ဦးရဲထွဋ်၊ ပြည်ထောင်စုဝန်ကြီး
မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် လာရောက်ကျင်းပသော
နိုင်ငံတကာစာနယ်ဇင်းအဖွဲ့အစည်း (IPI) ၏ (၆၅) ကြိမ်မြောက် ကမ္ဘာ့ညီလာခံကို ရန်ကုန်မြို့ချက်ထရီ
ယမ်ဟိုတယ်၌ ယနေ့နံနက်ပိုင်းမှ စတင်ကျင်းပ လျက် ရှိသည်။
အဆိုပါညီလာခံသို့ နိုင်ငံတကာမီဒီယာအဖွဲ့အစည်း
အသီးသီးမှ ရှေ့ဆောင်မီဒီယာများ၊ အမှုဆောင်အယ်ဒီတာ နှင့် သတင်းအယ်ဒီတာများ၊ ထုတ်ဝေသူများ၊
သတင်းစာဆရာ များ၊ မြန်မာနိုင်ငံနယ်ပယ်အသီးသီးရှိ သတင်း မီဒီယာ လုပ်ငန်း လုပ်ကိုင်နေသူများ
တက်ရောက်ကြပြီး မီဒီယာလွတ်လပ်ခွင့်နှင့် မီဒီယာဖွံ့ဖြိုး တိုးတက်ရေး ဆိုင်ရာများကို
ဆွေးနွေး ကြမည်ဖြစ်သည်။ အဆိုပါ ညီလာခံမကျင်းပမီ မီဒီယာလွတ်လပ်ခွင့်အတွက် ဆွေးနွေးပွဲ
ကျင်းပရာသို့ လာရောက်လှုပ်ရှားမှုပြုလုပ်ခဲ့သော သတင်းမီဒီယာများ၏ ဆန္ဒသဘောထားများနှင့်ယင်းသို့
ဆန္ဒပြခြင်း အပေါ် ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ သဘောထားအမြင်များကို မြန်မာ့
သတင်းစဉ် သတင်းအဖွဲ့မှ စုစည်းဖော်ပြလိုက်ပါသည်။
ဦးကျော်ဇေယျာထွန်း (အယ်ဒီတာ)
မော်ကွန်းမဂ္ဂဇင်း
ဘာကြောင့် ဒီဟာလုပ်ရလဲဆိုရင် လက်ပံတန်း ဖြိုခွင်းမှုမှာ
မီဒီယာသမားအချို့၊ သတင်းထောက်အချို့ အရိုက် ခံရတယ်။ နှစ်ယောက်အဖမ်းခံရတယ်။ ဒီကိစ္စက
ကျွန်တော့်အမြင်မှာတော့ မီဒီယာဖိနှိပ်မှုတစ်ခုပဲ။ ဆိုလိုတာက မြန်မာနိုင်ငံမှာ ရေးချင်တာရေးလို့ရပြီ။
စာပေစိစစ်ရေးမရှိတော့ဘူးလို့ပြောတယ်။ ဟုတ်တယ်။ ဒါကို လက်ခံတယ်။ ကျွန်တော်တို့ သတင်းသွားယူတဲ့
အခါကျရင် အချက်အလက်မရတာရှိတယ်။ နောက်တစ်ခုက အခုလို ကိစ္စမျိုးပေါ့။ မီဒီယာကို ရိုက်လိုက်တယ်။
ဒီတော့ မီဒီယာဆိုရင် ရိုက်လို့ရတယ်ဆိုတဲ့ အသိတစ်ခုက လုံခြုံရေးတွေ ခေါင်းထဲကို ရောက်သွားတယ်။
ဒီလို အသိဟာ ၂ဝ၁၅ အထိပါသွားခဲ့ရင် ၂ဝ၁၅ မှာ မီဒီယာ လွတ်လပ် ခွင့်ဆိုတာဟာ ကျွန်တော်တို့အတွက်
မေးခွန်းထုတ်စရာ ဖြစ်သွားလိမ့်မယ်။
မဲရုံနားကို မီဒီယာသမားလာရင် လာရှုပ်တာလားပေါ့။
ဖွမှာလားဆိုပြီး သုံးတာရှိတယ်။ အဲဒါမျိုးတွေနဲ့ ကျွန်တော်တို့ အလွယ်တကူ သတင်းယူခွင့်ကို
