တစ်ခု ဖြစ်ပါ တယ်'' ဟု ပြောသည်။
အာဆီယံ ပြတင်းတစ်ပေါက် စနစ်သည် အာဆီယံဒေသအား ယှဉ်ပြိုင်နိုင်စွမ်းကင်းမဲ့သည့် တစ်ခု တည်းသော ဈေးကွက်နှင့် ကုန်ထုတ် လုပ်မှုအခြေခံဒေသကြီး ဖြစ်လာစေ ရန် တီထွင်ထားသော ကြိုးစား အားထုတ်မှု တစ်ခုဖြစ်သည်။ ကုန် သွယ်မှု၊ အကောက်ခွန်ရှင်းလင်းမှု များကို တစ်နေရာတည်း၌ အချိန်တို အတွင်း တစ်ပြိုင်နက်ပြီးစီးဆောင်ရွက် နိုင်သည့် စနစ်လည်းဖြစ်သည်။
အာဆီယံ ခေါင်းဆောင်များက ၂ဝ၁၅ ခုနှစ်တွင် အာဆီယံစီးပွားရေး အသိုက်အဝန်း (AEC) ထူထောင်ရန် ကတိကဝတ်ပြုခဲ့ပြီးဖြစ်ရာ ထိုသို့ ထူထောင်ရာတွင် နိုင်ငံတော် ပြတင်းတစ်ပေါက်စနစ်များ၊ အာဆီယံ ပြတင်း တစ်ပေါက် စနစ်များကို အကောင်အထည်ဖော်ခြင်းနှင့် ထူထောင်ခြင်းတို့သည် အရေးကြီးသော လုပ်ငန်း များ ပင်ဖြစ်သည်။
မြန်မာနိုင်ငံတွင် နိုင်ငံတော် ပြတင်းတစ်ပေါက်စနစ်နှင့် အာဆီယံ ပြတင်းတစ်ပေါက် စနစ်များကို အကောင် အထည်ဖော် ဆောင်ရွက်ရာတွင် ထိရောက်အောင်မြင်စွာ လုပ်ကိုင်နိုင်ရန်အတွက် မြန်မာ အကောက်ခွန် အနေဖြင့် ပြီးပြည့် စုံသည့် ပြုပြင်ပြောင်းလဲခြင်းနှင့် ခေတ်မီစေရေး ဆောင်ရွက်ရာတွင် ကုန်ပစ္စည်း အလို အလျောက်ရှင်းလင်း ရေးစနစ်သစ်ကို အသုံးပြုရန် ဂျပန် အကောက်ခွန်က အဆိုပြုခဲ့သည်။
ဂျပန်နိုင်ငံအစိုးရက အကူအညီ ပေးကာ ငွေကြေးနှင့် နည်းပညာ အကူအညီတို့ဖြင့် ကုန်ပစ္စည်းအလို အလျောက် ရှင်းလင်းမှုစနစ်နှင့် မြန်မာ အကောက်ခွန်စနစ်တို့ အကောင်အထည်ဖော် ဆောင်ရွက် နေပြီဖြစ် သည်။ လက်ရှိအချိန်တွင် ယခု မတ်လအတွင်း အသေးစိတ် အစီအစဉ် ဒီဇိုင်းများ အပြီးသတ် ရေးဆွဲပြီး ယခုနှစ် ပထမလေးလပတ် အတွင်း စမ်းသပ်ရန်ရှိနေရာ ၂ဝ၁၆ ခုနှစ် ပထမလေးလပတ်အတွင်း စတင်အသုံးပြုရန် စီစဉ်ထားသည်။
ကုန်သွယ်မှု လွယ်ကူချောမွေ့ စေရေး ဆောင်ရွက်ရာတွင် ကုန် ပစ္စည်းအလိုအလျောက် ရှင်းလင်းရေး စနစ် (MACCS) အား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန၏ လိုင်စင်ထုတ်ပေးထားသော စနစ်၊ Port EDI စနစ်တို့နှင့် ချိတ် ဆက် ဆောင်ရွက်သွားမည်ဖြစ်သည်။ တစ်ဖန် အစားအသောက်နှင့် ဆေးဝါး အဖွဲ့အစည်း၊ တိရစ္ဆာန်သားငါးနှင့် အပင် ပိုးမွှားကာကွယ်ရေးအဖွဲ့ အစည်းများ ပါဝင်သော အစိုးရအဖွဲ့ အစည်းများနှင့်လည်း ချိတ်ဆက် ဆောင်ရွက်သွားမည်ဖြစ်သည်။
ဂျပန်နိုင်ငံက ယခုနှစ်စနစ်များ ကို ကူညီပေးရာတွင် ပထမဆုံးသော ဗီယက်နမ်နိုင်ငံကို အကူအညီပေးခဲ့ ပြီး ယခင်အတွေ့အကြုံများကို ရယူ ကာ မြန်မာနိုင်ငံကို ဆက်လက်အကူ အညီပေးခြင်းဖြစ်သည်။ ကုန်သွယ် မှုပြုလုပ်ရာတွင် အကောက်ခွန် ရှင်းလင်းရေးလုပ်ငန်းများ ကြာမြင့်မှု ကြောင့် ကုန်ပစ္စည်းများမှာ တစ်ရက် ကြာတိုင်း အခွန် တစ်ရာခိုင်နှုန်းပေး နေရပြီး ကမ္ဘာ့ကုန်သွယ်မှု၏ ၂ဝ ရာခိုင်နှုန်းမှာ ဆိပ်ကမ်းကုန်ပစ္စည်းများ ရှင်းလင်းရေးကိစ္စရပ်များ ကြာမြင့် လျက်ရှိနေသည်။
ယခုအာဆီယံပြတင်းတစ်ပေါက် ကုန်သွယ်မှုစနစ်ကြောင့် ဆိပ်ကမ်း ရောက် ကွန်တိန်နာတစ်လုံး ထုတ်ယူ မှုမှာ မိနစ် ၃ဝ ခန့်သာ ကြာမြင့်တော့ မည့် အနေအထားသို့ ရောက်ရှိလာအောင်ဆောင်ရွက်နေခြင်းဖြစ်သည်။ အာဆီယံ ဒေသတွင်း နိုင်ငံများတွင် စင်ကာပူ၊ ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဗီယက်နမ်နှင့် ဖိလစ်ပိုင် နိုင်ငံများမှာ အာဆီယံပြတင်းပေါက် စနစ်ကို အကောင်အထည်ဖော် ဆောင်ရွက်နေပြီဖြစ်သည့် နိုင်ငံများ ဖြစ်သည်။
ဘရူနိုင်းနိုင်ငံမှာ ယင်းစနစ်ကို တစ်ဝက်တစ်ပျက် အကောင်အထည် ဖော်ဆောင်ရွက်နေပြီး လာအိုနိုင်ငံ မှာလည်း အပြည့်အဝအကောင် အထည်ဖော်နိုင်ရေး ကြိုးစားလျက် ရှိသည်။ မြန်မာနှင့် ကမ္ဘောဒီးယား နိုင်ငံတို့မှာ မကြာမီ အကောင် အထည်ဖော် ဆောင်ရွက်နိုင်ရေး ကြိုးစားနေခြင်းဖြစ်သည်။

No comments:

Post a Comment