ဟန့်တားတာ။ တားဆီးတာ နောက်ဆုံးရိုက်နှက်တာထိ လုပ်လို့ရ တယ်ဆိုတာမျိုး လုပ်လာရင် ဒါဟာ
မီဒီယာ လွတ်လပ်ခွင့်ကို ဖိနှိပ်တာပဲ။ ပြည်သူရဲ့ သိရှိပိုင်ခွင့်ကို ဖိနှိပ် လိုက်တာပဲလို့
ကျွန်တော်ကတော့ ရှုမြင်တယ်။
နှစ်ပေါင်း ၂ဝ ကျော်ကြာ ကျွန်တော်တို့ စာပေ
စိစစ်ရေး အောက်မှာနေခဲ့ရတယ်။ ဘာမှကျွန်တော် တို့က သိပိုင်ခွင့်မရှိဘူး။ အားလုံးက ကောင်းပါသည်ပဲ။
တကယ်တမ်းကျတော့ ပြည်သူတွေ ဒုက္ခအမျိုးမျိုးကို ခံစား နေရတယ်။
အခုကျွန်တော်တို့ လွတ်လပ်လာတယ်။ မီဒီယာက ရေးဖို့
ကြိုးစားတယ်။အခုလိုမျိုး တားဆီးတာဟာ ပြည်သူတွေအနေနဲ့ သိခွင့်ရှိတာတွေမသိဘဲနဲ့ မျက်စိပိတ်
နားပိတ်ဖြစ်သွားမယ်။ မလွတ်လပ်တဲ့ အဖွဲ့အစည်း တစ်ခုမှာ သတင်းတွေကို ထိမ်ချန်ထားရင် သို့လောသို့
လောနဲ့ သံသယတွေများမယ်။ ပဋိပက္ခတွေဖြစ်မယ်။ ဒါဟာပွင့်လင်းမြင်သာမှု မရှိခြင်းရဲ့ နောက်ဆက်တွဲ
ဆိုးကျိုးတွေပေါ့။
ဒီပွဲက နိုင်ငံတကာပွဲ။ ဒီတော့ နိုင်ငံတကာက
မီဒီယာသမားတွေ၊ မီဒီယာနဲ့ဆက်စပ်တဲ့ အဖွဲ့အစည်းတွေ လာကြတယ်ဆိုတော့ ဒီအဖွဲ့အစည်းတွေ အနေနဲ့က
မြန်မာနိုင်ငံမှာဖြစ်နေတဲ့ မီဒီယာရဲ့ အခင်းအကျင်းကို တွေ့သွားမယ်။ အစိုးရဘက်က မီဒီယာလွတ်လပ်ခွင့်
ရှိပါတယ် ပြောနေပေမယ့် လက်ရှိ မြေပြင်မှာ ဖြစ်နေတဲ့ အနေ အထားကတော့ ဒါပဲ။ စစ်မှန်တဲ့
မီဒီယာလွတ်လပ်ခွင့် ကျွန်တော်တို့မှာ မရသေးဘူး။
ဒီနေ့ ကျွန်တော်တို့ ဗီနိုင်းကိုင်တယ်။ ဂျာနယ်တွေဝေတယ်။
မြန်မာပို့စ်ဂျာနယ်။ အဲဒီမှာ ဘာပါလဲဆိုရင် ကျွန်တော်တို့က မီဒီယာလွတ်လပ်ခွင့်မရသေးပါဘူးတဲ့။
နောက်ပြီးတော့ စတစ်ကာတွေဝေတယ်။ကျွန်တော် တို့က ဒီပွဲကိုလာပြီး ဆန္ဒပြတာ၊ ကန့်ကွက်ရှုတ်ချတာ
မဟုတ်ဘူး။ကျွန်တော်တို့သည် မီဒီယာလွတ်လပ်ခွင့်ကို ရချင်တဲ့အတွက် ဒီပွဲကလည်း မီဒီယာလွတ်လပ်ခွင့်ကို
ဖော်ဆောင်နေတဲ့ ပွဲဖြစ်တဲ့အတွက် မီဒီယာ လွတ်လပ်ခွင့်ကို လာတောင်းဆိုတာ။ မီဒီယာလွတ်လပ်ခွင့်အတွက်
လာလှုပ်ရှားတာပါ။
ဦးဝင်းဇော်နိုင် (အယ်ဒီတာ)
ကျွန်တော်က အခုလက်ရှိမှာ မြစ်မခသတင်းအေဂျင်စီမှာ
သတင်းအယ်ဒီတာ။ အခု ဒီကိုလာတာကတော့ မြစ်မခနဲ့မဆိုင်ဘူး။တစ်ဦးချင်းစီရဲ့ ပုဂ္ဂလိက ဆန္ဒနဲ့လာတာ။
ဒီနေ့ လှုပ်ရှားမှုမှာ ကျွန်တော်တို့ နိုင်ငံတကာ သတင်းဌာနကလူတွေနဲ့ ဦးရဲထွဋ်ကို ကျွန်တော်တို့
ပြောတယ်။ အဓိကက ကျွန်တော်တို့ မီဒီယာတွေ ဖိနှိပ်ခံနေရ တယ်။ ဒါကို ကျွန်တော်တို့က တစ်ကမ္ဘာလုံးကို
သိစေ ချင်တယ်။ ကျွန်တော်တို့ မီဒီယာဖိနှိပ်မှုတွေ ရပ်ဖို့အတွက် အားလုံးကို ဒီပွဲမှာတောင်းဆိုစေချင်တယ်။
အဓိက ရည်ရွယ်တာက မီဒီယာ ဖိနှိပ်ခံနေရတယ် ဆိုတာကို သိစေချင်လို့ လာပြီးတော့လုပ်တာ။
ကျွန်တော်တို့ အတွင်းထဲက အခမ်းအနားမှာ ဘာမှမလုပ်ပါဘူး။
ကျွန်တော်တို့ ဒီအဝင်မှာ စတေကာ လောက်ပဲ ဝေခွင့်ရှိတယ်။ ဒီပွဲကိုလာတဲ့သူတွေမေးရင် ဖြေမယ်။
လိုအပ်ရင်ရှင်းပြမယ်။ ဟိုတယ်ရဲ့ အပြင်ဘက်မှာတော့ အဖွဲ့လိုက်ဆန္ဒဖော်ထုတ်တယ်လို့ ပြောလို့ရပါတယ်။မီဒီယာဖိနှိပ်မှုကို
ရပ်ဖို့ အခြားသူတွေ ဒီပွဲကိုလာတဲ့ သူတွေသိဖို့ပါ။
ကိုအံ့မင်းညို (အလွတ်သတင်းထောက်)
သူတို့ မီဒီယာတွေ လုံခြုံအောင် ဘယ်လိုလုပ်ဆောင်
ပေးမလဲ ဆိုတာကို အဓိကထားပြီး ဆွေးနွေးဖို့ပဲ လိုအပ်ပါတယ်။ ကျွန်တော်တို့ ဒီနေ့မီဒီယာတိုက်ခိုက်မှုရပ်
ဆိုတဲ့စာရွက်တွေ လိုက်ဝေတယ်။ အလုပ် သမားဆန္ဒပြ မှုမှာလည်း အရိုက်ခံရတယ်။ လက်ပံတန်းမှာ
တကယ်အရိုက်ခံခဲ့ရတယ်။ မြန်မာပို့စ်က ဆိုရင်လည်း တကယ်ထောင်ကျခဲ့တယ်။ ကျွန်တော်တို့ မီဒီယာတွေအတွက်
လုံခြုံမှုတစ်ခုရှိဖို့ ဒီမှာလာရောက် ဆွေးနွေးတဲ့သူတွေ သိအောင်လို့ပါ။ ဒါဟာ ဆန္ဒထုတ်ဖော်မှု
မဟုတ်ပါဘူး။ သိအောင်ဝေမျှပေးတဲ့ သဘောပါ။
ဦးရဲထွဋ်
ပြည်ထောင်စုဝန်ကြီး
အခုလို ဆန္ဒဖော်ထုတ်တဲ့အတွက် ဝမ်းသာပါတယ်။ ဘာလို့လဲဆိုတော့
မြန်မာနိုင်ငံမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ရှိနေတယ်၊ မြန်မာနိုင်ငံရဲ့ မီဒီယာလောကက
လွတ်လပ်ပွင့်လင်းလာတယ်ဆိုတာကို နိုင်ငံ တကာက လာတဲ့သူတွေကိုလိုက်ပြီး ပြောပြနေစရာမလိုတော့ဘူး။သူတို့ရဲ့
လုပ်ရပ်က သက်သေပြရာ ရောက်တဲ့အတွက် ကျွန်တော်က ကျေးဇူးတင်တယ်။
ဒုတိယတစ်ချက် အနေနဲ့က စာနယ်ဇင်းသမား တွေရဲ့လုံခြုံရေးနဲ့ပတ်သက်ပြီး
သူတို့ရဲ့ စိုးရိမ်ပူပန်မှုကို ကျွန်တော်တို့ အသိအမှတ်ပြုတယ်။လက်ပံတန်းဖြစ်စဉ်နဲ့ပတ်သက်ပြီး
ဘယ်နေရာတွေမှာ အားနည်း ချက်ရှိ သလဲဆိုတာ လေ့လာရမယ်။ ရဲတပ်ဖွဲ့က ဆောင်ရွက်သွားတဲ့ လုပ်ငန်းစဉ်တစ်ခုလုံးအနေနဲ့က
မမှားဘူး။ ရဲတပ်ဖွဲ့ဝင်တစ်ဦးချင်း အနေနဲ့ကတော့ လုံလောက်သော အင်အားသုံးခြင်းနဲ့ အလွန်အကျွံအင်အားသုံးခြင်း
ကြားမှာ ကျော်လွန်မှုတွေရှိနိုင်တယ်။ ဒါကိုပြန်ပြီး သုံးသပ်ရမယ်။ သုံးသပ်ပြီးရင် လိုအပ်တဲ့လေ့ကျင့်မှု
တွေ ပြန်လုပ်သင့်ရင်လုပ်ရမယ်။ ရဲတပ်ဖွဲ့ဝင်တစ်ဦးချင်း ကိုလည်း ပညာပေးဆွေးနွေးမှုတွေ
လုပ်ရမယ်။ ဘာ့ကြောင့်လဲဆိုတော့ တစ်ပတ်လောက်နီးနီး အမျိုးမျိုးစတာ၊ နောက်ပြောင်တာ၊ အချို့က
ထိကပါးရိကပါး ပြောတာတွေနဲ့ စော်ကားရာရောက်တဲ့ အသုံးအနှုန်းတွေရှိမယ်။ ဒါမျိုးတွေကို
ရင်ဆိုင်လာရတဲ့ တပ်ဖွဲ့ဝင် တစ်ယောက်ဟာ သူ့ရဲ့ခံစားချက်နဲ့ လုပ်ငန်းတာဝန်ကို ဘယ်လောက်ခွဲခြားနိုင်မလဲဆိုတာကို
ပြန်ပြီး သင်ကြားပေးရမယ်။ သင်္ကြန်ပြီးတဲ့ နောက်ပိုင်းမှာ ဒီကိစ္စကို သက်ဆိုင်ရာဝန်ကြီးဌာနတွေနဲ့
စာနယ်ဇင်း အဖွဲ့အစည်း တွေကြားထဲမှာ ဆွေးနွေးပွဲ တစ်ခုလုပ်ဖို့ စီစဉ်နေတယ်။
တတိယအချက်က လက်ပံတန်းဖြစ်စဉ်နဲ့ ပတ်သက်လို့
နိုင်ငံတကာ အစည်းအဝေးကြီးတစ်ခုကို သပိတ်မှောက် တယ်လို့ သူတို့ပြောတယ်။ ဒါပေမယ့် တကယ်တော့
IPI က စာနယ်ဇင်းလွတ်လပ်ခွင့်အတွက် နှစ်ပေါင်း (၆၅) နှစ်ကျော် လုပ်လာခဲ့တဲ့အဖွဲ့အစည်း
ဖြစ်ပြီး ဒီနေ့နဲ့ မနက်ဖြန်ဆွေးနွေးမယ့်အစီအစဉ်တွေ ကို ကြည့်လိုက်ရင် မြန်မာမီဒီယာလောကမှာ
ရင်ဆိုင်နေရတဲ့ ပြဿနာတွေအားလုံးကို ဆွေးနွေးတာဖြစ်ပါတယ်။ ဒီပွဲကို တက်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့
အခြေ အနေတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာက ကျွမ်းကျင်သူ တွေကို လည်းမေး ခွင့်ရမယ်။ တခြားနိုင်ငံတွေမှာ
ဘယ် လိုလုပ်နေတယ်ဆိုတာကို မေးခွင့်ရမယ်။ကျွန်တော်လည်း တောက် လျှောက် တက်နေတာဖြစ်တဲ့အတွက်
ကျွန်တော့်ကိုလည်းမေးခွန်းမေးခွင့်ရမယ်၊ အဲဒီ့အခွင့် အရေးကို လက် လွှတ်ခံပြီး ဆန္ဒပြရုံသက်သက်
လုပ်တဲ့အတွက် သူတို့ဆုံးရှုံးသွားတဲ့ အခွင့်အရေးအတွက် ကျွန်တော်က စိတ်မကောင်း ဖြစ်မိပါတယ်။
မြန်မာ့သတင်းစဉ်(သတင်းအဖွဲ့)




No comments:
Post a Comment